Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၆၊ ၂၀၂၁

တရက်တာ နံနက် မိုးသောက်လို့ သတင်းတွေ နားထောင် ဖတ်ရှုတဲ့အခါမှာ သတ်ဖြတ်မှု သတင်းတွေက မြန်မာနိုင်ငံအနှံ့အပြား မှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ နိုးထရတာ ၄ လကျော်လာခဲ့ပါပြီ။

မေလကတည်းက မြန်မာပြည်မှာ ပြောက်ကျားစစ်တွေ စတည်တော့တာပါ။ စစ်ကိုင်း၊ ချင်း၊ ကချင် ပြည်နယ်နဲ့ တိုင်းတွေမှာ လူထု၏ လက်နက်ကိုင်စွဲ ခုခံစစ်ကနေ ပြောက်ကျားစစ်တွေ စတင်တယ်။ ကယားပြည်နယ်ဖက်ကို ဇွန်လထဲမှာ ကျယ်ပြန့်တိုးချဲ့လာတယ်။ ကျေးလက်ပြောက်ကျားစစ်တွေနဲ့အတူတူ မြို့ပြပြောက်ကျားတွေကလည်း စစ်ကောင်စီ၏ အလိုတော်ရိတွေ သတင်းပေးတွေ နောက်လိုက်တွေကို တိုက်ခိုက်လာတယ်။ ဗုံးခွဲတယ်။ စစ်ကောင်စီက ကျေးလက်မှာ လက်နက်ကြီးတွေ အဆမတန် အင်အားတွေသုံးပြီး ရွာလုံးကျွတ် မြို့လုံးကျွတ် မြေလှန်တယ်၊ သတ်ဖြတ်တယ်။ မြို့ပြမှာတော့ တွေ့ရာ အိမ်တွေ လူတွေ မိသားစုတွေကို ဖမ်းတယ်၊ နှိပ်စက်တယ်၊ သတ်ဖြတ်တယ်။ လုယက်တာ ပြန်ပေးဆွဲ ငွေတောင်းတာတွေကတော့ ကျေးလက်မြို့ပြ ဘာမှ မဆန်းတော့ဘူး။

အစောပိုင်းသတင်းတွေက ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖြိုခွင်း ပစ်ခတ်သတ်ဖြတ်တဲ့သတင်း၊ ဖမ်းဆီးသွားသူတွေကို လက်လွန်ခြေလွန် အသက်သေဆုံးသည်အထိ နှိပ်စက်လို့ မိသားစုဝင်တွေက အလောင်းလာယူဖို့ အကြောင်းကြားခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။

ခုလပိုင်းသတင်းတွေမှာတော့ အထက်က လိုအဖြစ်အပျက်တွေလည်း ကြိုကြားကြိုကြား ဖြစ်နေဆဲ ပါရှိနေဆဲဖြစ်ပေမယ့် ဒလန်ဆိုသူတွေ၊ ဒလန်လို့ စွပ်စွဲခံရသူတွေကို သတ်ဖြတ်တဲ့သတင်း၊ လုပ်ကြံတဲ့သတင်း၊ အုပ်ချုပ်ရေးမှူးတွေ၊ ကြ့ံခိုင်ရေးပါတီက တာဝန်ယူထားသူတွေ၊ စစ်ကောင်စီနဲ့ ပူးေပါင်းတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးတွေ ကို သတ်ဖြတ်တဲ့ သတင်းတွေက ပိုတွေ့လာရပါတယ်။

တဖန် တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်း အထက်ပိုင်းက ကျေးရွာတွေ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ မိမိတို့ဘာသာ ဖွဲ့စည်းကြတဲ့အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ခိုက်မှုက နေ သေဆုံးကြရသူတွေလည်း သတင်းတွေထဲ မကြာခဏ ဖတ်ရှုလာရပါတယ်။

ခုရက်ပိုင်းမှာ အစုလိုက် အဖွဲ့လိုက် သတ်ခံရတယ်ဆိုတဲ့ ကရင်ပြည်နယ် ဝေါ်လေဒေသက ကနဲလေး တံတားဆောက်လုပ်ရေး လုပ်သားတွေကို ကေအန်ဒီအိုက ဖမ်းဆီးပြီး ၂၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်၊ မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာမှာ စစ်ကောင်စီတပ်က ရွာကိုမီးတင်ရှို့ရာမှာ သက်ကြီးရွယ်အိုနဲ့ မပြေးနိုင်တဲ့သူ ၂ ဦးနေအိမ်မှာပဲ မီးထဲပါ သေဆုံးခဲ့ရတဲ့ သတင်းတွေက စိတ်မကောင်းစရာ သတင်း တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ တနည်းအားဖြင့် ပြည်တွင်းစစ်ထဲမှာ အိမ်တွေမီးရှို့ခံရတာ ရွာတွေမီးရှို့ခံရတာ အရပ်သားတွေ စွပ်စွဲ သတ်ဖြတ်ခံရတာ စာရင်းပြုစုမယ်ဆိုရင် ရာနဲ့ထောင်နဲ့မက သောင်းနဲ့ချီနေပြီလို့ဆိုရမယ် ထင်ပါတယ်။ သတင်းတွေထဲ အစီရင်ခံစာ မှတ်တမ်းမှတ်ရာတွေထဲ အများအပြားရှိပါတယ်။ ဗမာလူမျိုးအချင်းချင်း သတ်ဖြတ်တာတွေရှိသလို အစိုးရတပ် (တိုင်းရင်းသားလက်နက်ကိုင်တွေက ဗမာစစ်တပ်လို့ခေါ်) က လုပ်ဆောင်တာတွေက အများဆုံး ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်လိုမျိုးကလည်း တခါတရံမှာ ကျူးလွန်ခဲ့ကြတာတွေ ဖတ်ရှု သိရှိရမှာ ဖြစ်ပါတယ်။

မကြာသေးတဲ့ ကာလတွေ ဖြစ်တဲ့ ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတကေျာ့ပြန်လာတဲ့ ၂၀၁၁ နောက်ပိုင်း စစ်တပ်က အရပ်သားတွေအပေါ်ကျူးလွန်တာတွေ၊ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တာတွေ၊ ရခိုင်ပြည်နယ်မှာ အေအေ လက်နက်ကိုင် နဲ့ ဖြစ်တဲ့ ၃ နှစ်ကျော်ကြာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေ အပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေဟာ မြန်မာနိုင်ငံသမိုင်းအတွက် အမည်းစက် သွေးစွန်းရာတွေ ဒဏ်ရာတွေချည်းဖြစ်ပါတယ်။

ခုလတွေအတွင်း ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေမှာ ဒီမောဆိုးမြို့မှာ စစ်တပ်က တွေ့ရာပြည်သူတွေကို သတ်ဖြတ်ပြီး ထားရစ်ခဲ့လို့ မြို့က အလောင်းကောက် သင်းဂြိုဟ်နေရတဲ့သတင်း။ အခြား ကျေးလက်မြို့ရွာတွေမှာ စစ်တပ်က လူသတ် ဓမြတိုက် မီးရှို့ မုဒိန်းကျင့်ပြီး လက်နက်မဲ့ပြည်သူတွေကို စစ်ရာဇဝတ်မှုကြီးတွေ ကျုးလွန်နေချိန်မှာ ဝေါ်လေဒေသက ကေအန်ဒီအို အဖွဲ့က အရပ်သား ၂၅ ဦးကို သူလျှိုဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်မှုအတွက် ကေအန်ယူက စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်ဆိုတဲ့ ကြေညာချက် မနေ့က နေ့စွဲနဲ့ ထွက်ရှိလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကေအန်ယူက ၄င်းရဲ့ လက်အောက်ခံ ကေအန်ဒီအို အဖွဲ့ရဲ့ လုပ်ဆောင်မှုအတွက် စုံစမ်းစစ်ဆေးရေး လုပ်မယ်လို့ ထုတ်ပြန်ချက်ထုတ်ပါတယ်။

တဖက်မှာ ကင်းမရွာက ရွာကိုမီးရှို့လိုက်လို့ အရပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်လို့တော့ အစိုးရလို့ ခေါ်တဲ့ စစ်ကောင်စီက သတင်းအချက်အလက်ကို ဖုံးကွယ် လိမ်ပြီး ပြည်သူ့ကာကွယ်ရေးတွေက ပဲ ရှို့လို့ဖြစ်သယောင် တာဝန်ခံမှု မရှိပဲ သူ့လက်အောက်ခံတပ်တွေကို အခုလို အရပ်သားတွေအပေါ်ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေ ဆက်လုပ်ခွင့်ပေးထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ၂၀၂၀ တုန်းက New Normal ဆိုတာက ကိုဗစ်ကပ်ဆိုးကာလမှာ အစိုးရနဲ့ ပြည်သူ ကျောချင်းကပ်ပြီး ကျော်လွှားခဲ့ကြတာ ဖြစ်ပါတယ်။ မတ်စ်တပ်ထား၊ ဝေးဝေးနေ၊ လက်မှန်မှန်ဆေး၊ အိမ်ထဲက အိမ်ပြင် သိပ်မထွက်ကြနဲ့ အချင်းချင်းတွေ ယိုင်းပင်းကြဆိုတဲ့ သဘောထားတွေနဲ့ ကပ်ဆိုးကို ဖြတ်ကျော်ခဲ့ကြတဲ့ new normal ကနေ ၂၀၂၁ ၏ New Normal ကတော့ အစိုးရနဲ့ ပြည်သူ ကျောခိုင်းပြီး လမ်းခွဲကြရတဲ့ အဖြစ်ရောက်သွားပါတယ်။ သည်နေရာမှာ အစိုးရဆိုတာက စစ်အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီကို ဆိုလိုတာပါ။ ပြည်သူဟာ ပြည်သူ့အစိုးရကို အွန်လိုင်းကနေ တင်မြှောက်ပြီး အွန်လိုင်းကနေ ထောက်ခံလိုက်ကြရပါတယ်။ လက်တွေ့မြေပြင်မှာတော့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ထူကိုယ်ထ ကိုယ့်လက်နက်ကိုယ်ပြင်ဆင်ပြီး ကိုယ့်တိုက်ပွဲကိုယ်ဖော်နေကြရတာ ဖြစ်ပါတယ်။ ပြောက်ကျားစစ်တွေကိုလည်း ပြည်သူတွေက လက်လှမ်းမီရာ အကူအညီတွေယူပြီး တိုက်ကြရာက အလုပ်နဲ့ ဘ၀က သင်ယူကြ ပြဌာန်းကြရတာ ဖြစ်ပါတယ်။ အကုန်လုံးက အွန်လိုင်းမှာ ရှိပြီး တကယ်လက်တွေ့ရင်ဆိုင်ကြရတာကတော့ မြေပြင်မှာ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၁ ရဲ့ မြန်မာပြည်သူလူထုရဲ့ new normal ဖြစ်မယ် ထင်ပါတယ်။

မြန်မာပြည်သူတွေကို အွန်လိုင်းကနေ ဦးဆောင်မှုပေးနေတဲ့ CRPH နဲ့ NUG လွှတ်တော် အစိုးရကိုယ်တိုင်ကလည်း ဒါဟာ သူတို့အတွက် New Normal ပဲ ဖြစ်ပါတယ်။ နေပြည်တော်တွေ လွှတ်တော်တွေ စည်ပင်သာယာအိမ်ယာတွေကနေ ခွဲထွက်လာပြီး လွတ်မြောက်နယ်မြေမှာ ရက်ပေါင်း ၁၂၀ ကျော် ရုန်းကန်လှုပ်ရှားပြီး ပြည်သူတွေ သဘောထားရေး စိတ်ဓာတ်ရေး ရပ်တည်ရေးဆိုင်ရာ ဦးဆောင်မှုတွေ ပေးနိုင်ခဲ့တာ အောင်မြင်မှုတွေ ထောက်ခံမှုတွေ မကျဆင်းသေးတာဟာ အသိအမှတ်ပြုဖွယ်ရာလည်း ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပက ပြည်သူတွေကလည်း အွန်လိုင်းတွေကနေ ကျန်းမာရေး ပညာရေး ရန်ပုံငွေ ရှာဖွေရေး အကူအညီအထောက်အပံ့တွေ ပို့ဆောင်ရေး၊ လုပ်ငန်းတာဝန်အဖွဲ့အစည်းများ ခွဲဝေလုပ်ကိုင်ရေးစတာတွေ တခဲနက်လုပ်နေနိုင်ကြတာ covid အလွန် work from home, social distancing တွေရဲ့ အကျိုးတွေကို အသုံးချအမြတ်ထုတ်နိုင်ကြတယ် ပြောရမလား မသိပါဘူး။ ပြည်သူ့အစိုးရနဲ ပြည်သူဟာ အွန်လိုင်းမှာ ရင်ချင်းကပ်နေနိုင်လောက်အောင် နီးကပ်နေကြပြီး ပြည်သူတွေဟာ ရန်သူစစ်ကောင်စီနဲ့ကျတော့ မြေပြင်မှာ လက်ပစ်ဗုံးတပစ်၊ လေသေနတ်ကျည်တလှမ်းစာ နီးကပ်စွာ တိုက်ပွဲဝင်နေကြရတာ ဖြစ်ပါတယ်။ ဒါက မြန်မာပြည်၏ Irony (ရင်နာစရာ) ဖြစ်ပါတယ်။

Photo - ဒီမော့ဆိုမြို့နယ်က တိုက်ပွဲကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို သဂြိုလ်ပေး (ကန္တာရဝတီတိုင်း(မ်))
 
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar