Breaking News

နေသွင်ညိဏ်း သိဒ္ဓတ္ထရှာတဲ့အမှန်တရား၊ ယူဗယ်ရဲ့ဘုရားနှစ်ပါး၊ လူတွေပြောတဲ့ ပုံပြင်နှစ်မျိုး

 
သိဒ္ဓတ္ထရှာတဲ့အမှန်တရား၊ ယူဗယ်ရဲ့ဘုရားနှစ်ပါး
လူတွေပြောတဲ့ ပုံပြင်နှစ်မျိုး
နေသွင်ညိဏ်း
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၆

အို အဆွေ
သင်သည် သစ္စာတရားကိုချည်နှောင်မထားနိုင်
သစ္စာတရား၌ နေရာမရှိ
ဘုရားကျောင်းလည်း မရှိ၊ ယဇ်ပုလ္လင်လည်း မရှိ
အို အဆွေ
မိစ္ဆာဒိဋ္ဌိဟု ပြောသည့်အယူကို မိစ္ဆာဒိဋ္ဌိများထံတွင်လည်းကောင်း
သမ္မာဒိဋ္ဌိဟုပြောသည့်အယူကို သမ္မာဒိဋ္ဌိများထံတွင်လည်းကောင်း ထားပစ်ခဲ့ပါ။
သင်ကမူ မိမိအတွေ့အကြုံ အစုအပုံထဲမှ သစ္စာတရားကို သိုမှီးသိမ်းဆည်းထားပါ။ ‘

(ကရိရှန မူရတိ) 

ဆရာပါရဂူဘာသာပြန်တဲ့ သိဒ္ဓတ္ထဝတ္ထုကို စဖတ်တုန်းက ကျနော်နားလည်ဖို့ ခက်ခဲနေခဲ့တယ်။ ဒါကြောင့် ၁၀ စုနှစ်တခုကြာတိုင်းမှာ ကျနော်ပြန်ပြန်ဖတ်တဲ့အထဲ ဒီဝတ္ထုလည်း ပါတယ်။ အသက်ရလာတဲ့အခါ ပိုပိုနားလည်လာသလို ခံစားလာရတယ်။ အရင်ကတော့ ဝတ္ထုရဲ့စိတ်ဝင်စားစရာဇာတ်လမ်းတည်ဆောက်ထားပုံ၊ ဗုဒ္ဓဖြစ်စဉ်နဲ့တူလည်းတူပြီး မတူလည်း မတူတဲ့သဘော၊ ဇာတ်ကောင်တွေရဲ့ အတွေးအခေါ်နဲ့ ထူးဆန်းတဲ့ စကားပြောခန်းတွေ၊ ဝတ္ထုရဲ့ အချိန်ကာလ (ခေတ်) ထဲ ဇာတ်ကြောင်းထဲ စီးမျောနေရတဲ့ အရသာတို့ကို နှစ်သက်ခဲ့တယ်။ 

တကယ်တမ်းကျတော့ စာဖတ်တဲ့ ကျနော်တို့ သူငယ်ချင်းတွေထဲ သိဒ္ဓတ္ထကို မကြိုက်သူ ရှိမယ်လို့ ကျနော် မထင်ဘူး။ ဆရာပါရဂူကိုယ်တိုင်က သိဒ္ဓတ္ထက သူ့ရေးသမျှမှာ အအောင်မြင်ဆုံးနဲ့ပြဿနာအများဆုံး ဝတ္ထုတပုဒ်ဖြစ်ခဲ့တယ်လို့ နောက်ပိုင်း ပြန်ရိုက်တဲ့ အခါ အမှာစာမှာ ရေးခဲ့တယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အိန္ဒိယအတွေးအခေါ်ရှင် ကရိရှန မူရတိရဲ့ စကားကိုးကားချက်ဟာလည်း ဆရာပါက နောက်ပိုင်းရေးတဲ့ သူ့အမှာစာ တနေရာမှာ ဖော်ပြထားတယ်။ 

ကျနော့် အယူအဆအရ စာတအုပ်မှာ စာရေးသူရဲ့ အမှာဟာ အရေးကြီးတယ်။ ခရီးတခုမသွားခင် မြေပုံကြည့်တာနဲ့တူတယ်။ အဆောက်အအုံတခုရဲ့ အတွေး ပုံကြမ်းလည်း ဖြစ်တယ်။ သိဒ္ဓတ္ထဟာ နား လည်ဖို့ ခက်တဲ့ အတွေးအခေါ် ဝတ္ထုဖြစ်တယ်။ ဒါကြောင့် စာရေးသူရဲ့ အမှာက ပိုအရေးကြီးလာရတယ်။ ဒါပေမယ့် တချိန်တည်းမှာ စာဖတ်သူဟာစာရေးသူရဲ့ အတွေးကို ပုံတူ၊ ထပ်တူဖြစ်အောင် အတင်း တွေးခေါ်စဉ်းစားစရာမလို။ တူတာလည်း ရှိမယ်။ မတူတာလည်း ရှိမယ်။ လူတိုင်းရဲ့ အသိဆိုင်ရာမိုးကုတ်စက်ဝန်းက မတူတဲ့အတွက် အတွေးဆိုင်ရာမိုးကုတ်စက်ဝန်းကလည်း ကွဲပြားနိုင်တယ်။ ဒါက သဘာဝလည်း ဖြစ်တယ်။ သစ္စာတရား၌ နေရာမရှိဆိုတဲ့ ကရိရှန မူရတိရဲ့ စကားကလည်း ဒီသဘောကို ညွှန်းပြနေတယ်လို့ ကျနော် နားလည်တယ်။ ဒီစကားကို တခြားတယောက်က တခြားနည်းနဲ့ နားလည်နေတာလည်း ဒါက ပြဿနာမဟုတ်ပါ။ 

စကားစပ်တာနဲ့ သစ္စာ တရားဆိုတာ ဘာလဲ။ အမှန်တရား။ truth လို့ ဆိုကြတယ်။ ဗုဒ္ဓရဲ့ သစ္စာလေးပါးကို အင်္ဂလိပ်လို  The Four Noble Truths လို့ ရေးကြတယ်။ ဒုက္ခ၊ ဒုက္ခရဲ့ အကြောင်း၊ ဒုက္ခချုပ်ရာအကြောင်း၊ ဒုက္ခမှ လွတ်မြောက်ရာအကျင့် ၈ မျိုး။ 

အမှန်တရားဆိုတာ ဘာလဲ။ ဘယ်လို ရှာတွေ့နိုင်သလဲ။ ဒီမေးခွန်းက သိဒ္ဓတ္ထမေးခဲ့တဲ့ မေးခွန်းဖြစ်ပြီး သူ့ရဲ့ တွေ့ရှိမှုဟာလည်း သူ့ကိုယ်ပိုင်ဖြစ်တယ်။ ဗုဒ္ဓနဲ့လည်း မတူ။ တခြားလူနဲ့လည်း မတူခဲ့။ သူတို့ လျှောက်တဲ့ လမ်းက မတူကြ။ ဒါပေမယ့် သူတို့တခုတည်းကို တွေ့ခဲ့ကြတယ်လို့ ကျနော်ထင်တယ်။ သိဒ္ဒတ္ထကိုအချစ်ဆုံး ဖြစ်တဲ့ ဂေါဝိန္ဒကတော့ ဗုဒ္ဓနဲ့ တွေ့တဲ့အခါ သာဝက အဖြစ်ခံယူလိုက်တယ်။ ဗုဒ္ဓရဲ့ လမ်းကို သူလိုက်ဖို့ ကြိုးစားတယ်။ သူဟာ လူသူတော်ကောင်းတယောက်အဖြစ် အိုမင်းသွားခဲ့တယ်။ သစ္စာတရားကိုတော့ တွေ့ရှိသွားတယ်လို့ ကျနော်မထင်မိဘူး။ ဒီလို သိဒ္ဓတ္ထဝတ္ထုကို ကျနော် နားလည်ခဲ့တယ်။ 

ဝတ္ထုထဲက သိဒ္ဓတ္ထက ဗုဒ္ဓနဲ့တွေ့ပေမယ့် ဗုဒ္ဓဟာ အလွန်ကြီးကျယ်မြင့်မြတ်သူဖြစ်တယ်ဆိုတာကို လက်ခံပေမယ့်၊ ဗုဒ္ဓရဲ့ လမ်းကြောင်းကို လိုက်ဖို့ သူဆန္ဒမရှိခဲ့ဘူး။ ပထမဆုံး ဖတ်တဲ့အချိန်တုန်းက ကျနော်အတွက် အံ့ဩစရာအကောင်းဆုံးအခန်းက ဒီနေရာမှာပဲ။ ဆွတ်ပျံ့စရာအကောင်းဆုံးနေရာဟာလည်း ဒီနေရာပဲ။

သိဒ္ဓတ္ထ ဝတ္ထုရဲ့ အဓိက သဘောတရားက အယူဝါဒတခုကို လက်ခံသည်လည်းမဟုတ်၊ စွန့်ပယ်သည်လည်းမဟုတ်၊ သစ္စာတရားကို ရှာဖွေရာမှာ မိမိကိုယ်ကို၊ မိမိ၏ အသိဥာဏ်ကို အားကိုးရေးဖြစ်တယ်လို့ ကျနော် တနေရာမှာ ဖတ်ရတာလား။ ဒီလို သဘောတရားမျိုး ခပ်ဆင်ဆင်ဖတ်ရတာလား ကျနော် ဝေဝါးနေပါပြီ။ 

ဗုဒ္ဓကိုပင် တချို့က ဘာသာမဲ့လို့ ဆိုကြတယ်။ ဗုဒ္ဓဝါဒကိုယ်တိုင်က ဘာသာရေးအယူဝါဒ မဟုတ်လို့ ဆိုကြတယ်။ ဝတ္ထုဇာတ်ကြောင်းထဲက သိဒ္ဓတ္ထကတော့ ဗုဒ္ဓဝါဒကို မလိုက်ဘဲ ဘာသာမဲ့လမ်းကို လိုက်ခဲ့ပုံရတယ်။ တနည်းအားဖြင့် သူ့ကို ဗုဒ္ဓဝါဒီလို့ပဲ ဆိုချင်ဆိုနိုင်ပါလိမ့်မယ်။ 

ဒီနေရာမှာ ဘာသာရေးဆိုင်ရာ အယူဝါဒတွေအကြောင်း ကျနော် ရေးနေတာ မဟုတ်ပါဘူး။ ဘုရားတွေ တကယ်ရှိမရှိ ကျနော် မသိချင်ပါ။ ကမ္ဘာမှာ လူတွေကိုးကွယ်နေကြတဲ့ ဘုရားအားလုံးထဲ ဘယ်ဘုရားက တန်ခိုးအကြီးဆုံးလဲ ကျနော် မသိချင်ပါ။  သိသူလည်း ရှိလိမ့်မယ် ကျနော် မထင်ပါ။ လူအမျိုးမျိုးဟာ သူတို့ ဘုရားတွေက တခြားဘုရားတွေထက် ပိုတန်းခိုးကြီးတယ်လို့ ထင်နေမှာကို ကျနော် နားလည်ပါတယ်။ 

ကမ္ဘာမှာ ဘုရားတွေ ဘယ်လောက်များများ၊ ဘာသာမဲ့တယောက်ဖြစ်တဲ့ သမိုင်းပညာရှင် ယူဗယ်နိုအာ ဟာရာရီက ဘုရား ၂ မျိုးပဲ ရှိတယ်လို့ မြင်ပါတယ်။ 

၁။ လောကကို ဖန်ဆင်းတော်မူသော ဘုရား
၂။ လောကက ဖန်ဆင်းထားတဲ့ဘုရား 

ဒီနှစ်မျိုးပါပဲ။ 

ပထမ ဘုရားအကြောင်းကို လူတွေက ဘာမှ မသိပါဘူး။ ဒါပေမယ့် လူတွေ မသိတဲ့ အရာကိုတော့ ထိုဘုရားက ဖန်ဆင်းတယ်လို့ လူတွေက လက်ခံထားကြပါတယ်။ ထိုဘုရားဟာ စကြာဝဌာကိုလည်း ဖန်ဆင်းပါတယ်။ လူကိုလည်းကောင်း၊ နေ၊လ၊ နက္ခတ်အပေါင်းတို့ကဲ့သို့ အဆုံးအဆ မသိနိုင်တဲ့ အရာတွေရဲ့ အဓိက ဖန်ဆင်းသူ ဖြစ်ပါတယ်။ 

ဒုတိယဘုရားအကြောင်းကို ကျတော့ လူတွေ အတော်လေး သိကြပါတယ်။ ဘယ်အထိ သိလဲဆိုရင် ထိုဘုရားဟာ လူတွေရဲ့အရေးအရာ အသေးစိတ်တွေကို ဘယ်လို သဘောထားသလဲဆိုတာမျိုးထိသိတော်မူတယ်လို့ လူတွေက သိနေကြပါတယ်။ ဥပမာ ဘယ်လူမျိုးကို သုတ်သင်သင့်တယ်၊ အမျိုး သမီးတယောက် ဘယ်လို အဝတ်အစားဝတ်ရင် သင့်တော်ပြီး၊ ဘယ်သူက ဘယ်သူနဲ့ အတူအိပ်တာဟာ အကုသိုလ်အမှုဖြစ်တယ် ဆိုတာမျိုးအထိ ဒုတိယဘုရားက မှာကြားထားပြီး၊ ထိုမှာကြားချက် အသေးစိတ်ကလေးတွေကိုလည်း လူတွေက သိနေကြတာမျိုးပါ။ 

ဘာသာမဲ့ဖြစ်တဲ့ယူဗယ်က ပထမဘုရားကို သူအလွန်ချစ်ပြီး ဒုတိယဘုရားကတော့ သူ့အတွက် နည်းနည်း ပြဿနာရှိတယ်လို့ မြင်ကြောင်း အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ 

ဒီစကားကို နားထောင်ပြီးတဲ့နောက် ဆရာပါရဂူရဲ့ အမှာစာမှာပါတဲ့ ကရိရှန မူရတိရဲ့ ကဗျာတိုလေးကိုရော၊ သိဒ္ဓတ္ထဝတ္ထု ဇာတ်ကြောင်းကိုပါ ကျနော် သတိရသွားပါတယ်။ 

ကျနော်တို့ မီဒီယာဆိုင်ရာ သဘောတရားကို လေ့လာတဲ့အခါမှာ Four Theories of the Press ဆိုတဲ့ ကျမ်းကို အခြေခံသင်ရိုးတခုအနေနဲ့ သင်ရပါတယ်။ ဒီထဲမှာ တချက်က သတင်းအချက်တွေ များတာကောင်းတယ်။ အမှန်တရားကို ရှာဖွေရာမှာ ပိုပြီး လွယ်ကူစေတယ်။ တနည်း အမှန်တရားနဲ့ ပိုနီးစပ်လေ ဆိုတဲ့ သဘောတရားပါ။ ဒါကို လစ်ဘရယ် သီအိုရီလို့ ခေါ်ပါတယ်။ အခုချိန်ထိ လူတွေ လက်ခံထားတဲ့ သဘောတရားတခုပါပဲ။ 

အကြောင်းကတော့ အမှန်တရားက ကောင်းတယ်။ အမှန်တရားနဲ့ နီးတာလည်း ကောင်းတယ်လို့ လူတွေက ယေဘုယျ လက်ခံထားကြလို့ပါပဲ။ ဘုရားစတဲ့ ကြီးမြတ်သူတွေ အားလုံးဟာ အမှန်တရား၊ သစ္စာတရား၊ truth ကို ရှာဖွေခဲ့ကြ၊ သစ္စာလမ်းကို လျှောက်ခဲ့ကြတယ်လို့ ကျနော်တို့ နားလည်ထားကြလို့ပါပဲ။ 

တခါတလေလည်း ကျနော်တို့က ကမ္ဘာမှာ အမှန်တရားဟာ တခုတည်းရှိတယ်လို့ ဆိုကြပြန်တယ်။ ဘုရားအားလုံးထဲမှာ ငါတို့ ဘုရားက အမြင့်မြတ်ဆုံးဆိုတဲ့ သဘောတရားမျိုးပါပဲ။ တခြားသူရဲ့ ဖိနပ်ကို ဝင်စီးကြည့်ဖို့ မေ့နေတာမျိုးပါ။ 

တကယ်တမ်းကျတော့ လူတွေအတွက် အရေးကြီးတာက သူ့အမှန်တရား၊ ကိုယ့်အမှန်တရား ဆိုတာထက် အများစုအတွက် အကျိုးရှိမယ့် အမှန်တရားပါပဲ။ ယူဗယ်ရဲ့ အာဘော်အတိုင်း ပြောရရင် အများလက်ခံတဲ့ကောင်းသောပုံပြင်တွေကသာ လောကကိုအကျိုးပြုတာ ဖြစ်ပါတယ်။ ဘာသာတရားဟာ ဒီလို ပုံပြင်တွေထဲပါသလို၊ နိုင်ငံ၊ ငွေကြေး၊ အမျိုးသားရေး၊ လစ်ဘရယ်ဝါဒ၊ ဒီမိုကရေစီ ဒါတွေအား လုံးဟာလည်း လူတွေဖန်တီးထားတဲ့ ပုံပြင်တွေပါပဲ။ ဖက်ဆစ်စနစ်လို၊ ဒုတိယကမ္ဘာစစ်လို၊ ဘာသာရေး၊ လူမျိုးရေး စစ်ပွဲတွေနဲ့ ခွဲခြားဆက်ဆံမှုကိုဖြစ်စေတဲ့ တခြားဆိုးသောပုံပြင်တွေကိုလည်း လူတွေက ဖန်တီးခဲ့ကြပါတယ်။ 

လူတွေကို စုစည်းပေးတဲ့ အရာတွေထဲမှာ  ပုံပြင် (ဇာတ်ကြောင်း) တွေက အဓိက ဆိုတာ တွေ့ရပါမယ်။ ဒီထဲမှာ သစ္စာတရားက နည်းနည်းပါးပါးလည်း ပါနိုင်ပါတယ်။ ဇာတ်ကြောင်း ပေါင်းသင့်သွားတဲ့အခါ လောက နိဗ္ဗာန်ပေါ်လာပြီး၊ ဇာတ်ကြောင်း မကောင်းတဲ့ အခါ လောက ငရဲတွေ ပေါ်ပေါက်လာတတ်တာ လူသမိုင်းတလျှောက်လုံးတွေ့ခဲ့ကြပါတယ်။ 

ဒီမိုကရေစီဆိုတဲ့ ပုံပြင်ဟာလည်း အမှန်တရားဆီ သွားရာလမ်းဆိုတာထက် လူသားရဲ့မှားတတ်တဲ့သဘာဝကို ထိန်းကြောင်းတဲ့ စနစ်တခုလို့ နားလည်ရင် ပိုပြီး သင့်တော်ပါတယ်။ ဒီမိုကရေစီဟာ conversation ဖြစ်စဉ်တခုပါပဲ။ နိဗ္ဗာန်ဆီ၊ အမှန်တရားဆီသွားတဲ့ အတိမ်းအစောင်းမရှိတဲ့ မဂ္ဂရှစ်ပါးနဲ့တူတဲ့ အရာမျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီထဲမှာ အယူအဆမတူတာတွေ ရှိမယ်၊ ငြင်းခုန်ရတာတွေ ရှိမယ်၊  အပေးအယူ လုပ်ရတာတွေ ရှိပါတယ်။ ဒါတွေ မရှိဘူးဆိုရင် ဒီမိုကရေစီဆိုတာလည်း မရှိတော့ပါဘူး။  လူတွေက ဒီမိုကရက်တွေ မဟုတ်ဘဲ၊ တနည်း ဒီမိုကရက် စိတ်နေစိတ်ထားတွေ မရှိဘဲနဲ့ ဒီမိုကရေစီစနစ် မရှင်သန်နိုင်ပါဘူး။ 

ဒါကို ဆရာကြီး ဒဂုန်တာရာက ရန်သူမရှိ၊ မိတ်ဆွေသာရှိလို့ ဆိုခဲ့တာလို့ ကျနော် နားလည်ပါတယ်။ ရန်သူတွေကြားမှာ တနည်း သူသေ ကိုယ်ရှင် သဘောတရားတွေကြားမှာ ဒီမိုကရေစီကို တည် ဆောက်လို့မရပါဘူး။ လူ့သက်တမ်းက တိုပါတယ်။ ဒါပေမယ့် လူ့သမိုင်းက ရှည်ပါတယ်။ လောကလုံးဆိုင်ရာအမှန်တရားကို သိနိုင်လောက်အောင် ဘယ်သူမှ ဘုရားမဟုတ်ကြပါဘူး။ မိုးကုတ်ဆရာတော်ဘုရားရဲ့ ဩဝါဒနဲ့ ပြောရရင် အသိဥာဏ်ပညာအရာမှာ ‘မိုက်’လို့ ( အမှန်မသိလို့) လူ့ဘဝကို ရကြတာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သံသရာမှာ ကျင်လည်စရာ အကြောင်း မရှိတော့ပါ။ ဒါကို နားလည်ထားရင် တယူသန်မှုတွေ လျော့သွားနိုင်ပါတယ်။ ဒီလို နှိမ့်ချမှုမျိုးနဲ့သာ ဒီမိုကရေစီကို တည်ဆောက်နိုင်ပါလိမ့်မယ်။ 

နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar