Breaking News

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြှင့်မည်



စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြှင့်မည်

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၁

စစ်တပ်က မြန်မာနိုင်ငံတော်အာဏာကို သိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိ အစိုးရနှင့် လွှတ်တော်ခေါင်းဆောင်များကို ဖမ်းဆီးထားသည်။ တပ်မတော်၏ အာဏာသိမ်းမှုကို မြန်မာပြည်သူတို့က နည်းလမ်းမျိုးစုံဖြင့် ကန့်ကွက်ဆန္ဒပြ ရှုတ်ချလျက်ရှိသည်။ နိုင်ငံတကာကလည်း စစ်အာဏာသိမ်းမ့ကို ကန့်ကွက်သည့် သဘောထားများ ထုတ်ပြန်ထားသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် တပ်မတော်ကို တောင်းဆိုနေကြပြီး မလိုက်နာပါက အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ ပြည်တွင်းပြည်ပရှိ မြန်မာတို့က စစ်တပ်အား သပိတ်မှောက်ခြင်း၊ အာခံခြင်း၊ ကန့်ကွက်မှုများ ထုတ်ဖော်ခြင်းတို့ကို ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ဆက်တိုက် လှုပ်ရှားလျက်ရှိသည်။

ယမန်နေ့က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အိမ်ရှေ့ လမ်းများပေါ်ထွက်၍ ဆန္ဒပြထုတ်ဖော်ပွဲများ စတင်လာသည်ကို တွေ့ရသည်။ ယနေ့တွင်လည်း အကြမ်းမဖက်သောနည်းဖြင့် ဆန္ဒပြကြရန် စီစဉ်နေကြောင်း ကြားသိနေရသည်။ စစ်အာဏာပိုင်များက သံပုံးတီးကန့်ကွက်မှုများကို တိုင်ကြားရန် ညွှန်ကြားစာများ ထုတ်ထားသည်။ ယခုကဲ့သို့ လမ်းပေါ်ထွက်ပြီး စစ်အာဏာသိမ်းအစိုးရကို ဆန္ဒထုတ်ဖော် ကန့်ကွက်လာကြမည် ဆိုပါက စစ်တပ်က ပြည်သူကို လက်နက် အားကိုးပြီး ပစ်ခတ်ခြင်း သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်း ကျုးလွန်လာလိမ့်မည်ဟုလည်း အချို့က မှတ်ချက်ပေးသည်။

ရန်ကုန်မြို့လမ်းများတွင် လူ ကား အသွားအလာ နည်းပါးပြီး အလုပ်ခွင်များသို့ သွားရောက်ခြင်း မရှိကြောင်း၊ အချို့ ပြင်ပကုမ္မဏီများကလည်း ယခုတပတ် နှင့် နောက်တပတ်ကို အလုပ်များမှ ခွင့်ပေးထားကြောင်း မှတ်ချက်ပေးသည်။ ကျောင်း အလုပ် ဆေးရုံ သပိတ်မှောက်မှုများကိုလည်း အနှံ့အပြားတွင် ထုတ်ဖော် ကြေညာလျက်ရှိသည်။

ယမန်နေ့သတင်းများအရ နေပြည်တော် စည်ပင်ရိပ်သာအတွင်း ပိတ်ဆို့ခံထားရသော ၂၀၂၀ ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အသစ် ခေါ်ယူပြီး အတည်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းထိန်ကို စစ်တပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်။