မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၀ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၂၀ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၁အားလုံးမျော်နေတယ် NUG
စစ်အာဏာသိမ်းထားပြီး ၂ လနဲ့ ရက် ၂၀ မြောက် နေ့ရက်နဲ့ တွက်ရင်ဖြင့် ၇၈ ရက်နေ့မြောက်ရှိလာပါပြီ။ သင်္ကြန်ရုံးပိတ်ရက်အဖြစ် ဒီနေ့ဟာ နောက်ဆုံးရက် ဖြစ်ပါတယ်။ မနက်ဖြန် ဧပြီ ၂၁ ရက်နေ့မှာ တရားဝင်ရုံးဖွင့်ရက် အဖြစ် ပြန်ဖွင့်မှာဖြစ်ပြီး မတ်လကုန်ပြီးနောက် ဧပြီလဆန်းကတည်းက ကြိုကြားကြိုကြား ဖွင့်ဖို့ လုပ်ဆောင်နေတဲ့ ပုဂ္ဂလိကဘဏ်တွေ အရင်ထက် ဘဏ်ခွဲပိုပြီးဖွင့်ဖို့ ကြိုးစားနေတာ ကြားသိနေရပါတယ်။ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ စီဘီဘဏ်တွေ သူတို့ရဲ့ ဘဏ်ခွဲအတော်များများ ဖွင့်နိုင်မလား ဆိုတာ မနက်ဖြန် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။ အချို့သော ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေလည်း စီဒီအမ် လုပ်ကြပြီး အလုပ်ခွင်ပြန်မဝင်ပဲ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျအောင် လုပ်မယ်ဆိုတ့ ရည်ရွယ်ချက်နဲ့ အလုပ်က ထွက်လျင်ထွက်ရပါစေ စီဒီအမ် ကို ရုပ်သိမ်းပြီး ရုံးတော့ပြန်မတက်နိင်ဘူးလို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားအသိပေးထားကြတာလည်းတွေ့ရပါတယ်။
ပုဂ္ဂလိကဘဏ်တွေ မဖွင့်နိုင်တော့ ဘဏ်မှာ အပ်ထားတဲ့ငွေကို ထုတ်ယူသုံးစွဲဖို့ရာအတွက် အေတီအမ် စက်ကိုပဲအားကိုးရပါတော့တယ်။ အေတီအမ် ကဒ် မလုပ်ထားဘဲ ဘဏ်စာအုပ်နဲ့ ဘဏ်ကောင်တာမှာသာ သွားထုတ်တတ်တဲ့ အသက်ကြီးသူတွေအဖို့ ဒီကာလမှ အခက်အခဲကြုံရတာ ကြားသိရသလို၊ ဘဏ်မှာ ပိုက်ဆံခပ်များများ အပ်နှံထားရှိသူအချို့့ကလည်း ဘဏ်ပြိုလဲမှာ စိုးရိမ်မှုရှိလာကြတာကြောင့် အကောင့်ထဲက ပိုက်ဆံကို ရာခိုင်နှုန်းအမြတ် အဖြင့် ၂ ရာနှုန်း၃ ရာနှုန်းအထိဆောင်းပေးပြီး ငွေသားနဲ့ လဲလှယ်ကြတာတွေ ရှိလာနေတာတွေ့ရပါတယ်။
ငွေလည်ပတ်မှု ကြပ်သွားပြီး၊ ငွေစက္ကူလက်ထဲ ရှိသူအနေနဲ့လည်း ဘဏ်မဖွင့်လို့ မသွင်းနိုင်၊ အဲဒီငွေကို ဘဏ်စာရင်းထဲ ရှိတဲ့ ငွေနဲ့ ရာခိုင်နှုန်းအမြတ်ယူ ထုတ်ပေးကြတာမျိုးလည်း ဖြစ်ပွားနေတာတွေ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်တွေက လူမှုကွန်ရက်ပေါ်မှာ နေ့စဥ်လို မြန်မာနိုင်ငံဗဟိုဘဏ်က အခုလို ထူးထူးခြားခြား ငွေကြေး ဆိုင်ရာ ဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာမျိုး တနေ့က ထုတ်ပြန်ပါတယ်။ ဟိုးအရင်ခေတ်ကလို အစိုးရက ဥပဒေတွေ ထုတ်ပြန်ချင်သလို ထုတ်ပြန် လိုက်နာတဲ့သူ ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ထုတ်ထားတဲ့ ဥပဒေကိုလည်း အမှန်တကယ် လိုက်နာအောင် ကြပ်မတ်နိုင်တဲ့ အခြေအနေလည်း မရှိနဲ့ မြန်မာနိုင်ငံက ခုတလော လူအများ ပြောပြောနေကြတယ် “ကျဆုံးနိုင်ငံ” တနိုင်ငံ အဖြစ်ကို ဦးတည်နေပြီလားလို့ စဥ်းစားမိတာလည်း ရှိကြောင်းပါ။
ဘဏ်တွေကိစ္စ အကြောင်း ပြီးနောက်မှာ ဆန္ဒပြမှုတွေ ၊ ဖြိုခွဲမှုတွေ၊ ခုခံမှုတွေက မြန်မာနိုင်ငံ အထက်ပိုင်း ကနီမြို့ အနီးအနားက ကျေးရွာတွေမှာ ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အရပ်သားဘက်မှာ အသေအပျောက်ရှိသလို စစ်သားနဲ့ ရဲတွေဘက်မှာလည်း အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာ ဖြစ်ပျက်တဲ့ ခုခံမှုတွေမှာ အရပ်သားတွေဘက်က အမဲလိုက်ရာမှာ သုံးတဲ့ တူးမီးသေနတ်ကို အသုံးပြုခုခံနေကြတာတွေ ရှိနေတာ ကလေးမြို့၊ တန့်ဆည် စတဲ့ ဒေသက အဖြစ်အပျက်တွေ မှာ ကြားသိကြရပြီး ဖြစ်ပါတယ်။
ခုရက်ပိုင်းမှာ ခုခံမှုတွေက မြို့ရွာ အနှံ့ မဟုတ်တော့ပေမယ့် ခုခံမှုရဲ့ အရှိန်က ပြင်းထန်ဆဲဖြစ်တာတွေ့ရပါတယ်။ ကျေးရွာတွေက ရွာသားတွေက စစ်ကောင်စီ စစ်သား၊ ရဲတွေကို ခုခံနေကြတာ ဖြစ်ပြီး အသက်အန္တရာယ်ကို မကြောက်မရွံ့ စစ်ကားတန်းတွေ ကို ကြားဖြတ်တားဆီးတာ တူးမီးသေနတ်နဲ့ ပစ်တာတွေက စစ်အရှိန်မြင့်တက်လာမယ့် အရိပ်အရောင် သဖွယ်ဖြစ်နေပါတယ်။ မိုဘိုင်းဖုန်းအင်တာနက် တွေ ဖြတ်တောက်ပိတ်ပင်ထားလိုက်တာကြောင့် အထက်ကျေးရွာတွေ မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တေွ ရဲ့ ဗီဒီယိုကလစ်တွေ ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ် တက်လာတာ မတွေ့ရသေးပါဘူး။
မန္တလေးမြို့မှာတော့ သပိတ်စစ်ကြောင်းတွေ အချိန်အားဖြင့် ကြာရှည်စွာ မပြနိုင်သည့်တိုင် နေ့စဥ် ချီတက်ဆန္ဒပြနေဆဲ ဖြစ်တာကို သတင်းတွေမှာ တွေ့နေရပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ ဆန္ဒပြမှုကို ရပ်ဆိုင်းသွားေအာင် မစွမ်းနိုင်ဘူးဆိုတဲ့သဘောမျိုး၊ သက်သေပြဖို့ရာ ဆန္ဒပြမှုတွေ နေ့စဥ် ဆက်လက်ရှိနေဆဲ ပြနေဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ လမ်းပေါ်မှာတော့ စစ်ကားတွေ၊ ရဲကားတွေ ကင်းလှည့်နေတာတွေ လည်းတွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ လမ်းဆုံတွေမှာ မြို့နယ် တမြို့နယ်နဲ့ တမြို့နယ် အဆက်အစပ်တွေမှာ ကားတွေကို တားဆီးပြီး စစ်ဆေးတာတွေ နေ့စဥ် လုပ်နေဆဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကားအသွားအလာ အနည်းငယ် ပိုများလာပေမယ့် ပုဂ္ဂလိကလုပ်ငန်းတွေ ပြန်မလည်ပတ်နိုင်သေးတာလည်း တွေ့ရပါတယ်။ ဟိုနားသည်နားမှာ မထင်ရင် မထင်သလို ရိုက်နှက်တာ ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။
CRPH လွှတ်တော်ကိုယ်စားပြု ကြားကာလအစိုးရတရပ်ကနေ NUG အမျိုးသားညီညွတ်ရေးအစိုးရတရပ်အဖြစ် ဧပြီလ ၁၆ ရက်နေ့က ကြေညာအပြီး ယခုဆိုရင် ၄ ရက် မြောက်သွားပြီ ဖြစ်ပါတယ်။ အရပ်ဖွဲ့အဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေ ပြည်တွင်း ပြည်ပက ထောက်ခံကြိုဆိုကြပါတယ်။ အနောက်နိုင်ငံကြီးတွေနဲ့ အာရှက ဩဇီ၊ တောင်ကိုရီးယား၊ ဂျပန်တို့က အစိုးရအဆင့်တုန့်ပြန်ခြင်း မတွေ့ရသေးပါဘူး။ အာဆီယံအဆင့် အရေးပေါ်အစည်းအဝေးဒီအပတ်တွင်း ကျင်းပမှာဖြစ်လို့ မင်းအောင်လှိုင်လား ဇင်မာအောင်လား ဘယ်သူကို တက်ခွင့်ပေးမှာလဲဆိုတဲ့ အကဲစမ်းတဲ့မေးခွန်းနဲ့ စောင့်ကြည့်မှုတွေ ထွက်ပေါ်နေပါတယ်။ အာဆီယံနိုင်ငံများ၏ တုန့်ပြန်ချက်ကို ဒီမိုကရေစီဆိုတဲ့ နိုင်ငံကြီးတွေက စောင့်ကြည့်နေတယ်ဆိုရင်တော့ မျက်ခုံးပင့်ချင်စရာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေက အပြုသဘောဆက်ဆံရေးတွေ ထားရှိမှာကတော့ သေချာပါတယ်။ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုဖို့ကို အားလုံးက စောင့်မျော်နေပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG က ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပူးပေါင်းပါဝင်မယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF နာယက စောညာမော်မဲက ပြောလိုက်ပါတယ်။ ဒါကတော့ NUG၏ လက်နက်ကိုင်တပ်ကို ပူးပေါင်းမယ်လို့ ပထမဦးဆုံးထုတ်ပြောတဲ့ တိုင်းရင်းသားတပ်ဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ကရင်နီနယ်မြေဆိုတာက ကယားပြည်နယ်လို့ ယူနိုင်တော့ နေပြည်တော်နဲ့ အလွန်နီးကပ်တဲ့ စစ်ရေးနယ်မြေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နဲ့ ကချင်နယ်မြေတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခမ်းကဏ္ဍကိုလည်း ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ NUG, CRPH နဲ့ NUCC တို့အတွက် ခြေကုပ်နယ်မြေတွေ safe zone ဆိုတာတွေကိုလည်း မကြာမီ ပြည်သူတွေ ရေရေရာရာ သိလာကြတော့မယ်လို့ မျော်လင့်ရမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ CDM ဆက်လုပ်ရမယ်လို့ ပြောထားပါတယ်။ အစက သူမှန်းထားသလို CDM အင်အားတွေက တော်လှန်ရေးအင်အားတွေ ဖြစ်တယ်လို့ ဆိုထားရာကနေ NUG၏ အစိုးရဝန်ထမ်း အစိုးရအင်အားအဖြစ် သဘောထားလိုက်ပုံရပါတယ်။ စစ်ကောင်စီနယ်မြေ၊ လွတ်မြောက်နယ်မြေဆိုပြီး သတ်မှတ်ပြီး ကူညီမှုတွေ ညွှန်ကြားမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ ပညာရေးလုပ်ငန်း ကျန်းမာရေးလုပ်ငန်းတွေကို အွန်လိုင်းနဲ့ မြေပြင်အလုပ်တွေအဖြစ် ခွဲခြားသတ်မှတ်ပြီး အကောင်အထည်ဖော်မယ်လို့ ပြောထားပါတယ်။ လွတ်မြောက်နယ်မြေမှာ ကျောင်းပညာရေးကို ဆက်ဆောင်ရွက်မယ် အားပေးမယ်လို့လည်း ပြောပါတယ်။ အွန်လိုင်းပညာရေးနဲ့ အွန်လိုင်း တယ်လီမက်ဒီဆင်းလည်း လုပ်မယ်ဆိုပါတယ်။ မြေပြင်မှာတော့ အခြေခံလိုအပ်တဲ့ ကျန်းမာရေး လူမှုရေးအကူအညီတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ယခုထက်ထိ ပြည်တွင်း ပြည်ပက ပြည်သူတွေ မျော်လင့်စောင့်စားနေတဲ့ နောက်တချက်ကတော့ CRPH နဲ့ NUG ကို ထောက်ခံမှုနဲ့ ကူညီပံ့ပိုးမှုတွေ အမြန်ဆုံး အထိရောက်ဆုံး စီးဆင်းနိုင်ဖို့ ဘဏ္ဍာရေး ငွေကြေး လမ်းကြောင်းတွေ ညွှန်ကြားချက်တွေက ဘယ်လိုလဲ ဘာလဲဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ပြည်သူတွေက စုဆောင်းထားသမျှတွေကို ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အရှိန်အဟုန်ပြင်းစွာနဲ့ ထူထောင်ရပ်တည်နိုင်ဖို့ ပေးအပ်လှူဒါန်းနေကြပါတယ်။ CRPH, NUG, CDM, Federal Army စတဲ့ကဏ္ဍတွေဆီ ချက်ခြင်းတမဟုတ်ချင်း ရောက်ရှိသွားစေချင်တဲ့ ဆန္ဒတွေလည်း ကြီးမားလှပါတယ်။ နိုင်ငံတကာအကူအညီတွေ အစိုးရချင်း ထောက်ပံ့မှုတွေကိုလည်း အမြန်ဆုံး ဖြစ်မြောက်စေချင်ကြပါတယ်။ သည်အတွက် NUG စီမံဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးဌာနကိုလည်း မျော်နေကြောင်း သိရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar