Breaking News

စစ်အာဏာသိမ်းပြီးနောက် မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေကို လျော့ကျအောင် ဘယ်လိုလုပ်ကြမလဲ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၆


စစ်အာဏာသိမ်းပြီးနောက် မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေကို လျော့ကျအောင် ဘယ်လိုလုပ်ကြမလဲ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ ဓါးပြမှု၊ လုယက် လူသတ်မှု၊ မုဒိမ်းလူသတ်မှုနဲ့ ပြန်ပေးဆွဲ လူသတ်မှု စတဲ့ ပြစ်မှုကျူးလွန်မှုတွေ စစ်ပွဲတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဒေသတွေမှာ ဖြစ်ပွားသလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို စစ်ပွဲမရှိတဲ့ မြို့ကြီးတွေမှာလည်း ဖြစ်ပွားနေတာ တွေ့ရမှာပါ။ 

အာဏာရှင် စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာသာ မကဘဲ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာလည်း ဖြစ်ပွားနေတာတွေ့ကြရမှာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်က MNDAA ထိန်းချုပ်နယ်မြေမှာ ဖြစ်ပွားသလို မြန်မာနိုင်ငံ အနောက်ခြမ်းက Arakan Army ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာလည်း ဖြစ်ပွားနေတာတွေ့ကြရမှာပါ။ မနေ့တနေ့က ဖြစ်တဲ့ လူမဆန် ရက်စက်တဲ့ မုဒိမ်း လူသတ်မှုဟာ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တနှစ်ကျော် နှစ်နှစ်နီးပါး ULA/AA ရဲ့ လက်နက်ကိုင်တပ်၊ ရဲ၊ ဒေသန္တရ အုပ်ချုပ်ရေး တရားစီရင်ရေး စနစ်တွေ ထူထောင်ထားပေမယ့် အခုလို ရက်စက်ပြီး အာရက္ခအုပ်ချုပ်ရေးရဲ့ တရားဥပဒေ စိုးမိုးမှုကို အိုးမည်းသုတ်တဲ့ မုဒိမ်းကျင့် သတ်ဖြတ်မှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့စစ်တွေ တဖွဲ့မက နေထိုင်လှုပ်ရှားနေကြတဲ့ မူဆယ်လိုမြို့မှာ ပြန်ပေးဆွဲတာ သတ်ဖြတ်တာတွေ မကြာခဏဖြစ်ပွားနေသလို အာဏာသိမ်းစစ်တပ်က ပြန်လည်လွှဲပြောင်းရယူထားတဲ့ လားရှိုးမြို့လိုမျိုးမှာလည်း ပြန်ပေးဆွဲတာ လုယက်သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေတာ ကြားသိကြရမှာ ဖြစ်ပါတယ်။ 

အခုလို ဆိုးရွားတဲ့ ပြစ်မှုတွေ ဖြစ်ပွားနေပေမဲ့ အများစုက ကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိကြပါဘူး။ မြို့ကြီးတွေမှာ လမ်းဆုံတွေမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာမျိုးနဲ့ ထွက်ပြေးတဲ့ လမ်းကြောင်းကို ခြေရာခံကာ ဖမ်းဆီးရမိတဲ့ အဖြစ်အပျက်အချို့ ရှိပေမဲ့ မူဆယ်၊ လားရှိုးတို့လိုမြို့တွေမှာ ဖြစ်ပွားတဲ့ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှုတွေကို အနည်းငယ်ပဲ ဖော်ထုတ်နိုင်တာ တွေ့ကြရမှာ ဖြစ်ပါတယ်။ 

အခုလို ကြီးလေးတဲ့ ပြစ်မှုမျိုး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရေးက ပြစ်မှုတွေ ထပ်ပြီး မကျူးလွန်ဖို့ တားဆီးနိုင်ပါသလားဆိုတာလည်း မေးခွန်းရှိလာပါတယ်။ 

ကလေးသူငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ အမှု၊ မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်တဲ့ အမှုမျိုးကို ဖမ်းဆီးရမိရင် သေဒဏ်ပေးဖို့ လွတ်မြောက်နယ်မြေလိုနေရာမျိုး တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ ရပ်ရွာလူထုက ဆန္ဒပြတောင်းဆိုလေ့ရှိပါတယ်။ ယမန်နှစ် အောက်တိုဘာလက ဆောမြို့မှာ သက်ငယ်မုဒိမ်းမှု နဲ့ အလောင်းပါ ဖျောက်ဖျက်မှုကျူးလွန်သူ လက်နက်ကိုင် အဖွဲ့ဝင်ကို သေဒဏ်ပေးဖို့ ဒေသခံလူထုက ဆန္ဒထုတ်ဖော်ခဲ့ကြတာ သတင်းတွေထဲ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ 

ဝ ပြည်၊ ကိုးကန့်ဒေသတွေမှာတော့ လူသတ်မှု၊ မုဒိမ်းပြုကျင့် သတ်ဖြတ်မှုတွေကို သေဒဏ်အမိန့်ချကာ သေနတ်နဲ့ ပစ်သတ် စီရင်တာတွေကို မြို့ခံတွေရဲ့ အရှေ့တင် အပြစ်ပေးစီရင်လေ့ရှိတာလည်း တွေ့ရပါတယ်။ 

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ နေပြည်တော်လိုမျိုးမှာ ဆိုင်ကယ်လုပြီး လူသတ်ခဲ့သူ ၂ ဦးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သေဒဏ်ချခဲ့သလို ပြင်ဦးလွင် (မေမြို့) က ရွှေဆိုင် ဓါးပြတိုက်ပြီး ဆိုင်လုံခြုံရေးကို ပစ်သတ်ခဲ့သူတွေကိုလည်း ခုရက်ပိုင်းမှာ သေဒဏ်အပြစ်ပေးခဲ့ပါတယ်။ 

အခုလို စစ်အာဏာရှင်ထိန်းချုပ်နယ်မြေတွေမှာသာမက လွတ်မြောက်နယ်မြေ၊ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ဘာကြောင့် အရေအတွက်အားဖြင့် များပြားလာရုံသာမက ရက်စက်မှု အတိုင်းအတာ အားဖြင့်ပါ မြင့်မားလာတာ ရုပ်ဆိုး အကျည်းတန်လာတာတွေက ဘာတွေကြောင့်ပါလဲ။ 

တခွန်းတည်း အတိုဆုံးပြောရင် တရားဥပဒေမစိုးမိုးလို့ ဆိုကောင်းဆိုနိုင်ပေမဲ့ အချို့ဒေသတွေဟာ လက်နက်ကိုင်တပ်တွေ အင်အားအများအပြား ရှိနေကြတဲ့ ဒေသတွေ ဖြစ်ပေမယ့် အထက်ကလို ပြစ်မှုတွေ ဖြစ်ပွားလာကြတာလည်း တွေ့ရပါတယ်။ 

ဆိုးရွားတဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့် သတ်ဖြတ်၊ အလောင်းဖျောက်ဖျက်မှု ၊ အရေအတွက် တဦးတယောက်မက ရက်စက်စွာ သတ်ဖြတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ သတ်ဖြတ်မှုတွေရဲ့ သက်ရောက်မှုတွေလည်း အတိုင်းအတာတခုထိ ရှိကောင်းရှိနေနိုင်ပါတယ်။ လက်နက်တွေ အလွယ်တကူ လက်ဝယ်ရယူနိုင်တာ၊ သတ်ဖြတ်၊ မုဒိမ်းပြုကျင့်ပြီးနောက် ပြန်လည် သက်သေမခံနိုင်အောင် အသက်ပါ အဆုံးစီရင် သတ်ဖြတ်တဲ့ အဖြစ်မျိုး၊ ကျူးလွန်သူတွေ အနေနဲ့ ၄င်းတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အရေးယူမှုနဲ့ တရားစီရင်မှုတွေ မလာလောက်ဘူးလို့ ယူဆမှုမျိုး နိုင်ငံအနှံ့အပြားမှာ မတူကွဲပြားတဲ့ အုပ်ချုပ်သူတွေ ရှိနေတာကြောင့် တနယ်မှာ ကျူးလွန်ပြီး နောက်တနယ်ကို ထွက်ပြေးတိမ်းရှောင်ရင် လွတ်မြောက်မယ်လို့ ယူဆမှုမျိုးတွေကလည်း ပြစ်မှုတွေ ကျူးလွန်ဖို့ အားပေးတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။ 

ဓားပြမှု၊ လုယက် သတ်ဖြတ်မှုတွေမှာတော့ အများစုက ပစ္စတိုလို သေနတ်တွေကို လက်ဝယ်ရရှိဖို့ လွယ်ကူတဲ့ အချက်ကလည်း အခုလို ပြစ်မှုတွေ ပိုမိုများပြားလာစေတဲ့ အကြောင်းအချက်တွေထဲက တချက် ဖြစ်ပါလိမ့်မယ်။ ခေတ်ပျက်၊ အုပ်ချုပ်ရေးက အာဏာကို ထိပါးစေတဲ့ ကိစ္စမျိုးကိုသာ အဓိက စောင့်ကြည့်၊ ဖမ်းဆီးဖို့ အားစိုက်ထုတ်လေ့ ရှိပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေးတယူ ထောက်လှမ်းတာ၊ ဖမ်းဆီးတာတွေ အားနည်းလာတဲ့အချက်ကိုလည်း ကျူးလွန်သူတွေက သတိပြုမိကြပါတယ်။ 

အကျဥ်းထောင်တွေမှာ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်၊ သောင်းချီရှိနေတာကြောင့် ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျသူတွေကို တနှစ်မှာ ၄/၅ ကြိမ်ထက်မနည်း ပြစ်ဒဏ်လျှော့ပေါ့ပေးရာက ယခင်ကလို ချမှတ်ပြစ်ဒဏ်ရဲ့ ၃ပုံ ၂ ပုံ ကျခံရတာမျိုးမဟုတ်ဘဲ ခေါက်ချိုးထက်လျော့ပြီး ကျခံကြရတာကြောင့် ပြစ်မှုကြီးတွေ ကျူးလွန်သည့်တိုင် နှစ်အနည်းငယ်အတွင်း အပြင်ပြန်ရောက်နိုင်တဲ့ အချက်ကလည်း ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အားပေးသလို ဖြစ်စေပါတယ်။ 

တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေတွေမှာတော့ အထက်ကလို လုံခြုံတဲ့ အကျဥ်းထောင်တွေဆောက်လုပ်ဖို့ အခက်အခဲ၊ ကျွေးမွေးထားဖို့ ရိက္ခာ၊ စစ်ရေးအရ မကြာခဏ ရွှေ့ပြောင်းရတဲ့ အခြေအနေတွေက တရားစီရင်ရေးနဲ့ အကျဥ်းထောင်တွေကို စနစ်တကျ ဖော်ဆောင်ဖို့ ခက်ခဲကြတာ တွေ့ရပါတယ်။ 

လူအများစုက ပြစ်မှုကြီးတွေ ကျူးလွန်တဲ့သူတွေကို သေဒဏ်လိုကြီးလေးတဲ့ အပြစ်ပေးရေးကို လှုံ့ဆော်နေကြပေမယ့် လက်ရှိ လူမှုအသိုင်းအဝိုင်းမှာ ရာဇဝတ်မှုတွေ ပိုမြင့်တက်မလာရအောင် ဘယ်လို တားဆီးကြမလဲ ဆိုတဲ့ ရှုထောင့်က စဥ်းစားမှု နည်းပါးလွန်းတာလည်း တွေ့ရပါတယ်။ 

အခုလို ပြစ်မှုတွေ မဖြစ်ပွားမီ ကြိုတင်ပြီး စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ လူထုအကြား အချင်းချင်း ပိုမိုရိုင်းပင်း စောင့်ရှောက်ကြဖို့ ပြစ်မှုကြီးတွေ မဖြစ်ပွားရအောင် ကြိုတင်စောင့်ကြည့် ကာကွယ်ကြတာမျိုး ပညာပေး ပြောဆိုမှုတွေ လုပ်ဆောင်ဖို့လည်း အရေးကြီးတယ်လို့ ယူဆမိပါတယ်။ 

ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ရေးနဲ့ တရားမျှတမှုကို ရှာဖွေရမှာ အမှန်ပင် ဖြစ်ပါတယ်။ တဖက်မှာလည်း အပြစ်ပေးရေး တခုတည်းကို အာရုံစိုက်နေတာထက် ကြိုတင်ကာကွယ်ရေး၊ ပညာပေးရေး၊ လူမှုအသိုင်းအဝိုင်းထဲက လူထုအချင်းချင်း စောင့်ရှောက် ဖေးမရေးကလည်း အရေးကြီးတယ်ဆိုတဲ့အချက်ကို ထောက်ပြလိုခြင်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar