မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၁ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၁ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁လမ်းပေါ်ကနေ စင်မြင့်ပေါ်တက်ကြဖို့ ၊ တိုင်းပြည်ကို မြောင်းထဲကနေ ကိုယ်ထူမှ ကိုယ်ထ ဆွဲတင်ကြဖို့ ....
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှာ လမ်းပေါ်က လူထုနဲ့ လူငယ်ထုရဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ ဝန်ထမ်းသပိတ်ဖော်ဆောင်မှုတွေ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်တာကို တွေ့ရပါတယ်။ မြန်မာတပြည်လုံးက အစိုးရဝန်ထမ်း တော်တော်များများကလည်း လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ရင်းနဲ့ သပိတ်မှောက်ပြီလို့ အတည်ပြုပြောကြားလိုက်ကြပါတယ်။အာဏာသိမ်း စစ်အုပ်စုကတော့ UEC ရွေးကော် အဖွဲ့ဝင်တွေ ခေါင်းဆောင်တွေ ဖမ်းဆီးခြင်း၊ NLD ပါတီက အစိုးရ လွှတ်တော် ပါတီဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ခြင်းတွေ တိုးပြီး လုပ်လာပါတယ်။ စစ်တပ်နဲ့ သပိတ်မှောက် ချီတက်သူတွေ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်လွှဲနေကြပေမယ့် များမကြာခင်မှာ ထိပ်တိုက်ရင်ဆိုင်ကြရဦးမှာတော့ သေချာပါတယ်။
နက်ဖြန် ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာလည်း တပြည်လုံး အထွေထွေသပိတ်ကြီး ဆင်နွဲကြဦးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အထိမ်းအမှတ် ပြည်သူတွေက ဘယ်လိုမျိုး သင်္ကေတ အသွင်သဏ္ဍန် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ကြမလဲဆိုတာ စောင့်ကြည့် စိတ်ဝင်စားမိပါတယ်။
သည်အချိန်မှာ သွေးနဲ့ခင်းရတဲ့ အတိတ်က ဒီမိုကရေစီအရေးတော်ပုံ အဆင့်ဆင့်ကို ဖြတ်ခဲ့ရတဲ့ မျိုးဆက်ဟောင်းတွေကတော့ အတိတ်က သင်ခန်းစာနဲ့ ဖြစ်ရပ်များ လုပ်ရပ်များကို ပြန်ဆင်ခြင်ပြီး ယနေ့ ပစ္ဈပ္ပန်နဲ့ နက်ဖြန် အနာဂတ်အတွက် ဘယ်လိုဆက်ပြီး ပေးဆပ်ကြရမလဲကို စဉ်းစားနေကြပါတယ်။ ထုတ်ဖော်ပြောဆိုနေကြပါတယ်။
လူထု၏ ညီညွတ်မှု ပြိုကွဲအောင် ဖြိုခွဲပြီးပြီ ဆိုတာနဲ့ စစ်အာဏာရှင်တွေနဲ့ နောက်လိုက်တွေဟာ နိုင်ငံတော် သရဖူကို ဆောင်းကြတော့တာပဲ။ ပြည်သူတွေရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးပြီး ကျန်ရစ်သူတွေကို ကျေးကျွန်များ ခိုင်းနွားများသဖွယ် အနိုင်ကျင့် ရက်စက်စော်ကားကြတော့တာပါပဲ။ နောင်တခါ ပြန်မလှန်ရဲအောင် ဦးချိုးပစ် ဖျက်ဆီးပစ်ကြတော့တာပါပဲ။ သည်လိုမျိုး အကျည်းတန်သော ဖြစ်ရပ်များ လုပ်ရပ်များကို အနှစ် ၃၀ ကျော်၊ ပြည်တွင်းစစ်ကိုပါ ထည့်တွက်ရင် အနှစ် ၇၀ ကျော် ပြည်သူတွေ ခါးစီးပြီး ရုန်းကန်နေခဲ့ကြပြီး ဖြစ်ပါတယ်။ အခုလည်း လူငယ်မျိုးဆက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ရင်ကော့ ခေါင်းမော့ပြီး တော်လှန်တိုက်ပွဲဝင်နေကြပါတယ်။
သည်တခေါက်မှာတော့ဖြင့် သပိတ်မှောက်ပြည်သူတွေဟာ ဝန်ထမ်းသပိတ်ကြီးနဲ့ စစ်အာဏာရှင်ကို ရိုက်ချိုးနိုင်ဖို့ စည်းရုံးအားပေး လှုံ့ဆော်နေရင်းကနေ နောက်တဆင့်အဖြစ် လမ်းပေါ်ကနေ စင်မြင့်ပေါ်သို့ တက်ကြဖို့ အချိန်ရောက်နေပြီလား လို့ တွေးတော မိပါတယ်။
၈၈ အရေးတော်ပုံမှာ အထွေထွေသပိတ်ကြီးနဲ့ အစိုးရကို ရိုက်ချိုးပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူငယ်ခေါင်းဆောင်တွေ ကျောင်းသားခေါင်းဆောင်တွေ သပိတ်ခေါင်းဆောင်တွေဟာ နေရာ ဒေသ အသီးသီးမှာ လူထုစည်းဝေးပွဲကြီးတွေ စုစည်းခေါ်ဆိုပြီး လူထု၏ တောင်းဆိုချက်များကို တခဲနက် အတည်ပြု ဟစ်ကြွေး သတ်မှတ်ခဲ့ကြပါတယ်။
အဲသည်တုန်းက - (၁) မဆလတပါတီ အာဏာရှင်စနစ် ဖျက်သိမ်းရေး (၂) ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး (၃) ဒီမိုကရေစီစနစ် ထူထောင်ရေး တို့ ဖြစ်ပါတယ်။
ယခုလည်း - အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်တဲ့
(၁) ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင် များအားလုံးနဲ့ ဖမ်းဆီးခံပြည်သူများအားလုံး ချက်ချင်း ပြန်လွှတ်ပေး
(၂) ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြု
(၃) နိုင်ငံတော်အာဏာကို ပြည်သူ့ထံသို့ ပြန်လည် အပ်နှင်း
ဆိုတာကို အခြေခံမူအားဖြင့် ရပ်တည် တောင်းဆိုကြောင်း နိုင်ငံတဝှမ်းက လူထုအစည်းအဝေးကြီးများကနေ ဆုံးဖြတ်ချက်ချ အတည်ပြု ကြေညာကြရပါမယ်။ အခုအချိန်ထိ လူထုစည်းဝေးပွဲကြီးတွေ ကျင်းပခြင်း၊ ဟောပြောခြင်း၊ အဆိုတင်သွင်းခြင်း၊ လူထုက တခဲနက်ထောက်ခံ အတည်ပြုခြင်းများ မဖော်ဆောင်ရသေးပါဘူး။
အဲသည်အတွက် လက်ရှိ ၂၀၂၀ လွှတ်တော်ကိုယ်စားပြုကော်မီတီကို အသိအမှတ်ပြုပြီး တပ်မတော်က အမြန်တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ပြည်သူလူထုကြီးတရပ်၏ သဘောထား ပေးကြရပါမယ်။ နောက်တပါတည်း မိမိတို့ကို လမ်းပေါ်မှာ ဦးဆောင်မှုပေးနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင်တွေကိုလည်း အသိအမှတ်ပြုပြီး လိုအပ်ပါက ဆက်လက် တိုက်ပွဲဖော်ဆောင်ဖို့ တောင်းဆိုကြရပါမယ်။
အာဏာသိမ်းစစ်အုပ်စုနဲ့ စစ်ခေါင်းဆောင်တွေက အခုလို ငြိမ်းချမ်းတဲ့နည်းနဲ့ စေ့စပ်တဲ့ အဖြေကို မရှာနိုင်ဘူးဆိုရင် ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ကိုယ်ထူကိုယ်ထ လုပ်ကြရမယ့် တိုင်းပြည်အဖြစ် ခံယူကြဖို့ပဲ ရှိပါတယ်။ စစ်အုပ်စုကို မျော်လင့်နေလို့ မရတော့ပါဘူး
သည်တော့ - ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားတိုင်း ဘ၀အာမခံချက်ရှိရှိ သာယာ၀ပြောစေရေး ထာ၀ရတည်တံ့ဖို့ (၁) ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး (၂) ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အာမခံမယ့် အခြေခံဥပဒေသစ် ရေးဆွဲရေး (၃) အဆိုပါဒီမိုကရေစီဖြစ်စဉ် ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ လက်ရှိ ဒီမိုကရေစီအရေး တက်ကြွစွာ စွန့်စားဆောင်ရွက်နေသူများ ခေါင်းဆောင်များ ကိုယ်စားလှယ်များနဲ့ လူထုကောင်စီတရပ်ကနေ ဖော်ဆောင်နိုင်ရေး အထိကို တောင်းဆိုကြသင့်ပါတယ်။
အဲသည်အချိန်မျာ ပြည်သူတွေဟာ မိမိတို့ ရပ်ရွာ မြိ့ပြ ကျေးရွာတွေကို တစိတ်တည်း တဝမ်းတည်း စည်းလုံး ညီညွတ်စွာနဲ့ ကာကွယ်ရေး စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့ကြ ချိတ်ဆက်ကြပြီး ရှေ့ကို တိုးကြဖို့သာ ရှိပါတယ်။ သည်အချိန်မှာ ပြည်သူတွေဘက်က ရပ်တည်လာမယ့် ဒီမိုကရေစီကို လိုလားသော အာမခံချက်ပေးသော လက်နက်ကိုင်ပြည်သူ့စစ်များ ပြည်သူ့တပ်မတော်သားများကို လက်ကမ်းကြိုဆို ဆွဲခေါ်ကြဖို့သာ ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုကြီး၏ သဘောထား၊ ပါတီ၏ သဘောထား၊ လူငယ်မျိုးဆက် တက်ကြွလှုပ်ရှားသူ အားလုံး၏ သဘောထား၊ CDM က ပေါက်ဖွားလာတဲ့ အထွေထွေ ဝန်ထမ်းသပိတ်ကြီး၏ သဘောထားကို လက်ခံပြီး ပြတ်သားစွာ ဦးဆောင်မှု ပေးလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။
(MoeMaKa Media)