မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- ခိုင်မာကျော်ဇော၊ နေစိမ့်
အောက်ချင်းနီ
ခိုင်မာကျော်ဇော
' စစ်ဘုရင် နေဝင်ရမယ်'
အောက်ချင်းရဲ့ သစ္စာစကားဟာ
ကျောက်သားလိုပဲ ခိုင်မာတယ်။
မင်းတပ်
တမူး
ကလေး
တူမီးနဲ့ ရေးတဲ့သမိုင်းဟာ
တောင်ဇလပ်နီနီလိုပဲ
ရဲရဲပွင့်
ရဲရဲကြွေ။
အရှုံးမပေးဘူး
သွေးမအေးဘူး
အောက်ချင်းနီရဲ့
လေးကိုင်းပေါ်က မြှားတံဟာ
အာဏာရှင် ရင်ဝလွဲလို့
လွဲချော်စရာအကြောင်းမရှိ။
မေလ ၁၆၊ ၂၀၂၁
....
ဟဲလို မင်းတပ်
နေစိမ့်
တောင်ဇလပ်ပန်းနဲ့အောက်ချင်းငှက်
တူမီးသေနတ်နဲ့အမဲလိုက်ကစားနည်းဟာ
ချင်းတောင်တန်းရဲ့ ကိုယ်ရည်ကိုယ်သွေးပဲ
ယောက်ျားတိုင်းမုဆိုး
မုဆိုးတိုင်းမှာ တူမီးသေနတ်နဲ့
ရိုးရာပုံပြင်တွေဆီကလာတဲ့ သင်ရိုးအတိုင်း
ဘယ်လောက်အင်အားကြီးကြီး
ပစ်ကွင်းထဲဝင်လာရင် သိုးတွေချည်း
သစ္စာတရားရဲ့ ဖွားဖက်တော်တွေ
ဒေသထွက်သူရဲကောင်းတွေ ရဲ့သိက္ခာ
နံရံမှာချိတ်ထားတဲ့ ဒူးလေးကဂုဏ်ရှိရုံသက်သက်
ရဲရင့်စွန့်စားခြင်းရဲ့ဝိညာဉ်
အိမ်မျက်နှာစာက ဦးချိုကားကားကြီးတွေ
အရေခွံကို အစာသွတ်ထားတဲ့ ရုပ်လုံးကြွတွေ
တိုက်ပွဲဝင်နိမိတ်ပြ သက်ေတတွေ
မုဆိုးကမုဆိုး
သားကောင်ကသားကောင်
တောပြောင်းလာတဲ့ကျားကို လေချွန်ပြ
ကော်ဇောနီချခင်းမပေးတဲ့အရပ်
လာကြ
တစ်လုံးထိုးကျည်တစ်တောင့်မှာ အသေထွက်
ဟော တစ်လောင်း ဟော တစ်လောင်း
ဒီနှစ် ချင်းတောင်မှာ မြေဩဇာကောင်းပြီလေ
မှတ်ထားလိုက်
မုဆိုးစစ်စစ်တွေ တောလိုက်ရင်
လမ်းပြမလိုသလို
ကောင်းဘွိုင်စစ်စစ်တွေ မြင်းစီးရင်
ကုန်းနှီးမလိုဘူး
၂၀၂၁ ဧပြီလ ၃၀
....
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar