Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၇ရက် မြောက်နေ့ မြင်ကွင်း ...



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၇ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁

ဒီနေ့တော့ သတင်းမီဒီယာနယ်ပယ်က သတင်းလွတ်လပ်ခွင့်၊ သတင်းသမားအခွင့်အရေး ကိစ္စတွေ လုပ်ဆောင်နေတဲ့ သတင်းမီဒီယာကောင်စီက ကောင်စီဝင် ၁၅ ဦးနှုတ်ထွက်ကြတယ်ဆိုတဲ့ သတင်းကလည်း လူသန်းချီဆန္ဒပြကြတဲ့ အနယ်နယ် အရပ်ရပ်က သတင်းတွေအကြား ထဲ ထိုးထွက်လာတဲ့ သတင်းတပုဒ်အဖြစ် တွေ့ရတယ်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သတင်းလွတ်လပ်ခွင့်က စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်မှု တွေဖြစ်ပေါ်စေတဲ့ သတင်းပါ။ ဒီမိုကရေစီ စနစ်နဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ခွဲလို့မရသလို စစ်အုပ်ချုပ်မှုအောက် မှာ သတင်းလွတ်လပ်ခွင့် ဘယ့်လောက်ထိ ကန့်သတ်ချုပ်ချယ်ခံရမလဲဆိုတာ တွေးတော စိုးရိမ်နေကြရတဲ့ အနေအထားရောက်နေပြီဆိုတာ သတိပေးလိုက်သလိုဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ ဆန္ဒပြသူတွေက ရန်ကုန်မြို့လည် ဆူးလေမှာစုကြမယ်ဆိုတာနဲ့အတူ ရဲကားတွေ စစ်ကားတွေ မလာနိုင်အောင် အဓိကလမ်းမကြီးတချို့ကို ကားတွေရပ်တန့်ပိတ်ဆို့ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ် ၊ ကားတွေပိတ်ရပ်ရာမှာ ကားပျက်တဲ့ သဖွယ် အင်ဂျင်ဖုံးတွေ ဖွင့်ပြီးထိုးရပ်ထားတာတွေ လုပ်ကြတဲ့ သတင်းဓါတ်ပုံတွင် ပလူပျံနေခဲ့ပါတယ်။ ယမန်နေ့ ညကတည်းက ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ တမြိုလုံး ထွက်မယ်ဆိုတဲ့ နှိုးဆော်ချက်၊ ဆူးလေမှာ စုဝေးမယ်ဆိုတဲ့ နှိုးဆော်ချက်တွေ ဖေ့စ်ဘွတ်ပေါ်ပျံ့နှံ့နေခဲ့တဲ့နောက် ဒီနေ့မှာ ရန်ကုန်တမြို့လုံး လူစုလူဝေး အများဆုံး နေ့တနေ့အဖြစ် တွေ့မြင်ကြရတာပါ။

ရန်ကုန်မြို့ရဲ့ လူနေရပ်ကွက်တွေမှာတော့ နံနက်ဆို စျေးဝယ်သူ တွေ မြို့နယ် စျေး တွေမှာတွေ့ရပြီး နံနက် ၉နာရီလောက်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့ စုဝေးရာ နေရာတွေဖြစ်တဲ့ လှည်းတန်း၊ဆူးလေ တို့ဆီ အစုလိုက် လမ်းလျှောက်သွားတဲ့သူတွေရှိသလို ကားတွေနဲ့ စုပြီး သွားကြတာတွေလည်း တွေ့ရမှာပါ။ ညနေဘက်မှာ စုဝေးရာက အပြန် လမ်းတွေမှာဆို အိမ်တွေက လမ်းသွယ်တွေက လူအစုအဝေးလိုက် လမ်းမ နဘေးထွက်ရပ်ကြပြီး အလံ ပိုစတာနဲ့ ဆန္ဒပြရာက ပြန်လာသူတွေကို နှုတ်ဆက် တဲ့အနေရော ဆန္ဒပြတာရော နဲ့ စည်ကားနေလေ့ရှိတာပါ။ ရပ်ကွက်တွေထဲက အသက်အရွယ်ကြီးသူ ကလေးငယ်တွေ လူငယ်တွေက နီးစပ်ရာ လမ်းမတွေဆီထွက်ပြီး ဆန္ဒပြကြတာက နေ့စဥ် ဖက်ရှင်တခုလို ဖြစ်လာတာတွေ့ရပါတယ်။

ညဘက်ဆိုရင်တော့ လမ်းတိုင်းလမ်းတိုင်းမှာ အချိန်မှန် သံပုံးတီးတာ ပြီးတဲ့နောက် လမ်းသွယ်ထိပ်တွေ မှာ လမ်းသွယ်တွေထဲမှာ အမျိုးသားတွေ အစုလိုက် ကင်းစောင့်ကြတဲ့မြင်ကွင်းကလည်း နေ့တဓူဝ မြင်ကွင်းလိုဖြစ်လာနေပါတယ်။

နယ်တွေမှာ လူစုကွဲချိန်၊ သို့မဟုတ် အလစ်အငိုက်တွေကို စောင့်ဆိုင်းပြီး စစ်တပ်နဲ့ ရဲတွေက ဆန္ဒပြသူတွေကို တိုက်ခိုက်တာ ဖမ်းဆီးတာတွေ ရှိတယ်လို့ သတင်းထွက်ပါတယ်။ မန္တလေး မီးရထားဝန်ထမ်းအိမ်ယာကို ညဘက်မှာ ပစ်ခတ်တိုက်ခိုက်တာကတော့ သတင်းဆိုးတခုပါပဲ။ အစိုးရဝန်ထမ်းအိမ်ရာတွေက သပိတ်မှောက်ဝန်ထမ်းတွေကို ဖိနှိပ်ဖို့ မောင်းထုတ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေကြောင့် ပြည်သူတွေက CDM Support ထောက်ပံ့ကူညီပေးလုပ်ငန်းတွေ ပိုပြီး တိုးလုပ်လာကြတာကို တွေ့ရပါတယ်။ စာရေးတဲ့အချိန်က ၁၈ရက် မနက်ပါ၊ မြန်မာပြည်မှာ အင်တာနက် ခုထိ ရနေတုန်းပါ။ ခုနင်ကတွေ့လိုက်တဲ့ NLD လွှတ်တော်ကိုယ်စားပြုကော်မီတီရဲ့ အကြောင်းကြားစာမှာ အရှေ့အနောက်က သံတမန်တွေနဲ့ အဆက်အသွယ်ဖွင့်ပြီး ဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။