မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၇ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၇ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၁ဒီစာရေးနေတဲ့အချိန်မှာ မြန်မာပြည်တွင်းမှာ အင်တာနက်တွေ ပြန်ဖွင့်ပေးတဲ့ အချိန်ဖြစ်ပါတယ်။ ဆန်းဒေး နေ့ခင်း ၂ နာရီ မှာ ဖြစ်ပါတယ်။ အင်တာနက်ပိတ်ထားချိန် မနက်ကတည်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မြို့လမ်းမများပေါ်မှာ စုဝေးပြီး စည်းကမ်းတကျ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေကြပါပြီ။ လူ ထောင်သောင်းချီပြီး အင်းစိန်၊ တာမွေ၊ သင်ကန်းကျွန်းတို့ကနေ ချီတက်လာကြတာ နေ့ခင်းမှာ ဆူးလေ မြို့တော်ခန်းမရှေ့ကို ရောက်ပါတယ်။ မြန်မာနောင်းအပါအဝင် ပြည်တွင်းမီဒီယာသတင်းထောက်တွေက တောက်လျောက် လိုက်ပါပြီး ဖေ့စ်ဘွတ်လိုက် လွှင့်ပေးကြပါတယ်။ ဒီလူထုချီတက်ကန့်ကွက်ပွဲ မြင်ကွင်းကို အင်တာနက်ပိတ်ခံထားရတဲ့ ပြည်တွင်းက မမြင်ရပေမယ့် ပြည်ပက မြန်မာတွေကတော့ တောက်လျောက် မြင်တွေ့စောင့်ကြည့်နေကြပါတယ်။
အင်တာနက်လိုင်းကို အိမ်နီးချင်းနိုင်ငံတချို့က ဆင်းကဒ်လိုင်းနဲ့ သုံးကြတယ်လို့ ခန့်မှန်းကြပါတယ်။ စစ်အာဏာသိမ်းအစိုးရက ဘယ်လိုပိတ်ပိတ် သတင်းစီးဆင်းမှုက ရပ်မသွားပါဘူး။ စနေနေ့ကတည်းက လမ်းပေါ်ထွက်ပြီး ချီတက် ကန့်ကွက်ပြကြတဲ့ မျိုးဆက်သစ်လူငယ်တပ်ပေါင်းစုတွေကိုလည်း ဘယ်သူကမှ မတားဆီးနိုင်ခဲ့ကြပါဘူး။ တနင်္ဂနွေနေ့မှာတော့ အာဏာရှင်စနစ် ကျရှုံးပါစေ ဆိုတဲ့ ဟစ်ကြွေးသံနဲ့ ပြည်သူလူထုနဲ့အတူ တော်လှန်သော မျိူးဆက်သစ်လူငယ်တွေ လမ်းပေါ်တက်ပြီး တိုက်ပွဲဝင်နေတာကို တွေ့နေရပြီ ဖြစ်ပါတယ်။ စစ်တပ်က ရဲတွေနဲ့ ပိတ်ဆို့ဖို့ ကြိုးစားပေမယ့် လူထုက သူတို့ကို ကွေ့ရှောင်ပြီး ဆူးလေအရောက် ချီတက်သွားကြပါတယ်။ လူငယ်မျိုးဆက်သစ်တွေထဲက အိသဉ္ဇာမောင်ကို မနေ့က မြင်တွေ့ကြရပြီး သည်နေ့မှာတော့ မောင်ဆောင်းခကို လှည်းတန်းလူထုစစ်ကြောင်းမှာ တွေ့လိုက်ရပါတယ်။
နယ်မြို့တွေမှာလည်း ပြည်သူတွေက လမ်းပေါ်ထွက်ပြီ စစ်အာဏာသိမ်းအစိုးရကို ကန့်ကွက်ဆန္ဒပြ တိုက်ပွဲဝင်နေကြပါတယ်။ အင်တာနက်မရှိလို့ ဆန္ဒပြပွဲတွေ ရပ်တန့်သွားတယ် ဆိုတာ မဟုတ်ပါဘူး။ လူထုဟာ လူထုချင်း ချိတ်ဆက်ပြီး စစ်အာဏာသိမ်းအစိုးရကို ဆန့်ကျင်မှုတွေ ထုတ်ဖော်နေကြပြီ ဖြစ်ပါတယ်။
တော်လှန်ရေးဆိုတာ အချိန်မစောင့်ဘူး၊ တော်လှန်ရေးက စီးဆင်းသွားပြီ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖွဲ့တွေ၊ အတိတ်အရေးတော်ပုံ မျိုးဆက်ဟောင်းတွေ၊ #CDM လို့ခေါ်တဲ့ ဝန်ထမ်းသပိတ်လှုပ်ရှားမှုတွေကလည်း ခေတ်သစ်တော်လှန်ရေးလှုပ်ရှားမှု လှိုင်းလုံးထဲမှာ ဆက်ပြီး ချီတက်သွားကြမှာ ဖြစ်ပါတယ်။