မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်လင်းရိပ်
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
(မိုးမခ)
ဇွန် ၁၇၊ ၂၀၂၁
-
စစ်မိုးကာ
မိုးဗြဲပေါ်မှာ မိုးက ပြဲကျသလို ယိုဆင်းလာတာလား
ဒီမောဆိုးမှာ ဒီမိုးဆိုးတယ်လို့ တတွတ်တွတ် ညည်းညူကြရ
မင်းတပ်မှာ မိုးတပ်ကပါ ပစ်ခတ်နှိပ်စက်နေသလိုပဲတဲ့
နွေးနွေးထွေးထွေးအိပ်ရာထဲက လူတွေလည်း
ညည မိုးသံကြားရင် နိုးပြီး အိပ်မရတော့ဘူး
ပျော်ပွဲစားထွက်တာမဟုတ်ဘဲ တောထဲ ရောက်နေရသူတွေ
မှောင်ကြီးထဲ ဘယ်လို နေမလဲ မိုးကြီးထဲ ဘယ်လို နေမလဲ
ခြင်တောထဲ ဘယ်လို နေမလဲ ကျွတ်တောထဲ ဘယ်လို နေမလဲ
သူတို့ ထားခဲ့ရတဲ့ အိမ်နဲ့ မြို့ရော ရိက္ခာနဲ့ ဥစ္စာရော အမနုဿတွေရဲ့ လက်ထဲ ကြေမွနေပြီလား
မေးခွန်းတွေချည်း ကြည့်မနေပါနဲ့ မိတ်ဆွေ
အဖြေက မြွေလိုခွေနေတာ ဆိုရင်တောင် ရဲရဲ ဆွဲထုတ်ကြရမယ်
ဒီမိုးက ရေစီးတယ် ဆိုတာ မင်းထင်ကိုကိုကြီးရဲ့ ကဗျာမှာ ကောင်းတယ်
စီးတဲ့ရေ ဆည်တဲ့ ကန်သင်းဆိုတာ ကောက်စိုက်မယ့်လယ်ကွင်းမှာ ကောင်းတယ်
စစ်ပြေးပြည်သူတွေအတွက် မိုးက မိုးပြေးဖြစ်တောင် ကာနိုင်ဖို့
စစ်ကလည်း စစ်ပြေးဖြစ်တောင် ကာနိုင်ဖို့
စစ်လည်းကာ မိုးလည်းကာမယ့် စစ်မိုးကာ လိုသလောက်ရနိုင်မလား
နွေးထွေးလင်းကျင်းတဲ့ အိပ်ရာထဲကနေ လှုပ်နှိုးပြီး ထုတ်ခဲ့ပါလေ။
မောင်လင်းရိပ်
၂၀၂၁ ဇွန် ၁၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar