စစ်ပွဲ၊ အပစ်အခတ်ရပ်ခြင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၆
စစ်ပွဲ၊ အပစ်အခတ်ရပ်ခြင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု
ခုနှစ်ပိုင်းတွေမှာ ကမ္ဘာမှာလည်း စစ်ပွဲတွေ ပိုပြီးကျယ်ပြန့်လာနေသလို နိုင်ငံအသီးသီးမှာလည်း စစ်ရေး အသုံးစရိတ်တွေ တိုးမြှင့်ဖို့ လုပ်လာကြပြီး ကမ္ဘာ့ဒေသအများအပြားမှာ နိုင်ငံအချင်းချင်း အကြားဖြစ်တဲ့ စစ်ပွဲ၊ နိုင်ငံတနိုင်ငံအတွင်းမှာ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်တွေနဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာရတဲ့ စစ်ဘေးဒုက္ခသည်၊ အငတ်ဘေးနဲ့ အသက်ဆုံးရှုံးမှုတွေ ပိုမိုများပြားလာခဲ့တာလည်း တွေ့ရပါတယ်။
ကမ္ဘာ့အနောက်ခြမ်း ဖြစ်တဲ့ ဥရောပမှာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲက ၄ နှစ်ကျော် ၅ နှစ်ထဲဝင်ရောက်လာချိန် အာရှအနောက်ပိုင်း မြေထဲပင်လယ်အစပ်က ပါလစ္စတိုင်းဒေသက ဂါဇာနဲ့ လက်ဘနွန်တို့မှာ ဖြစ်တဲ့ စစ်ပွဲ၊ မကြာသေးတဲ့ လပိုင်းက ဖြစ်ပွားတဲ့ အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန်တို့ စတင်တိုက်ခိုက်ပြီးနောက် ပင်လယ်ကွေ့နိုင်ငံတွေက အမေရိကန် စစ်စခန်းတွေကိုပါ ကူးစက်လာတဲ့ စစ်ပွဲတွေက ကမ္ဘာပေါ်က နိုင်ငံတွေအကြားဖြစ်ပွားတဲ့ စစ်ပွဲတွေ ဖြစ်ပြီး ဒီစစ်ပွဲတွေအပြင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက အာဖရိကမှာ၊ အရှေ့အာရှမှာလည်း ရှိနေကြတဲ့အနက် အရှေ့တောင်အာရှက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က နှစ်သက်တမ်းကြာရှည်တဲ့ စစ်ပွဲတခု၊ မကြာခင်နှစ်ပိုင်းအတွင်း စစ်မီးက အရှိန်အဟုန်နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်တောက်လောင်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲတွေက နိုင်ငံရေး အရ ရှေ့ဆက်သွားလို့မရတာကြောင့် စစ်ရေးနည်းလမ်းနဲ့ လုပ်ဆောင်ကြတာလို့လည်း အဓိပ္ပါယ်ဖွင့်ဆိုကြတာ ဖြစ်ပေမယ့် စစ်ပွဲတိုင်းက နိုင်ငံရေးအရ လမ်းပိတ်သွားတာကြောင့်လို့တော့ ပြောလို့ရချင်မှ ရပါလိမ့်မယ်။ စစ်ပွဲတခု ဖြစ်ပွားလာရတဲ့ သမိုင်းအဖြစ်အပျက်တွေနဲ့ နောက်ခံအကြောင်းအချက်တွေ ရှိနေကြတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခအများစုကတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ အချက်ကြောင့်၊ အာဏာသိမ်းတဲ့ စစ်တပ်အင်အားစုကို ဆွေးနွေးရေးနည်းလမ်းထက် လက်နက်ကိုင်နည်းလမ်းနဲ့သာ ဖယ်ရှားနိုင်မယ်ဆိုတဲ့ ယူဆချက် အားကောင်းလာတာကြောင့် စစ်ပွဲတွေ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
စစ်ပွဲတွေကို ဖော်ဆောင်ဖို့ရာမှာ လူအင်အားနဲ့ ငွေကြေး လိုအပ်တာဖြစ်ပြီး ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီအခြေခံ လိုအပ်ချက် ၂ ရပ်က လွယ်ကူစွာစည်းရုံးရရှိနိုင်တဲ့ အရာတွေ ဖြစ်လာကြတာပါ။ နကိုကတည်းက ရှိနှင့်ပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနက် ဗဟိုအစိုးရ၊ စစ်တပ်နဲ့ အပစ်ရပ် သဘောတူညီချက် ရှိမထားတဲ့ အဖွဲ့တွေအပြင် အပစ်ရပ်သဘောတူညီမှု လက်မှတ်ထိုးထားတဲ့ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ အာဏာသိမ်းပြီး အစိုးရဖြစ်လာတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကို ပြန်လည်တိုက်ခိုက်လာကြတာကြောင့် မြန်မာနိုင်ငံက ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ ပြန်လည်တောက်လောင်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့ တောက်လောင်လာတာနဲ့အမျှ စစ်တိုက်ဖို့ လူအင်အားနဲ့ ငွေကြေးကို တိုက်ခိုက်နေကြတဲ့ ဘက် ၂ ဘက်လုံးမှာ လိုအပ်မှာ ဖြစ်ပြီး ဗဟိုအာဏာကို ထိန်းချုပ်ထားတဲ့ စစ်တပ်အဖို့ နိုင်ငံရဲ့ သယံဇာတ နဲ့ အခွန်အကောက်တို့ကို အသုံးပြုသလို ရှိနေတဲ့ လူအင်အားကို အသုံးချလာခဲ့ရာက ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးမှာ အချိန်တိုအတွင်း ထောင်နဲ့ချီ သုံ့ပန်းအဖမ်းခံရတာ၊ တိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရတာတွေက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းဖို့ စေ့ဆော်ခဲ့ပြီး ၂၀၂၄ နှစ်ဆန်းမှာ စတင်အသက်သွင်းပြီး လုပ်ဆောင်ခဲ့တာပါ။
ဒီကာလတွေတုန်းက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာတော့ လူအင်အား စုဆောင်းမှုက ပြဿနာအနေနဲ့ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ လက်နက်ခဲယမ်းနဲ့ ရန်ပုံငွေ လုံလုံလောက်လောက်ရဖို့က ပိုပြီးအဓိက ကျခဲ့တာဖြစ်ပါတယ်။
၂၀၂၄ခုနှစ်ကနေ ၂၀၂၅ အစပိုင်းကာလတွေအထိ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအဖို့ ပထဝီနိုင်ငံရေးရဲ့ သက်ရောက်မှု၊ လူအင်အားစုဆောင်းမှုနဲ့ ငွေကြး လက်နက်ခဲယမ်း ရရှိဖို့ အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့ကြပေမဲ့ ၂၀၂၅ နှစ်စပိုင်းမှာ အပစ်ရပ်ဖို့ သဘောတူညီလိုက်ရတာ သိမ်းယူထားတဲ့ မြို့တွေ ပြန်ပေးအပ်ရတာတွေ ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီကာလက စတင်ပြီး စစ်ပွဲတွေကနေ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အဆင့်ကို စတင်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ၄င်းရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းထားဖို့ မဟာဗျူဟာအရ လုံခြုံတဲ့ နယ်စပ်ဖြစ်ဖို့အတွက် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ထောက်ခံပြီး ၄င်းတို့ ဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ် တွန်းတင်ဖို့က တခုထည်းသော ရွေးချယ်စရာ ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ၄င်းတို့နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တွေကို ဖိအားပေးတာ ၊ သဘောမတူ မလိုက်လျောတဲ့ အဖွဲ့တွေကို စစ်ရေး၊ စီးပွားရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေ ကို ဖြတ်တောက်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဖိအားပေး ကျုံးသွင်းခဲ့ရာမှာ အောင်မြင်မှု အတိုင်းအတာတခု ထိရရှိခဲ့ပြီး MNDAA, TNLA နဲ့ UWSA အပါ ၄င်းတို့ဖြစ်စေချင်တဲ့ မူဝါဒနဲ့ ကိုက်ညီအောင် လုပ်ဆောင်လာကြရတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ၄င်းတို့ စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေတွေနဲ့ ရွေးကောက်ပွဲကျင်းပပြီးနောက် ယခုနှစ် ဧပြီလမှာ အရပ်သားနာမည်ခံ အစိုးရဖွဲ့စည်းတဲ့နောက် အပစ်ရပ်ဖို့ ရာ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ ရက် ၁၀၀ စီမံချက်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ NUG မပါဝင်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုသာ ကမ်းလှမ်းတာဖြစ်ပြီး NUG လက်အောက်က PDF တပ်ဖွဲ့တွေကိုတော့ လက်နက်ချရေးသာ ရွေးချယ်စရာ အဖြစ် ပြောဆိုထားတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး အင်အားစုတွေ အနေနဲ့ လက်နက်ချဖို့ သို့မဟုတ် အပစ်ရပ်ဖို့ စစ်တိုက်ခဲ့ကြတာ မဟုတ်ဘူးလို့ လွယ်လွယ်ပြောဆိုနိုင်သည့်တိုင် အတိုင်းအတာတခုထိ နယ်မြေတွေ ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အနေနဲ့လည်း ဗဟိုအာဏာကို ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ အပစ်ရပ်ပြီးနောက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲပါဝင်မှုကို အသိအမှတ်ပြုဖို့၊ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ ဆိုတဲ့ အပေးအယူ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်လိုကြတာ ဖြစ်ပါတယ်။
အားလုံး သိရှိပြီးဖြစ်တဲ့အတိုင်း MNDAA , TNLA တို့ဟာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်၊ ၂၀၂၃ ခုနှစ် စစ်ဆင်ရေးအတွင်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ စစ်တပ်နဲ့ အပစ်အခတ်ရပ် သဘောတူညီခဲ့ကြပြီး မြို့အချို့ကိုလည်း ပြန်လည်လွှဲပြောင်းပေးကာ လက်ရှိရောက်နေတဲ့ အနေအထားကို အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲလို မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ဝင် ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့က အခုလို အပစ်အခတ်ရပ်စဲရေးကို ရွေးချယ်ခဲ့ကြပြီးနောက် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ရော အပစ်အခတ်ရပ်စဲရေး လမ်းကို ရွေးချယ်လာနိုင်လား ဆိုတာ အခုအခါမှာ စောင့်ကြည့်ကြရမယ့် အနေအထား ဖြစ်လာနေပါပြီ။
ဘာကြောင့် အပစ်အခတ်ရပ်စဲရေး နည်းလမ်းကို ရွေးချယ်ကြတာပါလဲ။ စစ်ရေးအရ ဆက်လက်ပြီး အောင်မြင်အောင် တိုက်ခိုက်နိုင်ဖို့ထက် လက်ရှိရောက်နေတဲ့ အနေအထားကို ထိန်းထားဖို့ ကြောင့်ရွေးချယ်ရတာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဖွဲ့အတွေအနေနဲ့ နယ်မြေ ထိန်းချုပ်မှု၊ အခွန်အကောက်ကိစ္စတွေမှာ အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်စရာတွေ ပေါ်လာတာကလည်း မဟာမိတ်ဖွဲ့မှုတွေ အားနည်းလာပြီး တဖွဲ့ချင်း ရပ်တည်နိုင်ဖို့ပဲ ကြိုးစားလာကြတာ တွေ့ရပါတယ်။
စစ်အင်အားနဲ့ လက်ရှိမှာ တိုက်ခိုက်နိုင်နေတဲ့ အဖွဲ့တွေသည်ပင်လျှင် တဖွဲ့တည်းအနေနဲ့ တိုက်နေတဲ့အခါ အချိန်တခုရောက်၊ အနေအထားတခုရောက်ရင် အပစ်ရပ်စကားပြောရမဲ့ အလားအလာတွေ ကြိုတွေးထားကြရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုတဲ့ စကားလုံးက လတ်တလော နှစ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေက သုံးနှုန်းနေကြသည့်တိုင် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရ ဖြစ်တဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေဆီ ရောက်ရှိဖို့ အဝေးကြီး လိုနေသေးပြီး လတ်တလောမှာ လက်ရှိအနေအထားကို ထိန်းထားဖို့ အတွက် အပစ်ရပ်စဲရေးကို ရွေးချယ်စရာ တခုအဖြစ် စဥ်းစားရွေးချယ်နေကြတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar