Breaking News

မြန်မာသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင်များနှုတ်ထွက်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀) ရက်၊ ဗုဒ္ဓဟူးနေ့၊ Photo from MPC website

မြန်မာသတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင်များနှုတ်ထွက်

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် သတင်းလွတ်လပ်ခွင့်ကို အာမခံနိုင်ဖို့ နှင့် ကာကွယ်ပေးနိုင်ဖို့ အခြေအနေများမရှိနိုင်ဟု ယူဆသဖြင့် သတင်းမီဒီယာကောင်စီက အဖွဲ့ဝင် ၈ ဦးထက်မနည်း နှုတ်ထွက်သွားကြသည်ဟု သတင်းရရှိသည်။

၅၀၅(ခ) ၊ ဆိုင်ဘာလုံခြုံရေးဥပဒေ၊ နိုင်ငံသားလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ စသည်တို့ကို ထုတ်ပြန်ခြင်း၊ ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်လာခြင်းတို့သည် သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားတို့အပေါ် ထိခိုက်နိုင်သည်မှာ ထင်ရှားသည်ဟု အဖွဲ့မှ နှုတ်ထွက်သူ ကောင်စီဝင်တဦးက မှတ်ချက်ပေးသည်။

လက်ရှိတွင် မထွက်ဘဲကျန်ရှိနေသူများက စစ်အာဏာပိုင်များ၊ သတင်းအဖွဲ့အစည်းများ၊ သတင်းသမားများ၊ အခြားအစုအဖွဲံများကြားတွင် ဆက်လက် ရပ်တည်ဆောင်ရွက်မှုများ လုပ်နိုင်ရေးအတွက် သူတို့သဘောထားကိုယ်စီဖြင့် နေခဲ့သည်ဟု ၎င်းက ဆိုပါသည်။

ကောင်စီမှ နှုတ်ထွက်သူများမှာ - ဦးမြင့်ကျော်၊ ဦးချစ်ဝင်းမောင်၊ ဦးကျော်မင်းဆွေ၊ ဦးဇေယျာလှိုင်၊ ဒေါ်ဝေမာသိမ့်၊ ဦးစောသာထူး (မောင်မောင်ဖောင်တိန်)၊ ဦးခိုင်မြတ်ကျော်၊ ဒေါ်သင်းသင်းသာ နှင့် ကိုကို(စက်မှုတက္ကသိုလ်) တို့က ယနေ့တွင် အသိပေးသည်ဟု သိရသည်။ မကြာမီရက်အနည်းငယ်ကတည်းက နှုတ်ထွက်မည်ဟု အသိပေးထားသူများမှာ ဦးပိုင်စိုးဦးနှင့် ဦးမော်လင်း တို့ဖြစ်သည်။

မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကို သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေများအရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ အဖွဲ့၀င် ၂၄ဦးဖြင့် ရွေးချယ် တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။

(၂၀၁၈-၂၀၂၁) ဥက္ကဋ္ဌအဖြစ်ဦးအုန်းကြိုင် ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးကျော်နိုင်(ထက်မြက်)၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူးအဖြစ် ဦးသီဟစော၊ တွဲဖက် အတွင်းရေးမှူး (၁) အဖြစ် ဒေါ်သင်းသင်းသာ၊ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ဦးကျော်စွာမင်း တို့ကို ကောင်စီ၀င်များ၏ဆန္ဒဖြင့် ရွေးချယ်ခဲ့ပါသည်။

အသင်းဝင်များစာရင်းကို သည်နေရာမှာ ကြည့်နိုင်သည်။

https://myanmarpresscouncil.org/about-mpc/mpc-structure/the-press-council-members

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ရည်ရွယ်ချက်များမှာ
- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသား ထုတ်ဝေဖြန့်ချီခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများဖြစ်ပေါ်စေရန်၊
- သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန်၊
- သတင်းမီဒီယာသမားများ၏ ရပို်င်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အ၀ရရှိစေရန်၊
- သတင်းမီဒီယာသမားများ လိုက်နာရမည့် တာ၀န်၊ ကျင့်၀တ်၊ စည်းကမ်းနှင့် ကျင့်စဉ်များကိုဆိုင်ရာ လုပ်ငန်း၊ အဖွဲ့အစည်းများအတွင်း သတ်မှတ်ရေးဆွဲရန်၊
- နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊
- သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြထုတ်လွှင့််မှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တစ်စုံ တစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဖက်ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့်ဖြေရှင်းပြေလည်စေရန်၊
ဟု ဖော်ပြထားသည်။