Breaking News

မောင်ကျော်မော် - လူထုလှုပ်ရှားကြီး ဒီထက်ပိုပြီး အင်အားနဲ့ အရှိန်အဟုန် မြင့်တင်ကြဖို့ပါ


 

မောင်ကျော်မော် - လူထုလှုပ်ရှားကြီး ဒီထက်ပိုပြီး အင်အားနဲ့ အရှိန်အဟုန် မြင့်တင်ကြဖို့ပါ 

(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၂၁


အခု အချိန်ကာလက ရဲဘော်မိတ်ဆွေတွေဆီက တိုက်ရိုက်သတင်းကပဲ နှိုင်းယှဉ်ချက်အရ ခိုင်လုံပါတော့တယ်။ ကျန်တာတွေက အန္တရယ်များပါတယ်။ ဟုတ်သလား/မဟုတ်ဘူးလား အလွယ်တကူ ခွဲခြားရခက်ခဲတဲ့ကာလမျိုးမဟုတ်ပါလား။
 

- "ရန်ကုန်လေဆိပ်မှာ UN က အထူးစေ့စပ်ညှိနှိုင်းရေး လေယာဉ်ဆင်းပြီ- အာဆီယံလူကြီးလာပြီ” ဆိုတဲ့ ‘သတင်း’ကို တင်ပြမှုမျိုးစုံနဲ့ ကြားရဖတ်ရပါတယ်။
 

၁။ ကျနော်စဉ်းစားမိတဲ့ ပထမဆုံးအချက်က ဒီသတင်းကြောင့် လက်ရှိ တပြည်လုံးမှာ အရှိန်အဟုန်ကောင်းကောင်း နဲ့ ဒီလှိုင်းကြီးများပမာ စီးဆင်းလာနေတဲ့ လူတန်းစားလူ့အလွှာအသီးသီးပါဝင်တဲ့ (CDM) လှုပ်ရှားမှုကြီး အရှိန် အဟုန် ပျော့သွား၊ လျော့သွားမှာကို စိုးရိမ်တဲ့အချက်ပါပဲ။
 

၂။ ဒုတိယအချက်က ‘သူတို့’ ကာလတစ်ခု အခြေအနေတစ်ရပ်မှာ စေ့စပ်ကြလိမ့်မယ်ဆိုတာကို စဉ်းစားမိပါတယ်။ ဒီချုပ်ပါတီဘက်ကို ကြည့်ရင် သူတို့ဟာ ပြည်သူလူထုအင်အားနဲ့ တိုက်ပွဲဆင်တာထက် - လူပုဂ္ဂိုလ် ယုံကြည်ကိုး စားမှုကို အထက်သို့မြင့်တင်ထားပြီး အပေးအယူနဲ့ ညှိနှိုင်းစေ့စပ်ရေး ဘက်သန်သူတွေ ဖြစ်ပါတယ်။ ဒီလို အကဲဖြတ် ရတာ ၁၉၈၈ ကနေ ဒီကနေ့အထိ သူတို့ပါတီရဲ့ပေါ်လစီမူဝါဒသဘောထားတွေနဲ့လက်တွေ့လှုပ်ရှားမှု အပေါ် ကနေ ပြောတာပါ။
 

၃။ တတိယအချက်ကတော့ ၂ ဖက်စလုံးက “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ စည်းဝိုင်းထဲကပဲ ပြဿနာကို ကိုယ် သန်ရာ သန်ရာ ရှုထောင့်ကနေ ပြောနေကြတဲ့အချက်ပါ။ ဒါကလည်း ဥပဒေဘောင်တွင်းတိုက်ပွဲ ရဲ့ အကန့်အသတ် တစ်ခု မဟုတ်လား။ ဒီမှာလည်း “တရားဥပဒေ” ဆိုတာအပေါ် သဘောထားပုံက ဒီချုပ်နဲ့ စစ်အုပ်စု အကြား ခြားနားတာကို သတိထားမိပါတယ်။ စစ်အုပ်စုက “၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲ ဥပဒေအရပ်ရပ်”ရဲ့ အထက်မှာ ‘စစ်အုပ်စုရှိတယ်’ ဆိုတာကို ပါးစပ်က ထုတ်မပြောပေမယ့် ပြီးခဲ့တဲ့ ‘ဖေဖေါ်ဝါရီလ ၁ ရက်’ လက်တွေ့နဲ့ အထင်အရှားပြသခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ဥပဒေဆိုတာ စစ်အုပ်စုနဲ့သူတို့ကိုင်ထားတဲ့ သေနတ်ပဲ။ ဒါ လက်တွေ့က ပြသခဲ့တဲ့ အမှန်တရားပဲ။ ဒါကို ကိုမင်းကိုနိုင်က အခုလို မှန်ကန်ရှင်းလင်းစွာ ပြောခဲ့ပြီလေ။
 

- “ဘယ်သူမှမလုံခြုံဘူး၊ ဘာအာမခံချက်မှ မရှိဘူး၊ ဘာဖြစ် သွားမယ် ဆိုတာကို ဘယ်လိုမှ မမျှော်မှန်းနိုင်ဘူး၊ လက်နက်သာလျှင် ဥပဒေ၊ လက်နက်သာလျှင် တရားစီရင်ရေး ဖြစ်နေပြီ” တဲ့။
 

လက်တွေ့ကြည့်ပါ။ မနေ့တစ်နေ့ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာကို ရတယ်ဆိုတဲ့ “နိုင်ငံတော် သမ္မတ ကြီး ဦးဝင်းမြင့် လိုလူတောင် ဘာလုံခြုံမှု၊ ဘာအာမခံချက်မှမရှိဘဲ ‘သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ နဲ့’ စွဲချက် တင်ပြီး တရားခံလို့ သုံးနှုန်းခံနေရရှာတယ်။ ဖမ်းချုပ်ခံထားရတယ်မဟုတ်ပါလား။
 

ပြည်သူများက အင်မတန်ချစ်ခင်လေးစားအားကိုးယုံကြည်ကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ခြွင်းချက် မဟုတ်ခဲ့ပါ။ ‘ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့’ တရားခံစာရင်းသွင်းပြီး ဖမ်းချုပ်ထားတာကို ခံနေရပါတယ်။
ဒီလက်တွေ့နဲ့ဒီဖြစ်ရပ်က စစ်အုပ်စုရဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ဘာလုံခြုံမှုမျှမရှိ ဘာအာမခံချက်မှ မရှိဘူး ဆိုတာကို ပြည်တွင်းပြည်ပသို့ အထင်အရှားအပေါ်လွင်ဆုံး ပြသလိုက်တာပါပဲ။ 

သမ္မတလို၊ အတိုင်ပင်ခံပုဂ္ဂိုလ်လို ထိပ်သီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေလို အစိုးရအဖွဲ့ဝင်တွေတောင် ကြက် ကလေး ငှက်ကလေးများသဖွယ် ဖမ်းပြီးချုပ်ပြီး ထင်ရာလုပ်နိုင်တယ်ဆိုတဲ့ စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ကျန်တဲ့ တစ်ဦးချင်း ပြည်သူတွေအဖို့ ဘာများတတ်နိုင်မှာလဲ။
 

စစ်အုပ်စုက မလိုလား မကျေနပ်ရင် ‘ပြည်သူ့ဆန္ဒ(ဝါ) ရွေးကောက်ပွဲရလဒ်’ ဘယ်လိုပဲရှိရှိ အသိအမှတ်မပြုဘဲ နေ နိုင်တယ်၊ ဖျက်ပစ်နိုင်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ရဲ့ဥပဒေနဲ့အညီ ဆောင်ရွက်ချက်တွေကိုပင် ထင်သလို ဖျက်သိမ်းပစ်နိုင်တယ်ဆိုတာ ‘ဖေဖေါ်ဝါရီ ၁ ရက်နေ့’က ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အာဏာသိမ်းလက်တွေ့ က အထင်အရှား သင်ကြားပြသနေတယ်မဟုတ်ပါလား။
 

ဒီလို အာဏာသိမ်းစစ်အုပ်စုရဲ့ တစ်ဖက်သတ်ဗိုလ်ကျ အနိုင်ကျင့်ယုတ်မာမှုတွေကို ကမ်းကုန်အောင်ပြုနေတာကို ပြည်တွင်းပြည်ပက အတိုင်းသားမြင်ကြရပြီး ခံပြင်းမှုအဟုန်ပြင်းစွာနဲ့ ထကြွ တွန်းလှန်နေကြသော်လည်း အချို့ အချို့သော သူများနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအချို့ဟာ အာဏာသိမ်းစစ်ကောင်စီ(SAC)ရဲ့ အောက်ကို နှစ်ခါ မခေါ်ရဘဲ အမြီးကလေး နန့် ပြီး တိုးဝင်သွားကြလေတယ်။
 

အဲဒီလို တည်ဆဲဥပဒေမှန်သမျှကို ဗြောင်အကျဆုံး အမောက်မာဆုံး ချိုးဖောက်ပြီး ထင်ရာလုပ်တဲ့ ကာချုပ် ဗိုလ်မင်း အောင် လှိုင်စစ်အုပ်စုကို ‘တန်းတူရေး - ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဆိုတာကို အသံကုန်ဟစ်ခဲ့ကြတဲ့ ရခိုင်အမျိုးသားပါတီ (ANP)၊ မွန်ညီညွတ်ရေးပါတီ(MUP)နဲ့ အခြားတစ်ဦးချင်းသော ‘တိုင်းရင်းသားလူမျိုးစု’ ဆိုသူများက အတူပူးပေါင်းလုပ်ကိုင်ကြမယ် လို့ ဆိုပြီး အာဏာသိမ်းကောင်စီ (SAC) ထဲ ဝင်သွားကြတဲ့ သင်တို့သဘောထားနဲ့ လုပ်ရပ်ကို ကျနော်တို့ ပြည်သူတစ်ရပ်လုံး က စွဲစွဲမြဲမြဲမှတ်တမ်းတင်ထားမှာပါ။ သင်တို့ဟာ သင်တို့သဘောထားသင်တို့အပြုအမူနဲ့ပဲ သင်တို့ကိုယ်သင်တို့ ဖော်ပြခဲ့ကြပြီ မဟုတ်လား။
 

ဒါကြောင့် ဒီလိုအနေအထားမျိုးမှာ ၂၀၀၈ အခြေခံဥပဒေ ကို ‘အဖုံးကနေ စပြီးတစ်အုပ်လုံးပြင်မယ်’ လို့ကြွေးကြော် ဖူးတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အနေနဲ့လည်း ဒီပြည်သူ့လှုပ်ရှားမှုကြီးမှာ တစ်တပ်တစ်အား တက်ကြွစွာ ပါဝင်ဦးစီးစေချင်ပါတယ်။ ပါဝင် ဦးစီးပါလို့ အလေးအနက် တိုက်တွန်းပါတယ်။
 

၄။ စတုတ္တအချက်ကတော့ အောင်ပွဲနဲ့ ရလဒ်ဆိုတာကို အဲဒီတိုက်ပွဲကို ဦးဆောင်နေတဲ့အဖွဲ့နဲ့ ကိုင်စွဲထားတဲ့ အတွေး အခေါ်အပါအဝင် တိုက်ပွဲမှာပါဝင်လာတဲ့ အင်အားထုထည်က ဆုံးဖြတ်ပါတယ်။ စစ်ရေးမှာတော့ ပြောက်ကျား တပ်စိတ် တစ်စိတ်ရဲ့တိုက်ပွဲဟာ ထိုတပ်စိတ်ရဲ့တပ်စိတ်မှုးနဲ့တပ်စိတ်ရဲဘော်များရဲ့အင်အားနဲ့ညီတဲ့ အောင်မြင်မှုမျိုးပဲ ရနိုင်မှာပေါ့။ တစ်ဖက် ရန်သူရဲ့အင်အား၊ မြေပြင်၊ ရာသီဥတု၊ လက်ဦးမှု စတဲ့ အချက်တွေလည်း ထည့်သွင်းတွက်ချက်ရမှာပေါ့။ 


အခုလည်း ကျနော်တို့ ပြည်သူများ အုံနဲ့ကျင်းနဲ့ပါလာတဲ့ (CDM) လှုပ်ရှားမှုကြီးဟာ အခုမှ အရှိန်အဟုန် ကောင်း လာကာစပါ။ ဒီထက်ပိုပြီး ကြီးမားကျယ်ပြန့်လာဖို့လိုအပ်ပါတယ်။ ဒါမှသာ အောင်ပွဲနဲ့ရလဒ်တွေဟာ ပြည်သူတွေ ကျေနပ် လောက်တဲ့ အနေအထားရရှိမှာမဟုတ်လား။ 

ကျနော်စဉ်းစားနည်းကတော့ တိုက်ပွဲရဲ့ အင်အားနဲ့ အရှိန်အဟုန်ကို ယခုအနေ အထားထက် ‘ ၃ ဆ’ မက မြှင့်တင်ပေးဖို့လိုနေသေးတယ်လို့ယူဆတာပါ။ ဒီလို အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျယ်ပြန့်ကြီး ထွားလာမှလဲ ရန်သူက ပိုပြီး ကျိုးနွံလာမှာပါ။ သူတို့လက်ထဲမှာ သေနတ်တွေရှိနေတယ်ဆိုတဲ့အချက်ကို မမေ့သင့်ပါဘူး။ ဒီသေနတ်တွေဟာ သူတို့ဘက်ကို ပြောင်းဝပြန်လှည့်သွားဖို့လိုပါတယ်။ ဒါဆိုရင်တော့ သူတို့ သိပ်ကို ကျိုးနွံလာပါလိမ့်မယ်။
 

အခုတော့ ရန်သူဟာ သူ့တပ်စခန်းထဲမှာ အခြေမပျက်ရှိနေသေး တယ်မဟုတ်လား။ ရန်သူကျိုးနွံလာတဲ့ လက္ခဏာ မတွေ့ရသေးဘူးမဟုတ်လား။ မတွေ့ရတဲ့အပြင် ရန်သူက ပရိယာယ်ထောင်ချောက်မျိုးစုံနဲ့လှည့်ပတ်အကြပ်ကိုင် ခြိမ်းချောက် တာကို ကျနော်တို့က အခုထိ ခုခံနေရကြတုန်းပဲ မဟုတ်ပါလား။ ဒီတော့ တိုက်စွမ်းအားနဲ့အဟုန်ကို လျှောကျ သွားစေမယ့်၊ အားပျော့ သွားစေမယ့်၊ ကျဲကွဲသွားစေမယ့် စဉ်းစားမှုတွေ၊ ပြောဆိုမှုကို နားထဲ၊ ဦးနှောက်ထဲ အဝင်မခံသေးဘဲ အခုလို အချိန်မှာ ပြတ် ပြတ်သားသား တိုက်ခိုက်ဖွင့်ချထားဖို့လိုအပ်တယ်လို ယုံကြည်ယူဆပါတယ်။
 

ပြီးတော့အီစွတ်ပုံပြင်ထဲကလို ဥမပေါက်သေးခင် ကြက်ကလေးတွေကို မရေတွက်မိဖို့လည်းလိုအပ်ပါတယ်။
လူတန်းစားလူ့အလွှာအသီးသီးက ပြည်သူတွေ ဒီထက်မကတဲ့အင်အားနဲ့ ယန္တရားတွေလုံးဝရပ်ဆိုင်းသွားတဲ့ အထိ (CDM)လှုပ်ရှားမှုကြီးထဲမှာ အားဖြည့်ပြီး အရှိန်အဟုန်နဲ့ ဆက်လက်ပါဝင်လာကြပါ။ သံပုံးတွေကို ကျယ်ကျယ်လောင်လောင် ဆက်လက်တီးကြပါလို့ အနူးအညွတ်ပန်ကြားပါရစေ။
 

မဟုတ်မဟပ်သတင်းတွေကို နားမယောင်မိကြပါစေနဲ့။ ‘ကိုယ်ထူ ကိုယ်ထ’ ဆိုတဲ့ မှာကြားချက်အညီ ပြည်သူများနဲ့အတူ ပြုမူလှုပ်ရှားကြပါစို့။
 

ဒီတင်ပြချက်က ယနေ့ပေါ်ပေါက်နေတဲ့ (CDM)လှုပ်ရှားမှုကြီးထဲမှာ ဂုဏ်ယူကျေနပ်စွာနဲ့ ပါဝင်နေတဲ့ အသေး ငယ်ဆုံး သဲပွင့်လေးတစ်မှုန်ဖြစ်တဲ့ ကျနော့်ရဲ့ စဉ်းစားတင်ပြဆွေးနွေးမှုပါ။
 

ရိုသေစွာဖြင့်
မောင်ကျော်မော်
၇ ဖေဖေါ်ဝါရီ ၂၀၂၁