လင်းလက်နွေဦး - ရွှေပြည်စိုး

Than Htay Maung

လင်းလက်နွေဦး - ရွှေပြည်စိုး
(မိုးမခ) မေ ၁၇၊ ၂၀၂၁နေ့လည်နေ့ခင်း အပျင်းဖြေရင်း၊ အေးရာအေးကြောင်းပေါ့လေ၊ ပက်လက်ကုလားထိုင်လေးပေါ် ငိုက်မြည်းနေပါတယ်။ မျက်နှာကျက် ထုပ်တန်းပေါ်က တဝီဝီ လည်နေတဲ့ ပန်ကာလေးကလည်း အားတော့ ကိုးရသား၊ တတ်အားသရွေ့ အေးစေတယ်။ ဆရာမကြီး ဒေါ်ခင်နှင်းယု ရေးခဲ့တာတဲ့၊ စာသားလေးကို ရေရွတ် ကြည့်မိပါတယ်၊ ‘ကိုယ့်နေရာလေး ကွက်အေးနေတာနဲ့ပဲ၊ နွေကို ပူတယ်လို့ မထင်တော့ဘူးလား’တဲ့။ ဆရာကြီး၊ ဆရာမကြီးတွေဆိုတာ တကြောင်းရေး၊ တကြောင်းထင်တာပဲနော်။ လေးစားရပါတယ်။ ခုတော့ အားကျသူ ‘မောင်လင်းလက်’ခမျာ၊ သူများအိမ် နောက်ဖေးမှာ ကုလားထိုင်လေးချ၊ ထမင်းလုံးစီနေတဲ့ အချိန် ခါသမယပေါ့လေ။
အရာရာ ကမောက်ကမဖြစ်ရတဲ့အထဲ၊ နေစရာ ရှိပေမယ့် မနေရ၊ လုပ်နိုင်ကိုင်နိုင်တဲ့ ကိုယ်ကာယ၊ လုပ်တတ်ကိုင်တတ်တဲ့ အတတ်ပညာ၊ တွေးခေါ်မျှော်မြင်နိုင်တဲ့ အသိပညာတွေ ရှိနေပေမယ့်လည်း ခဏဘေးချ၊ အသက်ရှင်နိုင်ဖို့ ကြိုးစားရုန်းကန်နေရပါတယ်။ မုန်ယိုနေတဲ့ ဆင်ကို သံကြိုးမျှင်မျှင်လေးနဲ့ ထူးခတ်ခံထားရသလို ထင်ပါရဲ့။ အဲဒီဇာတ်လမ်းထဲမှာ၊ ကလေးငယ်လေးက မေးတယ်မဟုတ်လား၊ ဆင်ဟာ သူ့ခွန်သူ့အားနဲ့ အသာလေး ရုန်းလို့ လွတ်နိုင်ရဲ့သားနဲ့ ဘာလို့များ သံကြိုးမျှင်မျှင်လေးကို မရုန်းနိုင်တာလဲတဲ့။ ဟုတ်ပါ့၊ ခုလည်း ဟိုအသံကြား ကြောက်၊ ဒီအသံကြား လန့်နဲ့ပေါ့။ ကြောက်ခေတ်ကို မှောက်မပစ်နိုင် သေးဘူး။
မောစရာထဲက ရယ်စရာပေါ့၊ တနေ့က ရွာထဲက စစ်ခွေးတွေ ဝင်လာတယ်။ သပိတ်ခေါင်းဆောင် တစ်ဦးကို ဝင်ဆွဲတာလေ။ ရွာခံ ဒလန်က အချိန်၊ နေရာ၊ လူ အတိအကျပြပေးတော့၊ ဝူးကနဲ ရောက်လာ၊ ဖောင်း ဒိုင်း ဗျောက်တွေဖောက်၊ သုတ်ကနဲ ဖမ်းချသွားတာ။ ဖမ်းတဲ့နေရာက ရွာ့ထိပ်ဆိုတော့ လူတိုင်းက ဝူး ဝူး ဝါး ဝါး။ ဘယ်သူ့သားမက် ဒေါက်တာကို ဖမ်းတာတဲ့၊ တမိသားစုလုံး ဒူးထောက်ခိုင်းထားတာတဲ့၊ အဲလူကို မဖမ်းမိဘူးတဲ့၊ ဟိုကောင်လေးကို ပစ်ဖမ်းတာတဲ့၊ သေနတ်ဒင်တွေနဲ့ အဆောင့်ခံထားရတာ တကိုယ်လုံး မည်းသည်းနေတာပဲတဲ့လေ။ ရွာထိပ်က ဖြစ်နေတာ၊ ရွာထဲမှာ ဘဝပျက်နေလိုက်ကြတာ။ ဘာနဲ့တူသလဲဆိုရင် လေဖြတ်နေတဲ့ အဒေါ်ကြီး ကလေးထိန်းနေသလိုပဲ။ အလုပ်တွေက ရှုပ်နေတော့ လေဖြတ်လို့ အိပ်ရာထဲ လဲနေ ရတဲ့ ယောက္ခမကြီးအနား ကလေးချထားရတယ်။ ကလေးက နှစ်နှစ်သား သုံးနှစ်သားအရွယ်ဆိုတော့ ဆော့ တာပေါ့။ ကလေးက ပြတင်းပေါက်နား တရွေ့ရွေ့ သွားနေတာ မြင်တော့ မြင်တယ်၊ အဒေါ်ကြီးခမျာ လက်နဲ့ လည်း ဆွဲမမီ၊ ခြေထောက်တွေကလည်း မလှုပ်နိုင်၊ လျှာက တစ်ခြမ်းစောင်းနေတော့ စကားကလည်း မပီပေါ့ လေ။ ဖြစ်ရပုံ။
အမျိုးတွေက ကျွန်တော့်အတွက် စိတ်ပူကြတယ်။ ဟိုသွား သွား၊ ဒီလာ လာနဲ့ ပုန်းစရာ ရှာပေးကြ။ ဖုန်းတွေ တဂွမ်ဂွမ်လာ။ ဘယ်သူတော့ ပါသွားပြီ၊ နင်က ဘယ်မှာလဲ။ ဘယ်နေရာက လုံခြုံမယ်၊ အခု သွားတော့။ အောင်မယ်၊ ရုပ်ဖျက်သွားဆိုတာ ပါသေးတယ်။ ကျွန်တော့်များ ဗိုလ်စံဖဲ ထင်နေတယ် ထင်ပါ့။ အနီးနားက လူတွေက မျက်စိမျက်နှာ ပျက်နေလေတော့၊ ကျွန်တော့်မှာ အောင့်အီးနေရတယ်။ ဒါနဲ့ ညီမတစ် ယောက်ရဲ့ ဂိုထောင်ထဲ ဝင်နေရတယ်။ သူတို့ဂိုထောင်ထဲမှာက ပစ္စည်းပစ္စယတွေနဲ့၊ ကားကလည်း သုံးလေးစီး။ ကျွန်တော့်မှာ ခုနလို ကုလားထိုင်လေးချ၊ ကျောပိုးအိတ်လေး ချပြီး လာသမျှ ဖုန်းတွေကို ဒိုင်ခံ ဖြေနေရတယ်။ မေးရင်းဖြေရင်းနဲ့ပဲ စစ်ခွေးတွေတောင် ဘယ်အချိန် ပြန်သွားမှန်း မသိခဲ့ပါဘူး။ ခေတ်စကားနဲ့ ပြောရရင် ကိုယ့်ကိုယ်ကိုတောင် ‘စွရမ်းအထင်ကြီးသွားတယ်’။ သရေကြိုး တင်းအောင်ကိုင်…။
ပြောချင်တာက၊ အဲသလိုလေး ‘ကိုယ်ထင် ကုလားထိုင် ရွှေနန်း’ လုပ်နေချိန်မှာပဲ ဆတ်ကနဲ လှုပ်နှိုး လိုက်သလိုပါပဲ။ ငိုက်နေရာက နိုးရလို့ စိတ်မဆိုးပေမယ့်၊ ဖွင့်လိုက်တဲ့ သီချင်းကြောင့် ဝေဒနာတွေ ဝေယူလိုက် ရပါတယ်။ ကျွန်တော် အသားကျရာ၊ ကျွန်တော် အဆင်ပြေရာ၊ ကျွန်တော့် အလုပ်ရှိရာ၊ ကျွန်တော့်ဝင်ငွေ ရှိရာ၊ အစစအရာရာ အဆင်ပြေနေတဲ့ ရွာ၊ နေရာ၊ ကျွန်တော့်အောင်မြေကို ပြေးမြင်မိတယ်။ တကယ်တော့ အခု ရောက်နေတဲ့ ဇာတိချက်မြုပ်ဆိုတာက တနှစ်တစ်ခါ နှစ်ခါလောက်သာ ပြန်ဖြစ်တဲ့ ဒေသပါပဲ။ ကျွန်တော် အမြဲ ပြောမိတယ်၊ ငါ့ရွာက ငွေထွက်တဲ့ရွာ၊ တာဝန်ကျရွာကမှ ငွေဝင်တဲ့ရွာလို့။ ခုလည်း ခဏတဖြုတ်သာ အလည် လာတဲ့ရွာမှာ တစ်လကျော် နှစ်လထဲရောက်တဲ့အထိ လှိမ့်ပိန့်နေနေရပါတယ်။ ငွေယိုပေါက်တွေကလည်း မနည်းဘူးဗျို့။ အထွက်သာရှိ အဝင်မရှိတဲ့ ဗဟိုဘဏ်ကြီးလိုပါပဲ။ ဒီကောင်တွေလည်း ဝဋ်လည်နေပါပြီ။
သီချင်းက စာမူခေါင်းစဉ်အတိုင်းပါပဲ၊ ‘ရွှေပြည်စိုး’။ အဆိုတော် ဒေါ်မာမာအေး ပြန်ဆိုထားတဲ့၊ လေဘာတီမမြရင်ရဲ့ ‘ရွှေပြည်စိုး’ပါ။ ဒီသီချင်းကို ခုမှသာ အကြောင်းတိုက်ဆိုင်လို့ ရေးရတာပါ၊ တကယ်တော့ ကျွန်တော် ငယ်ငယ်လေး၊ ဂျကားမပီသေးတဲ့ အရွယ်ကတည်းက ကျွန်တော့် ဖေးဖရိတ်ဖြစ်တယ်လို့ အမေက ပြောပြဖူးပါတယ်။ ‘အမေ့ အမေ…ဟိုဂျာ ပန်းနီ ပန်းကြာ ဆိုတဲ့ သချင်း ဆိုပြပါ’လို့ တောင်းဆိုတတ်တယ်တဲ့။ ဟုတ်ပါ့၊ ‘ပန်းညို ပန်းနီ ပန်းပြာ ပန်းဝါ ပေါတဲ့နေရာ တောနဲ့ ဟေမဝါ…’။ အဲဒီအရပ်ဒေသအကြောင်း (ကောင်းခြင်းအထွေထွေပေါ့လေ) ဆောင်းပါး၊ အက်ဆေး တော်တော်များများမှာ ထည့်ရေးဖူးခဲ့ပါတယ်။ အစိုးရ ဝန်ထမ်းဆိုတော့ ကမ်းနားသစ်ပင်၊ ရွက်ကျပင်ပေါက်ဆိုတော့ ရောက်တဲ့အရပ်မှာ ပျော်အောင်နေရ တာပေါ့။ အဲဒီအခါမှာ ‘နန်းတော်ရှေ့ကြီးထုံး’ နှလုံးမူပြီး ရောက်တဲ့ဒေသရဲ့ ကောင်းကြောင်းတွေကို ရေးထိုး မှတ်တမ်းတင်မိပါတယ်။ ခုလည်း ရွာကျော် ဂဲ(ခဲ)ပစ်၊ သူများရွာကောင်းကြောင်းတွေကို ရေးမိနေပါတယ်။
တကယ်တော့ ဒီသီချင်းကို ပိုချစ်သွားတာက စာပေဟောပြောပွဲတွေ လှိုင်လှိုင်ထတုန်းက ကြားခွင့်ရခဲ့ တာပါ။ ဆရာ (ဦး)နေဝင်းမြင့်ရဲ့ အသံဝါဝါကြီးနဲ့ ဟောပြောချက်တွေကြောင့်ပါ။ ဆရာက ဆိုပြလိုက် ရှင်းပြ လိုက်နဲ့၊ မျက်စိထဲ မြင်လာ၊ နှလုံးသားထဲ ခံစားလာအောင်ကို သရုပ်ဖော်နိုင်ပါတယ်။ လေးစားပါတယ်။ ကျွန် တော်သာဆိုရင် ‘မင်္ဂလာပါ’ကနေ ရှေ့တက်မှာ မဟုတ်ပါဘူး။ ထားပါတော့ဗျာ၊ မမြရင်ကတော့ သူ ပြောတဲ့ ရွာ၊ ဂါမက သူအရင်နေခဲ့တဲ့ ရွာပါတဲ့။ သူလွမ်းတဲ့၊ ရွှေပြည်ကြီးလို စိုးမိုးထားတဲ့ ရွာက သူအရင်နေခဲ့တဲ့ ရွာပါ တဲ့။ ကျွန်တော့်ဖြင့် ရှက်အားပိုသွားပါတယ်၊ ဇာတိပုည ဂုဏ်မာနတရားတွေ နည်းနေလို့လား၊ ကိုယ့်ရွာကိုယ် မလွမ်းဘဲ၊ ငွေဝင်ကြမ်းတဲ့ရွာကိုပဲ လွမ်းနေမိလို့ပေါ့။ ကြီးသံယောဇဉ်ပေါ့ဗျာလို့ ဖြေမိပါတယ်။
အလှပြင်ဆင်ရမှန်းသိတဲ့အချိန်၊ အပျိုပေါက်အရွယ်လေး ရောက်တဲ့အခါ အမေမြရင်တို့က ရွှံ့တွေနဲ့ လက်ဝတ်လက်စားတွေ လုပ်ကြ၊ ဆင်ကြ၊ ပျော်ကြရတယ်နော်။ ‘ရွှံ့တွေ ကပ်စီး ကပ်စီး ပတီးလုပ်ခါ သုံးတတ်ပါတယ် အုန်းမှုတ်ခွက်ကို ရှာ ရှာ…’။ ကျွန်တော် နှပ်ချေးတန်းလန်းနဲ့ ဂွေလှိမ့်အရွယ်တုန်းကလည်း ဒီလိုပဲ ရွှံ့တွေ ခူး၊ အိုးပုတ် ဂျိုး(ချိုး)ရုပ်တွေ လုပ်ကြ၊ ကစားကြပေါ့လေ။ ပုံအကြမ်းကို လက်နဲ့ လုပ်၊ ပြီးတော့ တံမြက်စည်းက အုန်းဆံ ချိုး၊ အချောကိုင်၊ ရွှံ့ရည်သုတ်ပြီး နေလှမ်းထားတာ။ ဘယ်သူ ပိုလှလည်း လက်ရာ ပြိုင်တာလည်း ရှိတယ်။ လောက်စာတွေကို ဖိုတည်ပြီး ကျောက်ဒိုးနဲ့ ပစ်၊ ရှုံးတဲ့သူက အရုပ်ပေးရတာ၊ လောက်စာပေးရတာလည်း ရှိတယ်။ အော်… နောက်ပြီး ခိုးပြီးသဘောကျမိတဲ့ ကောင်မလေးအတွက် အရုပ် လုပ်ပေးတာလည်း ရှိတယ်။ နင် ပြောဖူးတယ်နော်၊ ‘နင့်ဂျိုးက ကူ ကူး မြည်လား’တဲ့။ အလွမ်းတွေ ဝေသီလာ တာပဲ။ တ ကူ ကူး…တဲ့လေ။
‘စိမ်းလဲ့လဲ့ ညိုပြာ… နေခြည်ကလည်း မထိုးရပါကလား…’
ရွာထိပ်မှာ လက်ပံပင်ကြီးတွေ၊ ဒီပင်ကြီးတွေကို ကြည့်ပြီး စိတ်ကူးယဉ်ဖူးတယ်။ ဒီအပင်ကြီးပေါ်မှာ အိမ်ဆောက်နေမယ်လို့။ အပင်ကြီးတွေ အကြီးကြီးတွေ၊ မော့ကြည့်ရင် ‘ခေါင်းပေါင်းကျွတ်’လောက်ကဲ့။ အဲဒီ နားမှာပဲ၊ ရေချိုတွင်း တစ်တွင်းရှိတယ်။ ရွာမှာ ရေချိုထွက်တာ ရှားတယ်၊ ဒါကြောင့် အညာအကြေက ဓာတ်သိတွေက ‘ရေငန်သောက် မြက်ခြောက်စား’လို့ စတတ်နောက်တတ်ကြတယ်။ စုစုပေါင်း ရေချိုတွင်း နှစ်တွင်းအနက် ဒီတွင်းက ရွာထိပ် မြောက်ပိုင်းမှာပေါ့။ ဒီနားက မြေတွေကလည်း ရွှံ့စေးမြေပဲ။ ဒီရေတွင်းနား မှာ ရွှံ့ခူး၊ ဒီ အပင်တွေအောက်မှာ ရွှံ့လုံး၊ အရုပ်လုပ်ပေါ့။ ကလေးတွေနဲ့ ရေခပ်သူတွေနဲ့ စည်ကားနေတယ်။ နေ့လည်နေ့ခင်း အပူရှောင်ချင်သူတွေလည်း ထိုးထားတဲ့ စင်လေးတွေပေါ်မှာ ယပ်တဖျတ်ဖျတ်နဲ့ပေါ့။ အော်၊ တို့ရွာလည်း ငယ်ငယ်တုန်းက စိမ်းစိုလန်းဆန်းခဲ့တာပဲလို့ ပြန်မြင်မိပါတယ်။
ဒါပေမယ့် စစ်အုပ်ချုပ်ရေး ခွေးသွားစိပ်ထဲ တစ တစ ဝါးမြိုခံရတော့ ရွာကလေးဟာ ‘ရွားကလေး’ ဖြစ် နေပါပြီ။ မြေကောင်းတဲ့အခင်းတွေကို တရုတ်တွေက ငှားပြီး သခွားမွှေးတဲ့၊ ဖရဲတဲ့ စိုက်ကြတယ်။ မြေ မကောင်းတဲ့အခင်းတွေကတော့ စက်မှုဇုန် ဟော်တယ်ဇုန် ဖြစ်သွားတယ်။ ကျတ်တီးကုန်း ဆိုပေမယ့် နွားတွေ ဆိတ်တွေ ကျောင်းဖို့တောင် စားကျက်မြေ မရှိတော့ဘူး၊ ထင်းခွေ၊ ပဒတ်လိုက်ဖို့ မြေမရှိတော့ဘူး မဟုတ် လား။ ရတော့ ဆိုင်ရာ ပိုင်ရာတွေကပဲ ခံစားသွားရတာပါ။ အဲ၊ ရှိသေးတယ်၊ တောတွေ တောင်တွေကို တရုတ် က ဝယ်ပြီး သရက်တွေ ပန္နဲတွေ စိုက်ပစ်ကြတယ်ဗျ။ တောင်လိုက်ကြီး ဖြိုမချတာ တော်ပါသေးရဲ့။
စီးပွားရေးက တံခါးဖွင့်လိုက် တံခါးပိတ်လိုက်။ ပညာရေးက အကြိမ်ကြိမ် စမ်းသပ်ဆဲကာလ။ ကျန်းမာရေးကလည်း လက် မနည်း လှမ်းနေရ။ ဘာသာရေး တိုက်မှိုင်းတွေက မြူမစဲ။ လူမှုရေးတွေကလည်း ‘ကိုယ့်ရှိကိုယ်စား’အနေအထား။ ဒီတော့ ရွာကလေးဟာ အိမ်ထောင်စုတွေ အိမ်ခြေတွေ များပြားလာပေမယ့် ယောင်ကိုင်းနေတဲ့ လူနာတစ်ယောက်လိုပဲ။ ယောင်တယ်ဆိုလို့ ဦးပေါ်ဦးကိုတောင် သတိရမိပြန်တယ်။ ဧရာဝတီမြစ်ရေတိုးတော့ ဘုရင်က မတားနိုင်ဘူးလား မေးသတဲ့။ ဦးပေါ်ဦးကလည်း လူရွှတ်လူနောက်ကိုးဗျ။ ရှေးက ဘိုးတော်မင်း ဘေးတော်မင်းတွေတော့ ကြိမ်စကြာနဲ့ ရိုက်ပြီး အမိန့်ပေးနိုင်တာပဲလို့ လျှောက်တင်ပြီး မြစ်ရေပြင်ကို ကြိမ်နဲ့သွားရိုက်သတဲ့။ မြစ်က တိုးမြဲအတိုင်း ဆက်တိုးနေတော့၊ ‘နင့်ဟာက မစွမ်းပါလား’ မိန့်တဲ့အခါ၊ ‘စွမ်းပါတယ်ဘုရား၊ ဒါက ကြိမ်ဒဏ်ကြောင့် ယောင်လာတာပါ’လို့ လျှောက်တင်သတဲ့လေ။ အော်… ကျွန်တော့်ရွာလေးလည်း ယောင်ကိုင်းလာပေမယ့် အသားအဆီ ခမ်းလှပါပြီ။
ကျွန်တော့်မျက်နှာကို ကြည့်ပြီး ရွာက အမျိုးတွေက ‘နင်က ဘယ်သူ့သား’လို့ ခန့်မှန်းတတ်ကြ ပါတယ်။ မျက်နှာပေါက် မျက်နှာကျက မျိုးရိုးကို ဖော်ပြနိုင်သားပဲ။ ရွာ့အပြင် တခြားနေရာမှာတွေ့ရင်တော့ မှတ်မိကြမယ် မထင်ဘူး။ ကျွန်တော်က ရွာအနေနည်းတယ်၊ ကျောင်းသားဘဝက အိမ်နဲ့ကျောင်း၊ နောက် တက္ကသိုလ်တက်၊ နောက် အလုပ်ဝင် ဆိုတော့ကား။ ဒါပေမယ့် ရွာသွေးမနည်းလေတော့ ရွာစာလေးတွေ မက် တတ်တယ်။ မုန့်ပျားသလက် စားချင်တာနဲ့၊ မုန့်ပေါင်း စားချင်တာနဲ့၊ ခုလို မိုးဦးကျလေးဆိုရင် မန်ကျည်းရွက် စပ်ချဉ်ကို ဘယ်လိုစားချင်မှန်းမသိဘူး။ ပြောရင်း သွားရည်ကျလာပြီ။ ရွာဘုရားပွဲကို နှစ်တိုင်းပြန်ဖြစ်တာက ဘုရားပွဲမုန့်တွေဖြစ်တဲ့ မုန့်ဆီကြော်တို့ မုန့်ဩဇာတို့ကို မက်လို့ပါပဲ။ အမေနဲ့ ရွာကို လွမ်းရတဲ့အထဲ ရွာဦးကျောင်းက ‘ဟင်းပေါင်း’လည်း ပါတာပေါ့လို့။ ဟင်းပေါင်းဆိုတာ သူဌေးတောင် မစားနိုင်ဘူး၊ ဗျပ်ခံလို့ရ တဲ့ ဟင်းခွက် လေးငါးဆယ်ကို ပေါင်းပြီး ပြန်ကြိုထားတာဗျ။ ဒီနေရာမှာတော့ ‘ရင်ရင်’နဲ့ တူသွားပြီ၊ ကုန်ကုန် ပြောမယ် တောတသက်မို့ ဘယက်ဒွါဒရာ။
ဒါကြောင့် စိတ်အညောင်းကြီးတဲ့အခါ ရွာပြန်ပြေးချင်စိတ်တွေ ပေါက်ဖွားလာတတ်ပါတယ်။ ဘယ် နေရာမှာ ဘယ်လိုပဲ အဆင်ပြေပြေ၊ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရွာကိုယ့်မြေကို ခဏဖြစ်ဖြစ် လာလည်ချင်ကြမှာ ပါပဲ။ နိုင်ငံရပ်ခြားရောက်နေသူတွေအတွက်ဆို ပိုပြီးတော့တောင် လိုပါအုံးမယ်။ အဆင်မတူ အမြင်မတူတဲ့ ဘဝပတ်ဝန်းကျင်မှာ ကျင်လည်နေရသူတွေ၊ စိတ်တောင်ပံ ညောင်းရှာလိမ့်မယ်။ စင်္ကာပူက ဘယ်လို သန့်ရှင်း တောက်ပတယ်ဆိုဆို၊ နောက်ချေးနံ့လေး ခံချင်ရှာပေမပေါ့။ အမေရိကန်က ဘယ်လို ဖွံ့ဖြိုးတိုးတက်တယ် ဆိုဆို၊ မိုးဦးကျ ပဒတ်ကြော်လေး စားချင်ရှာမပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကျနသေချာတယ်တဲ့၊ ဆွဇ်စလန်နိုင်ငံတို့ ဩစီတို့၊ ဥုံဟဲ့ ဖွဟဲ့ဆိုတဲ့ အမေကြီး အဘကြီးတို့အသံလေး ကြားချင်ရှာမှာပေါ့။ ကိုယ်ချင်း စာမိပါတယ်။ ‘လွမ်းပိုဖွယ်ရာ…’
သူငယ်ချင်းတွေ… ဝန်ထမ်းအိမ်ကနေ ဆင်းပေးရတဲ့ သူငယ်ချင်းတွေ၊ ပြေးလွှားပုန်းအောင်းနေရတဲ့ သူငယ်ချင်းတွေ၊ တောထဲတောင်ထဲ ရောက်ပြီး စစ်သင်တန်းတက်နေတဲ့ သူငယ်ချင်းတွေ၊ နိုင်ငံရပ်ခြား ရောက်သွားတဲ့ သူငယ်ချင်းတွေ၊ ဒီထပ်ပိုတာက တပ်ချင်တဲ့ ပုဒ်မတွေ အတပ်ခံရပြီး ထောင်တန်းကျသွားတဲ့ သူငယ်ချင်းတွေ၊ ဒီထပ်ပိုတာက စစ်ကြောရေးစခန်းထဲမှာ ခွေးသတ်ခံရတဲ့ သူငယ်ချင်းတွေ၊ ဒီထပ်ပိုတာက ဆန္ဒထုတ်ဖော်ရင်း၊ ရရာလက်နက်ဆွဲကိုင်ရင်း တော်လှန်ရင်း ကျဆုံးသွားတဲ့ သူငယ်ချင်းတွေ… ရွာပြန်ခွင့် မရနိုင်ဘူး။ အနွေးထွေးဆုံး အမေ့အိမ်ဆီ မခိုလှုံနိုင်သေးဘူး။ ဒါပေမယ့် သေချာတာကတော့၊ ကျွန်တော်တို့ အတွက် ‘ခရာသံစုံ ကျူးကျော်ညံဟုန် တိုင်းဘုံ လက်ျာ စက္ကဝါ လက်ျာ ပန်းညို ပန်းနီ ပန်းပြာ ပန်းဝါ အို… ပေါတဲ့နေရာ တောနက်မဟေဝါ’ ရှိနေပါတယ်။
ရွှေပြည်ကြီး နီးလုပါပြီ။
ဒေါက်တာဆာဆာပြောသလို ‘သန်မာပါစေ၊ စည်းလုံးပါစေ၊ ဘေးကင်းပါစေ’။
လင်းလက်နွေဦး
၁၆.၅.၂၀၂၁ မနက် ၁၀နာရီ ၄၇မိနစ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar