လှကျော်ဇော - ဒီမိုကရေစီအလင်းရောင်အောက်မှာ

Art - Than Htay Maung

လှကျော်ဇော - ဒီမိုကရေစီအလင်းရောင်အောက်မှာ
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၁ဖေဖေက ကျွန်မတို့ကို “တို့တတွေမှာ ပုဂ္ဂိုလ်အရ ဘယ်သူမှရန်သူမဟုတ်ဘူး။ တို့ရဲ့ရန်သူဟာ စနစ်သာဖြစ်တယ်။” လို့သင်ကြားပေးခဲ့ပါတယ်။ ဖေဖေရဲ့ပြောဆိုချက်၊ ရေးသားချက်များမှာလည်း ပုဂွိုလ်ရေးတိုက်ခိုက်မှုတွေ မပါတတ်ပါဘူး။ သိပ်ကိုမလွှဲသာမှ တကြောင်းနှစ်ကြောင်း ပါတတ်ပါတယ်။ အဲသလို ရှားရှားပါးပါးအကြောင်းအရာအချို့မှာ ဗမာပြည်ကြီးကို စစ်အာဏာရှင်စနစ်ဆိုးကြီးအောက် ပို့ဆောင်ပေးခဲ့တဲ့ ဗိုလ်နေဝင်းအကြောင်း တခါတလေ ပါလာတတ် ပါတယ်။
ဖေဖေရဲ့နောက်ဆုံးအင်တာဗျူး (၂၀၁၁ ဇွန်လ အာရ်အက်ဖ်အေ ဦးခင်မောင်စိုးနဲ့) မှာ ဒီလိုပြောထားတာ တွေ့ရပါတယ်။
“ ဗိုလ်နေဝင်းဟာ ဒီမိုကရေစီအလင်းရောင်အောက်မှာ နေနိုင်တဲ့လူစားမျိုး မဟုတ်ဘူး။ ဒါကြောင့် သူက ဒီမိုကရေစီမပေးနိုင်ဘူး။” တဲ့။
ဟုတ်ပါတယ်။ ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ ဒီမိုကရေစီ ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး။ ပဒေသရာဇ်အကျင့်စရိုက်ရှိတဲ့ စစ်အာဏာရှင်တွေဟာ လစ်ဘရယ်ဒီမိုကရေစီကိုတောင် ရှင်သန်ခွင့်မပေးပါဘူး။ နယ်ချဲ့စနစ် အကျပ်အတည်း နဲ့အတူ လူတန်းစား တိုက်ပွဲ ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲ တွေ အနှံ့အပြား များပြားလာ တာကြောင့် အုပ်စိုးသူများဟာ အစဉ်အလာဒီမိုကရေစီမှာတောင် တာမစားတဲ့ (all inclusive) Idendity Politics တွေကို မျက်နှာပြောင်တိုက် ပွဲထုတ်လာရတဲ့ အခြေအနေပါ။ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကိုအထိမခံနိုင်လို့ ဒီမိုကရေစီ မပေးနိုင်တာပဲ ဖြစ်ပါတယ်။ လက်ယာစွန်း အမျိုးသားရေး ၊ ဖက်ဆစ်တိမ်းညွတ်မှုတွေလဲ ခေတ်စားလာနေ တာ လုံးဝ အထင်အရှား ဖြစ်ပါတယ်။
ဒီမိုကရေစီအလင်းရောင်အောက်မှာ နေနိုင်ဖို့ဆိုတာ အလွန်သန့်ရှင်းစင်ကြယ်တဲ့ သိက္ခာသမာဓိရှိသူများဖြစ်ဖို့ လို ပါတယ်။ ပုထုဇဉ်လူသားများသာဖြစ်တဲ့အတွက် အမှားအယွင်းတွေ ရှိနိုင်ပါတယ်။ ဒီအမှားတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုနဲ့ ရိုးသားစွာပွင့်လင်းဖြောင့်မတ်စွာ ပြည်သူတွေကို ဆက်ဆံဖို့လိုပါတယ်။ အဲဒီတော့ ဒီမိုကရေစီ အလင်းရောင်အောက်မှာ ဘာကြောင့် မနေနိုင်ကြတာလဲ။ ဘယ်လို လူမျိုးတွေလဲ။ ရှင်းပါတယ်။ အပြောနဲ့လက်တွေ့ကျစွာ မနေနိုင်ကြသူတွေပါ။
ဥပမာ … စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်း ဆိုပါစို့။
ဒီနေရာမှာ ဗိုလ်နေဝင်းဘာကြောင့် ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေရဲသလဲ ဆိုတာ မပြောခင် (other accounts) တခြားစာရင်း ဆိုတာအကြောင်း ပြောရဦးမယ်။
ဒီစကားဟာ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီ တစုံတရာလေး ရလာတဲ့ကာလမှာမှ ပြည်သူတွေအကြား ပျံ့နှံ့လာတာဖြစ်ပေမယ့် ဗျူရိုကရေစီ(စစ်တပ်အပါ) စနစ်မှာ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားအကြား အမြစ်တွယ်အသားကျနေတဲံ့ စကားဖြစ်ပါတယ်။ အထူးသဖြင့် ထိပ်တန်းအရာရှိကြီးများအတွက် အထူးအခွင့်အရေးတရပ်ပါ။ ဥပမာ - စစ်တပ်က ထိပ်တန်းကအရာရှိကြီးများအဆင့်အတန်းအလိုက် သုံးနိုင်တဲ့ အထူးရန်ပုံငွေ ဆိုတာပါပဲ။ လိုအပ်တဲ့ထောက်လှမ်းရေးကိစ္စများအတွက် သုံးနိုင်ပြီး (လျှို့ဝှက်ရေးအရဆိုတဲ့ နာမည်အောက်မှာ) စာရင်းပြစရာမလိုပါ။ ကိုယ်ကျင့်သိက္ခာအားနည်းသူများဟာ အလွဲသုံးစားလုပ်ရင်းက လောဘဇောထဲ နစ်မြုပ်သွားတတ်ပါတယ်။ ("အခွင့်ထူးခံစနစ်" ဆိုတာကလည်း အမေရိကန်မှာတောင် (စစ်တပ်အပါ) နိုင်ငံတော်ယန္တရား ဆိုတာ အခွင့်ထူးခံ စနစ်နဲ့ တည်ဆောက်ထားတယ်ဆိုတာကိုလည်း သတိပြုကြရမှာပါ။) ဗမာပြည်ကတော့ စစ်အာဏာရှင်စနစ်အောက်မှာ စစ်အုပ်စုနဲ့ စစ်ဗိုလ်ချုပ်တွေ ဟာ စစ်ဗျူရိုကရေစီအခွင့်ထူးခံစနစ်ကို ထင်သလို အသုံးပြု လုပ်ချင်သလို စိတ်တိုင်းကျ လုပ်နေကြတာပါ။
၁၉၅၀ခုနှစ်လောက်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေပြီဖြစ်တဲ့ ဗိုလ်နေဝင်းမှာ တလ အထူးရန်ပုံငွေ (၅၀ဝ၀ ကျပ်) ရှိပါတယ်။(အဲဒီခေတ်က အောက်တန်းစာရေးလခ ၁၂၆ ကျပ် ပဲ ရှိပါတယ်။) ဒါကိုမြင်းလောင်းပစ်တယ် လို့ ကြားဘူးပါတယ်။ နောက်ပိုင်း မဆလခေတ် ၁၉၆၂ ကစလို့ ဗမာပြည်စီးပွားရေးတခုလုံးကို စစ်တပ်က ဘယ်လိုချုပ်ကိုင်သုံးစွဲ (တိတိကျကျပြောရရင် ဘယ်လိုအလွဲသုံးစား) ခဲ့တယ်။ တော်လှန်ရေးကောင်စီဝင်တွေ သူ့ထက်သူကျော်အောင် ဘယ်လိုစည်းစိမ်ခံ သုံးဖြုန်းခဲ့ကြတယ်။
ဘယ်လို စာရင်းတွေ ဖျောက်ခဲ့တယ်။ ဘယ်လို လူမွေးခဲ့တယ်။ နောက်ဆုံး ဘယ်ကို (ဗိုလ်နေဝင်းဆီ) ရောက်သွားတယ်။ စတာတွေကိုသိချင်ရင်တော့ ၂၀၁၆ ခုနှစ် မိုးကျော်စာပေက ထုတ်ဝေခဲ့တဲ့ "တော်လှန်ရေးကောင်စီလက်ထက် ကျွန်တော်နှင့် ဗိုလ်ချုပ်ကြီးများ” ဆိုတဲ့ စာအုပ်ရှာဖတ်ကြည့်ပါ။ စာရေးသူ ကြည်ဝင်းစိန်ဟာ ၁၉၅၃ အထက်တန်းကျောင်းသားဘဝကစလို့ စစ်ဗိုလ်ထိပ်သီးအဆက်ဆက်ရဲ့ မွေးမြူထားခြင်းခံရတဲ့ လူရင်းလူယုံ ထောက်လှမ်းရေးသမားဟောင်းပါ။ အလွန့်ကို ဖတ်သင့်တဲ့စာအုပ်ပါ။
ပြည်သူလူထုတွေ မသိရသေးတဲ့အချက်တွေ အများကြီးပါဝင်ပါတယ်။ ဒီ စာအုပ်က ပြည်သူတွေကို - ငါတို့တတွေ ဘာလို့ ဒီလောက်ဆင်းရဲနေရတယ် - ဆိုတာကို သိမြင်စေပြီး၊ ငါတို့တတွေ ဒီလိုစနစ်ကြီးအောက်ကို ဘယ်တော့မှ ပြန်မသွားတော့ဘူး … ဆိုပြီး ခိုင်မာပြတ်သားစွာ သန္နိဋ္ဌာန်ချမှတ်ရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဗိုလ်နေဝင်း ဘာကြောင့် ဒီမိုကရေစီမပေးနိုင်ရသလဲ ဆိုတာလည်း ပေါ်လွင်သွားပါတယ်။
ဒီတော့ ဒီလို ပြည်သူလူထုအကျိုးစီးပွားကို လျစ်လျူရှုပြီး မိမိဘဝ မိမိကိုယ်ကျိုးအတွက် ဘာမဆိုလုပ်ရဲကြတဲ့ ဒီစစ်အာဏာရှင်တွေဟာ ဘယ်လိုလုပ် ဒီမိုကရေစီအလင်းရောင်အောက်မှာ နေနိုင်မှာလဲ။ အခုပဲကြည့် ဒီမိုကရေစီအလင်းရောင်လေး မလက်တလက်မှာတောင် (၂၀၁၆ခုနှစ်) ဒီလိုစာအုပ်မျိုး ထွက်လာတာ။ ဒါ မဆလ ဗိုလ်ချုပ်များအကြောင်းပဲ ရှိသေးတယ်။ နဝတ နအဖ ဗိုလ်ချုပ်များအကြောင်း မပါသေးဘူး။
(ဥပမာလေးတခု ပြောရရင် ၂၀၁၆ ဒီချုပ်အစိုးရတက်လာတော့ တချို့တိုင်းတွေက ရံပုံငွေ သိန်း ထောင်ချီ မအပ်တာတွေ ကြားလိုက်ရတယ်။)
အခု ဘာမဆိုလုပ်ရဲတယ် ဆိုတဲ့ ကာချုပ် မအလ ကို ကိုယ်ပိုင်ပစ္စည်း စာရင်း ကြေညာရဲသလား လို့ မေးကြည့်ပါ။ သေချာပါတယ်။ မအလ လည်း ဒီမိုကရေစီအလင်းရောင် မလက်တလက်အောက် မှာတောင် မနေရဲပါဘူး။ ဒါပေမဲ့ ဗမာပြည်သူကြီးတရပ်လုံးကတော့ အလွန်သန္နိဋ္ဌာန် ခိုင်မာပြတ်သားနေပါပီ။
ဒါ့အပြင် ယနေ့ ခေတ်ကာလအခြေအနေဟာ ဗိုလ်နေဝင်းအပါ အရင်အာဏာရှင်များ မိုးကောင်းချင်တိုင်း ကောင်းခဲ့တဲ့ ခေတ် မဟုတ်တော့ပါဘူး။ အရင် ခေတ်အဆက်ဆက်-လယ်ကန်သင်းရိုးတွေပေါ်မှာ၊ တောတွေတောင်တွေပေါ်မှာ ထောင်တွေ၊ အချုပ်ခန်းတွေထဲမှာ ပေတရာလမ်းမတွေပေါ်မှာ သတ်ချင်တိုင်းသတ်လို့ လူမသိ သူမသိ သေခဲ့ရတုန်းကတောင် ဗမာပြည်ကြီးမှာ အာဇာနည် မရှားခဲ့ပါဘူး။ အခု ကြောက်ခေတ်ကို မှောက်လှန်ပစ်မယ့်ခေတ်မှာ တနိုင်ငံလုံး (စစ်တပ်မှအပ) အာဇာနည်တွေချည်းပါပဲ။
ဒီမိုကရေစီအလင်းရောင်ကို ပြည်သူတွေက မရအရ တိုက်ယူတော့မှာပါ။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမှာပါ။
လှကျော်ဇော
၁၉-၄-၂၀၂၁Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar