မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၄ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၄ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၁
မြေပြင်ပေါ်က မြန်မာပြည်သူလူထု၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေက အရှိန်ကောင်းလာပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ဆရာဝန်တွေ ဆေးရုံတွေ ဝန်ထမ်းတွေ အဖွဲ့အစည်းတွေက စစ်တပ်အာဏာသိမ်းတာ လက်မခံကြောင်း၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်ကိုသာ တရားဝင်သတ်မှတ်ကြောင်း ထုတ်ပြန်ကြပါတယ်။ ပြည်သူတွေက ညဘက်မှာ သံပုံးတီးကြတယ်၊ ဖယောင်းတိုင်ထွန်းကြတယ်၊ နိုင်မြန်မာရဲ့ ၈၈ အရေးတော်ပုံသီချင်း - ကမ္ဘာမကြေဘူးကို သံပြိုင် အိမ်တွင်းကနေ သီဆိုဟစ်ကြွေးကြတယ်။ ဒီလှုပ်ရှားမှုတွေအရှိန်ရ အင်အားကောင်းလာတာကလည်း ဖေ့စ်ဘွတ်ကြောင့် ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်တွေ မတ်ဆင်ဂျာတွေကနေ စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ သတင်းစကား အားပေးစကားတွေဟာ တမဟုတ်ချင်း ကမ္ဘာပတ်နေတာကိုး။ အင်န်အယ်ဒီအစိုးရ နဲ့ လွှတ်တော်က ခေါင်းဆောင်တွေကို ခေါင်းပေါ်တင်ထားတဲ့ ပြည်သူတွေဟာ တိုက်ပွဲလှိုင်းကို မြင့်သည်ထက် မြင့်အောင် တွန်းတင်နေကြပြီ ဖြစ်ပါတယ်။
အဲသည်အတွက် အာဏာသိမ်းစစ်တပ်က ဖေ့စ်ဘွတ်နဲ့ မတ်ဆင်ဂျာကို ယာယီပိတ်ဆို့ဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူတွေအတွက် ဖေ့စ်ဘွတ်ကွန်ယက်ကျေးဇူးနဲ့ တိုက်ပွဲဒီရေ မြင့်တက်လာမှုကို တားဆီး တုန့်ဆိုင်းအောင် ကြိုးပမ်းချင်ပုံရပါတယ်။ သို့ပေမယ့် အဲသည်ကြေညာချက်ထွက်ပြီး နာရီပိုင်းအတွင်း မိမိတို့ ဖုန်း အင်တာနက် ဝိုင်ဖိုင်တွေကနေ ကျော်ခွသုံးစွဲနည်းတွေ အချင်းချင်း မျှဝေကြတာ ၀ုန်းကနဲ ထွက်ချလာပါတော့တယ်။ သာမန်အခြေခံပြည်သူတွေအဖို့ ချက်ခြင်းဖြေဆေး မတွေ့နိုင်သေးပေမယ့် မျိုးဆက်သစ် လူငယ် လူရွယ် နည်းပညာမျိုးဆက်တွေကတော့ အဲသည်အတွက် ချက်ခြင်း တုန့်ပြန်မှုက အံ့မခန်းစရာပါ။ ညဖက်က ဒီသတင်းထွက်ပြီးနောက် အခု မနက်မှာ လူတွေဟာ အတားအဆီးကို ကာပြန်ဖို့ ကိရိယာအသစ်အစုံအလင် တတ်ဆင်ထားပြီးနေပြီ၊ တတ်ဆင်နေကြပြီကို ဖေ့စ်ဘွတ်ပေါ်မှာပဲ အလုံးအရင်းနဲ့ အင်အားထုတ်ပြနေတာနဲ့ ထင်ရှားနေပါတော့တယ်။
အဲသည်ဖေ့စ်ဘွတ်ပိတ်လို့ ထိခိုက်ရသူတွေကတော့ ဖေ့စ်ဘွတ်ပေါ်က စီးပွားရေးလုပ်ငန်းများ ဖျော်ဖြေရေးအလုပ်များ ဖြစ်ပါတယ်။ ထို့အပြင် လူအများ စောင့်ကြည့်တဲ့ BBC VOA RFA DVB အပါအဝင် Mizzima Irrawaddy စတဲ့ ပြည်တွင်းစာနယ်ဇင်း ဖေ့စ်ဘွတ်စာမျက်နှာတွေလည်း အပါအဝင် လူထုကို အခြားနည်းများနဲ့ သတင်းတင်ဆက်နိုင်ရေးကို အသည်းအသန် ပြောင်းလဲ ပြင်ဆင်ကြတာကို တွေ့ရပါတယ်။ ဖေ့စ်ဘွတ်ပလက်ဖောင်းကနေ တွစ်တာပလက်ဖောင်းပေါ်ကနေ သူတို့ကို ဖတ်ရှုကြဖို့ တိုက်တွန်းနိးဆော်တာတွေလည်း လုပ်လာကြပါတယ်။
မြန်မာပြည်မှာက ဖေ့စ်ဘွတ်သုံးတတ်ရင် အင်တာနက် ကွန်ပြူတာ သုံးတတ်ပြီလို့ အခြေခံအယူရှိထားကြတာတော အခြား ပလက်ဖောင်း ကိရိယာ နည်းပညာတွေကို ယဉ်ပါးမှု အားနည်းကြပါတယ်။ အခုအချိန်မှာ သူတို့တတွေ သင်ယူမှုတွေ အရှိန်တင်ကြတာကို တွေ့ရပါတယ်။ စစ်အုပ်စုက ဝန်ထမ်းတွေကိုယ်တိုင်ကလည်း ဖေ့စ်ဘွတ်ကိုသာ သင်ယူကျွမ်းကျင်မှု များပြီး လုပ်ငန်းသုံး အလုပ်ခွင်သုံး အခြားပလက်ဖောင်းတွေ ကျွမ်းကျင်တတ်မြောက်သူ နည်းပါးတာကြောင့့ သည် GAP ကို ကျော်ဖို့ အခက်တွေ့မှာ ပြည်သူတွေတင်မဟုတ်ဘဲ စစ်အုပ်စုကိုယ်တိုင်လည်း အကန့်အသတ် ဖြစ်ကုန်မှာ သေချာတယ်လို့ သုံးသပ်နိုင်ပါတယ်။
မင်းကိုနိုင် ဂျင်မီတို့ ၈၈ မျိူးဆက်တွေကတော့ civil disobedience အကြမ်းမဖက် အံတုဖို့ တိုက်တွန်းပါတယ်။ အချို့က အိမ်ပြင်မထွက်ဘဲ နိုင်ငံရေးအံ့တုဖို့ ဆန္ဒထုတ်ဖော်ဖို့ ပြောကြပါတယ်။ ရဲရင့်လာတဲ့ မျိုးဆက်သစ်တွေကတော့ လမး်ပေါ်ထွက်ပြီး မိမိတို့ဆန္ဒကို ထုတ်ဖော်ပါတယ်။ နယ်မြိုတွေမှာ ဆရာဝန်တွေက စစ်အာဏသိမ်းတာ ကန့်ကွက်ကြောင်း လမ်းပေါ်ထွက် ထုတ်ဖော်ပြောဆိုကြပါတယ်။ အဓိကကတော့ လုပ်ငနး်ခွင်တွေ မဝင်ကြတော့ဘဲ ဝန်ထမ်းတွေ သပိတ်မှောက် ထွက်ခွာကြဖို့ ဖြစ်ပါတယ်။ သူတိုံကို ပြည်သူတွေက ဝိုင်းဝန်း ကာကွယ်ဖို့ ကူညီစောင့်ရှောက်ဖို့လည်း တိုက်တွန်းကြပါတယ်။
သည်နေရာမှာ စဉ်းစားစရာ ဆွေးနွေးစရာက အချိန်အကန့်အသတ် ဘယ်လောက် မှန်းထားတာလဲ။ နောက်တဆင့် ဘာဆက်လုပ်မှာလဲ။ စစ်အစိုးရကတော့ ပြည်သူတွေ၏ reaction တုန့်ပြန်မှုတိုင်းအတွက် အရေးယူဆောင်ရွက်ချက် action တွေ ထပ်ဆင့် ထုတ်ပြန်နေပါတယ်။ မေးခွန်းက စစ်တပ်အလိုတော်ရိတွေက အကြမ်းဖက် ဖြိုခွဲတာ နှီမ်နှင်းတာ ရိုက်နှက် ပစ်ခတ်တာ ဖမ်းဆီးတာတွေကို ဘယ်လို ပြင်ဆင်မှု တုန့်ပြန်မှု ဘယ်လောက်အထိ ပြင်းပြင်းထန်ထန်နဲ့ တိုက်ပွဲဝင်မလဲ ဆိုတာ ဖြစ်ပါတယ်။
အရင်တုန်းကလို အကြမ်းမဖက် ခေါင်းငုံ့ပြီး အဖမ်းခံ အရိုက်ခံ အသေခံကြမည်လား။ ဟိုးခေတ်က ဂန္ဒီကြီးနည်းပဲလား။ ထောင်တွေ အကျဉ်းစခန်းတွေမှာ စစ်ခွေးတွေ ညှင်းဆဲသတ်ဖြတ်တာကို လည်စင်းခံပြီး စွန့်လွှတ် ပေးကြဦးမည်လား။ ဒါက မေးခွန်းတွေ မေးလာကြပါတယ်။ သို့မဟုတ် ဟောင်ကောင်မျိုးဆက်သစ် ထိုင်းမျိုးဆက်သစ်တွေလို အကြမ်းဖက်လာသူကို မိမိကိုယ်ကို ကာကွယ်ခုခံခွင့် ရှိတယ်လို့ ခံယူပြီး တွန်းလှန် ဖယ်ရှား တုန့်ပြန်ပြီး ဆက်ချီတက်ကြမှာလား။ ဒါက မေးခွန်းတွ ဖြစ်လာပါတယ်။ ရှေ့ကို တလှမ်းပြီး တလှမ်း တိုးကြမယ်ဆိုရင်ဖြင့် သည်လိုအခြေအနေမျိုးကို ကာယကံရှှုင်တွေ ကိုယ်တိုင် ဖြေကြရမှာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ဖြိုဖျက်နိုင်ဖို့ကတော့ ပြည်သူတွေအားလုံး တစိတ်တဝမ်းတည်း နည်းမျိုးစုံ လမ်းပေါင်းစုံ ကိုယ်သန်ရာ နှစ်သက်ရာ ကိုင်စွဲပြီး ဝိုင်းတွန်းလှန်ကြဖို့ပဲ ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေ အစိုးရခေါင်းဆောင်တွေကလည်း သူတို့ နည်း၊ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေကလည်း သူတို့လမ်း၊ ပြည်သူတွေကလည်း သူတို့ ချီနိုင်မနိုင်သည် ဝန်ကို ထမ်းပြီး အရောက်လှမ်းကြဖို့ ဖြစ်ပါတယ်။