လင်းလက်နွေဦး - မြင့်မြတ်သော ဝရမ်းပြေး
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၁
ငယ်ငယ်က ဦးကြည်အောင် (ကဗျာဆရာကြီး) အိမ်အလည်လာရင်း ပြောသွားတာကြားခဲ့ဖူးတယ်။ ကိုယ့်ကိုယ်ကို အားပေးတာနဲ့ ဆက်စပ်ပြီး ထင်ပါရဲ့၊ အညာက ငါန်းဇွန်နယ်မှာ နတ်သားတော ဆိုတဲ့ ရွာလေး တရွာ ရှိတယ်တဲ့။
ရေရှားဖုန်ထူတဲ့အရပ်မို့ ရှေးက မျက်ခမ်းစပ်ရောဂါ သိပ်ဖြစ်တဲ့နယ်ပေါ့။
အဲတော့ သူသူ ကိုယ်ကိုယ် မျက်ခမ်းစပ်၊ မျက်တောင်တုံးလေးတွေနဲ့။ ပေကလတ်ပေကလတ်ပေါ့လေ။ အညာသူတွေ ဆိုတော့၊ များသောအားဖြင့် မည်းမည်းလေးတွေ။ အဲ၊ အသားတော်ညိုပြာညက်လေးတွေ၊ ချွန်ပြီး ဖြူတဲ့ နုတဲ့သူတွေလည်း ရှိကြပါရဲ့။
ဒါပေမယ့် အခုဇာတ်ကောင်တွေကတော့ မည်းမည်းလုံးလုံးလေးတွေ ထင်ပါ့။
နေဝင်ရီတရော ရေချိုခပ်ရင်း အချင်းချင်းပြောနေကြတဲ့ ဇာတ်ကွက်။
တယောက်သောသူက မေးသတဲ့၊ ‘ဟဲ့၊ အပျိုချောချော နတ်သားတော’ဆိုတာ ဘယ်သူ့တွေကို ပြောသာလဲ’တဲ့။ ကျန်တဲ့သူတွေက ဝိုင်းဖြေကြတယ်၊ ‘ညည်းရို့ ငါ့ရို့ ပေါ့အေ’။
အတိုင်အဖောက် ညီတယ်နော်။ ဒါပဲ။
ခုလည်း မြင့်မြတ်သော ဝရမ်းပြေးဆိုတာ ဘယ်သူလဲလို့ မေးလာရင် ‘ညည်းရို့ငါ့ရို့ပေါ့အေ’လို့ ဖြေရ မှာပါပဲ။ ဇာတ်လမ်း မစမီ၊ ဇာတ်လမ်းစတင်ရာ ဇစ်မြစ်အခြေခံကို ပြောရအုံးမယ်။ တနေ့က၊ မန္တလေးက ခွဲစိတ်အထူးကုဆရာဝန်တယောက်နဲ့ ဆရာဝန်မတယောက် မတရားရိုက်နှက်ဖမ်းဆီးခံရသတဲ့။
နိုင်ငံပိုင် ရုပ်သံမီဒီယာကနေ ခွဲစိတ်ဆရာဝန်ဟောင်း၊ တရားခံပြေး၊ ဝရမ်းပြေး ဘာညာနဲ့ အပုတ်ချပြီး ကြေညာပါတယ်။ မိမိယုံကြည်ချက်ကိုကိုင်စွဲပြီး မယုံ ကြည်လို့ ငြင်းပယ်တာကို တရားခံတဲ့။ လူ မသတ်၊ သူ့ပစ္စည်းမခိုး၊ မလိမ်မညာ၊ ပြည်သူ့ဘဏ္ဌာ ကိုယ့်ဟာမမှတ်တဲ့လူကို တရားခံတဲ့။
မတရားဖမ်းဆီးမခံရအောင် ရှောင်တိမ်း နေတာကို ဝရမ်းပြေးတဲ့။ အံ့တယ်။
အမေကြီး ပြောနေကျအတိုင်းပြောရရင်၊ ‘အံ့ဩကုန်နိုင်ဖွယ်… အံ့ဩကုန်နိုင်ဖွယ်…’ပေါ့လေ။
ဘာနဲ့တူသလဲဆိုရင်၊ ကြားဖူးနေကျအတိုင်း မျက်ကန်းပုဏ္ဏားခြောက်ယောက်နဲ့တူတယ်။ ကန်းမယ့် ကန်းတော့လည်း မွေးရာပါဆိုတော့ တစွန်းတစတောင် မမြင်ဖူးရှာ။ ‘မင်းသောက်နေတဲ့ နွားနို့က အဖြူရောင်ပေါ့’။ ‘အဖြူဆိုတာဘယ်လိုအရောင်လဲ’။ ‘မင်းကိုင်ဖူးတဲ့ ဗျိုင်းအတောင်လိုပေါ့’ဆိုတော့ ‘အော်…နွားနို့ အရောင်က ဗျိုင်း တောင်လို ရှည်ရှည်၊ မာမာနဲ့ တဖက်မှာ ချွန်နေတာကိုး’ဆိုသလိုပေါ့။ မွေးရာပါမျက်မမြင်တွေ လို တချို့က လိုရာကောက်ချက်ဆွဲချတတ်တယ်။ ခုလည်း၊ ပုဏ္ဏားခြောက်ယောက်ကမမြင်ဖူးတဲ့‘ဆင်’ဆိုတာကြီးကို တယောက်တနေရာ လက်နဲ့ စမ်းကြည့်ကြတယ်။ နှာမောင်းကိုင်မိသူက ဆင်ဆိုတာ ရှည်မျောမျော ကြီးလို့ မှတ် ချက်ချတယ်။
နားရွက်ကိုင်မိသူက ဆင်ဆိုတာ ယပ်တောင်လို ပြားချပ်ချပ်ကြီးတဲ့။ ခြေထောက်ကိုင်မိသူက ‘တိုင်လုံး’နဲ့ တူသတဲ့။ ကိုယ်လုံးစမ်းကြည့်ပြီး နံရံလိုပဲလို့ပြောသူက ပြော။ အစွယ်ကိုင်ပြီး ‘ချွန် ချွန်ကော့ကော့’လို့ ယူဆသူက ယူဆ။
ပြီးတော့ ပေါင်းစပ်ပြီး အဖြေမရှာနိုင်ဘူး၊ ကိုယ်မှန် သူမှား ငြင်းခုန်ကြတော့တာပဲ။ ဒါကြောင့် တဖက်ပိတ်၊ အကန်းတွေများလာရင် ပျက်စီးကြောင်းတွေများလာတော့တာပဲ။
‘သူခိုးက လူ လူ ဟစ်တယ်’ဆိုတဲ့ စကားပုံနဲ့ ပို အပ်စပ်တယ်။ သူခိုးတွေ၊ တကယ့်စစ်မှန်တဲ့သူခိုးတွေ ဆိုရင် အင်မတန်လေးစားစရာကောင်းတယ်။
ကြားဖူးမှာပေါ့၊ သူခိုးကြီး ငတက်ပြားဆိုတာ၊ ခိုးသင့်တဲ့ အိမ်ကိုဝင်ခိုးတယ်ဆိုပေမယ့် အဲဒီအိမ်ဝန်းထဲ သူ့လက်သည်းခွံလေးတခွံတောင်းပဲ့မကျန်အောင် ဂရုစိုက်တယ်တဲ့။ သူခိုးရဲ့ ကိုယ်ပိုင်ပစ္စည်းတခုခုကျန်နေခဲ့ရင် အိမ်ရှင် လာဘ်တိတ်မှာ စိုးသတဲ့။ ပြီးတော့နော်၊
အပြောင်မခိုးဘူး၊ အတိုင်းအရှည်ကြည့်ပြီး ခိုးတယ်။ ခိုးရာပါတွေကိုလည်း ဘယ်နှစ်ပုံ ပုံလဲ၊ သုံးပုံ ပုံတယ်၊ ဘုရားပြင် ကျောင်း ဆောက်ဖို့ တပုံ၊
ဆင်းရဲသားတွေ ထောက်ပံ့ဖို့ တပုံ၊ သူ့ဖို့ တပုံပေါ့။ အဲ၊ ခုကောင်တွေလည်း ခိုးတာပဲ၊ ဒါပေမယ့် အမြစ်ကတူးယူပစ်တာ။ ကျောသားရင်သားမခွဲခြားဘူး၊
ရတဲ့နေရာက ခိုးတာပဲ။ ခိုးပြီး ဘုရားတည် ကျောင်း ဆောက်တော့ လုပ်ပါရဲ့၊ မီးလောင်ဗုံးကပ်တာနဲ့ ကျေရော။ အဲ နေအုံး၊ ဘုရားကို ဆင်းတုတော်ကွယ်မှာစိုးလို့ ထင်ပါရဲ့၊ ကျည်ဆံတွေနဲ့ ဖယ်ပေးထားတယ်။ ဆင်းရဲသားတွေထောက်ပံ့ပါရဲ့၊ ထမင်းရည် ကူလျက်ပေးတယ်။ သူ့အဖို့ချည်းပဲတော့ မဟုတ်ပါဘူး၊
သူ့ သားသမီး၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ကျွတ်ဆက်၊ အောက်မလေးမကုန်နိုင်တဲ့ မျိုးဆက်သမုဒ္ဒရာပေါ့ဗျာ။
သူခိုးတွေက ခိုးမှုတမျိုးကိုပဲ ကျူးလွန်ရင် သစ္စာရှိသူခိုးလို့ပြောလို့ရပါတယ်။ သူခိုးစည်း စောင့်ထိန်း သူမို့စည်း ကမ်းရှိတဲ့သူခိုးပေါ့။ လူ့စည်း ဘီလူးစည်းပေါ့ဗျာ။ သူခိုးက သူခိုးအလုပ်မလုပ်ဘူး၊ သူခိုးကျင့် သူခိုးကြံ မကဘူး၊ မိန်းမတွေ့ရင် စော်ကားမော်ကားလုပ်ချင်တယ်ဆိုရင် သူခိုးမုဒိန်းကောင်။
အိမ်ရှင်နိုးသွားလို့ သိသွားလို့ အသက်၊ အရှက်ကို ရန်ရှာရင် သူခိုးဓားပြ။
သူခိုးအနုကြမ်းသမား။ မိန်းမ၊ အသက်၊ အရှက်၊ အိုးအိမ် စည်းစိမ်ကို ဖျက်လိုဖျက်ဆီးလုပ်ရင် သူခိုးလူရမ်းကားပေါ့။ အဲသလိုသူခိုးပုံဖျက်တွေကြောင့် သူခိုးလောက ကြီး နာမည်ပျက်ရတယ်ပေါ့။
လောကသစ္စာတရား ပျက်ရတယ်။ လူ့လောကကြီး မြန်မြန်ပျက်စီးစေတဲ့အကြောင်းတရားပါပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ‘ဂေဟစနစ်ကြီး’ကိုဖျက်ဆီးသူပဲ။ လူ့မိစ္ဆာပဲ။ သူခိုး လောက်တောင် အဆင့်မရှိသူ။
တိရစ္ဆာန်အဆင့်တောင် မရှိတော့တဲ့သူလို့ ပြောနိုင်ပါတယ်။
ကြားဖူးတယ်၊ လူမိုက်တစ်ရာ ချီးမွန်းတာ မလိုချင်နဲ့၊ ပညာရှိတစ်ယောက်ကဲ့ရဲ့တာ ခံယူစေချင် တယ်။ လူမိုက်ဆိုတာမျိုးက ဘာပဲလုပ်လုပ်၊ အတ္တဗဟိုပြုထားမှာပဲ။ ငါ့ကို ကောင်းကျိုးပေးမလား၊ ငါ့အတွက် ဘာကျန်မလဲ၊ ဘာရနိုင်လဲဆိုတဲ့စက်ဝိုင်းထဲက ထွက်နိုင်မှာ မဟုတ်ဘူး။ ပညာရှိကတော့ သူတပါးအကျိုး၊ လောကအကျိုးကိုသာ ရှေးရှုလေ့ရှိပါတယ်။ လောကတ္ထစရိယာပေါ့ဗျာ။
အဲတော့ လူမိုက်တွေ ချီးကျူးပြီဆိုရင် သတိထားရမယ့် အနီရောင်အဆင့်ပေါ့။
ပြောင်းပြန်အားဖြင့်၊ လူမိုက်တွေ ကဲ့ရဲ့ပြီဆိုရင်တော့ အဲဒါ ‘မင်္ဂလာ’ လို့ ယူဆနိုင်ပါတယ်။ သူခိုး ဟစ်ခံရသူ ‘လူအစစ်’ပေါ့နော်။
လစ်တမက်စက္ကူနဲ့စမ်းကြည့်ရင် အက်ဆစ်လား ဗေ့လား သိသလိုပေါ့၊
လစ်တမက်စက္ကူလား ရိုးရိုးစက္ကူလား သိရင်ချင် ခုနက အက်ဆစ်တို့ ဗေ့တို့နဲ့ပြန်စမ်း နိုင်ပါတယ်။
လောကနီတိမှာပေါ့၊ ဖက်ရွက်လေးအကြောင်းပါတယ်နော်။ လူပေါင်းမှားတဲ့ဖက်နဲ့ လူပေါင်းမှန်တဲ့ ဖက်၊ နှိုင်း ယှဉ်ပြထားပါတယ်။ ပဋ္ဌာန်းဒေသနာနဲ့တိုက်ကြည့်ရင် သဟဇတပစ္စည်း ထင်ပါရဲ့။ အညမည ထင်ပါရဲ့။ ရွတ်ဖတ်သရဇ္ဈာယ်နေကျမင်္ဂလသုတ်တော်ထဲမှာလည်း ပါတယ်၊ ‘အသေဝနာစ ဗာလာနံ’ ဆိုတာလေ။ ငါးပိ ငါးပုပ်ထုပ်တဲ့ ဖက်ရွက်ဟာ ငါးပိနံ့ ငါးပုပ်နံ့ စွဲကျန်ရစ်သလို၊ စံပယ် နှင်းဆီပန်းထုပ်တဲ့ ဖက်ရွက်ဟာ သူကိုယ်တိုင် အနံ့မရှိပေမယ့် ပန်းရနံ့တွေစွဲထုံကျန်ရစ်တယ် ဆိုသလိုပေါ့။ ဒါကြောင့် လူမိုက်၊ လူရမ်းကားနဲ့တကြိမ်တခါလောက်သာ ပေါင်းဖက်ဆက်ဆံဖူးတယ်ဆိုရင်ကို လူမိုက်နံ့လူရမ်းကားအထုံတွေ စွဲထင်တင်ကျန်နေပါတယ်။ အဲသလိုပဲ၊ ဗွက်ပုပ်ထဲတကြိမ်ကျဖူးပေမယ့် အနံ့တွေဟာ ကိုယ်မှာစွဲနေနိုင်ပါတယ်။
သက်တမ်းရင့်အပုပ်ဆိုရင် ပိုဆိုးပေါ့။ မိတ်ကောင်းဆွေကောင်းကိုပယ်ပြီးလူရမ်းကား၊ လူမိုက်တွေနဲ့ ပေါင်း သင်းတဲ့သူတွေက ‘ငါတို့ စိတ်ပါလို့ မဟုတ်ဘူး’၊ ‘ငါတို့က ဖြူစင်ပါတယ်’၊ ‘ငါတို့က ကြောက်လို့ပါ’ ဘယ်လိုပဲပြောပြော ဗွက်ပုပ်ထဲ ခုန်ဆင်းသွားတဲ့ သူတွေပါပဲ။ မွှေးရနံ့ကိုစွန့်ပယ်ပြီး အပုပ်နံ့တွေ လှိုင်နေမှတော့ စံပယ်ပန်းလို့ မခေါ်နိုင်တော့ပါဘူး။ တချိန်က စံပယ်ပန်းဖြစ်ခဲ့ဖူးရင်တောင်၊ ဗွက်စံပယ် ဖြစ်နေပါပြီ။
ဝိမုတိသုခ လွတ်မြောက်ခြင်းချမ်းသာကိုသာ ဦးတည်ဆုံးမလေ့ရှိတဲ့ မြတ်ဘုရားရဲ့တရားတော်တွေမှာလည်း အပေါင်းအသင်းမိတ်ဆွေကောင်းရှိရင် အရာရာပြီးမြောက်နိုင်တယ်လို့ ဟောကြားထားပါတယ်။ ‘မဟုတ်ဘူး အာနန္ဒာ ဒီလိုမပြောနဲ့၊ ကလျာဏမိတ္တရှိရင် ထက်ဝက်လောက်တော့ အောင်မြင်နိုင်တယ်ဆိုတာမဟုတ်ဘူး၊ အားလုံး ပြီးမြောက်ပါတယ်’တဲ့။ ဟုတ်မှ ဟုတ်ပါ့မလားတွေးထင်နေသူတွေအတွက် အဖြေပေါ့။ ကျွန်တော်တို့က ဂုဏ်အားဖြင့် နှိုင်းယှဉ်လို့ မတွေးကောင်းတဲ့ လူကောင်းသူကောင်းတွေကို အပေါင်းအသင်းလုပ်ရတာကိုး။ ဇာတိပုညဂုဏ်မာနတွေကို အသာထားအုံး၊ ရိုးဂုဏ်တခုထဲနဲ့ကိုလိုက်မမီတဲ့သူတွေ။ ဟိုဘက်ခြမ်းမှာတော့ သုံးယောက်ပေါင်းလို့မှဆယ်တန်းမအောင်တဲ့ကောင်တွေ။ ပြောလိုက်တဲ့စကားတွေ ကလည်း ပေမမီ ဒေါက်မမီ။
လုပ်သမျှကလည်း အဖိုးနည်းအိုးကွဲ။ အကျင့်ကလည်း ‘ဖာဆန်’တာထက် ဆိုးတယ်။
ကန်တော့ ပါရဲ့။ အဲဒီတော့၊ အပေါင်းအသင်းမိတ်ဆွေချင်းက ဆီနဲ့ရေ၊ မိုးနဲ့မြေပေါ့လေ။
ဒေါက်တာတေဇာဆန်း ပြောဖူးတယ်၊ နိုင်ငံတော်ကြီးက အသည်းအသန်ဖျားနာနေတာမို့ဦးစားပေး ကုသနေရပါတယ်တဲ့။ နိုင်ငံတော်ကြီးက ရိုးရိုးဖျားမဟုတ်ဘူး၊ နလန်မထူနိုင်လောက်အောင် အားပြတ် အင်ပြတ်ဖျားနေတာ။ အဲလိုအားအင်ကုန်ခမ်းအောင်လည်း ဂုတ်သွေးစုတ် လောက်ကောင်ကြီးတွေ အခဲခံနေရတာ။
ရှေးက သူရဲကောင်း အာဇာနည်တွေ မကြိုးစားခဲ့ဘူးလားဆိုတော့ မဟုတ်ပါဘူး၊ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သွေးထွက်နေတဲ့ဒဏ်ရာကို မကုဘဲ၊ သွေးသွင်းပြီး ကုသခဲ့တော့ အိတ်ပေါက်နဲ့ ဖားကောက်ပေါ့လေ။ ဒါကြောင့် ဒီတကြိမ်မှာတော့ သွေးထွက်ဒဏ်ရာကိုလည်း ကုမယ်၊ သင့်တော်တဲ့ သွေးလည်း သွင်းမယ်၊ ကျနေတဲ့လောက်တွေကိုလည်း ဖယ်မယ်၊ မီးရှို့ဖျက်ဆီးမယ် ဆိုပြီး ကြိုးစားနေကြသူတွေပါ။
ကြည့်လိုက်တော့၊ တိုင်းပြည်ကောင်းကျိုးကို ရှေးရှုပြီး၊ ကိုယ်ကျိုးမငဲ့ကြိုးစားနေသူတွေချည်းပဲ။ တချို့က ပြောကြတယ်၊ လူဆိုးလူမိုက်တွေထောင်ခါပေးပြီး လူကောင်းတွေကို ထောင်ထဲထည့်နေတာတဲ့။ နယ်ပယ်အသီးသီးကိုကြည့်လိုက်ရင်လည်း ထူးချွန်ထက်မြတ်သူတွေကို (၅၀၅- က)ထုတ်၊ ဝရမ်းထုတ်၊ ဖမ်းဆီးတရားစွဲ လုပ်နေတာမဟုတ်လား။ ဒါကြောင့် ပြည်သူ့ဝန်ထမ်းတွေက သူတို့ကို (၅၀၅)ထုတ်ရင် အောင်လက်မှတ်ရပြီ၊ ယာယီရပ်ဆဲ၊ တာဝန်ရပ်နားခံရရင် ပျော်နေကြတယ်။ ဒါဟာ သူတို့ရဲ့ မှတ်ကျောက်ပဲ။ ဒါကို ဂုဏ်ယူနေကြတာပဲ။
ပျော်မှာပေါ့၊ ပြည်သူ့ဝန်ထမ်းနဲ့ ပြည်သူ့ဝန်စီး ကွဲသွားတာကိုး။
ပျော်မှာပေါ့၊ စိန်နဲ့ ဖန်ပုလင်းကွဲ ခြားနားသွားတာကိုး။
သူတို့ခမျာ တတ်ကျွမ်းနားလည်တဲ့ အတတ်ပညာ၊ အသိပညာတွေကို အသုံးချခွင့်မရှိကြဘူး။ ကျောင်းဆရာတွေ စာမသင်ရ၊ ဆရာဝန်တွေ ဆေးမကုရ… ပုဂ္ဂလိကကျောင်း၊ ပုဂ္ဂလိကဆေးခန်းတွေမှာ အလုပ်မပေးရ… အိမ်လိုက်မသင်ရ၊ ကျူရှင်မဖွင့်ရ၊ ကိုယ်ပိုင်ဆေးခန်းမထိုင်ရ… စသဖြင့်ပေါ့လေ။ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်သူတွေဆိုတော့ ကုန်စိမ်းရောင်းသူနဲ့၊ တက်စီမောင်းသူနဲ့၊ အွန်လိုင်းဈေးရောင်းသူတွေ၊ အိမ်တွင်းမှုလုပ်သူတွေ၊ ပွဲစားလုပ်သူတွေ စတဲ့နယ်ပယ်အသီးသီးထဲ ရောက်ကုန်တယ်။ သက်ဆိုင်ရာအလုပ်ကို စွန့်လွတ်တယ်၊ လစာ နှုန်းထားကို စွန့်လွတ်တယ်၊ မိသားစုနဲ့ ခွဲခွာရရုံမက ပြစ်မှုထင်ရှားအပြစ်သားတယောက်လို၊ တရားခံတယောက်လို၊ ဝရမ်းပြေးတယောက်လို ပုန်းလျှိုးကွယ်လျှိုးနေကြရတယ်။ နောက်တခုက တဘဝစာကြိုးစားအားထုတ်မှုတွေကိုပါ ရပ်တန့်ထားရတာ၊ လက်လွတ်ထားရတာပါပဲ။
တွေ့ရတယ်၊ အထူးကုဆရာဝန်ဖြစ်ဖို့ ဘွဲ့လွန်တက်နေတဲ့ ဆရာဝန်တယောက်၊ ကိုရင်ကြီးဝတ်ပြီး ကိုယ်ရောင်ဖျောက်ထား ရတယ်။ လပိုင်းလေးအလို၊ မကျန်း မာတဲ့လူနာတွေကို ထူးချွန်စွာ ကုသပေးနိုင်တော့မယ့် ဆရာ ဝန်တယောက်လေ၊ မထင်မရှား တောခိုနေရတယ်။ ပညာရှင်တယောက်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာစတေးခဲ့ရတာပါ။
ဒါကို မသိရှာတော့၊ ငကန်းသေ ငဆွေပေါ်လိမ့်မယ်တဲ့။ ဉာဏ်လေးတထွာတမိုက်နဲ့ ကြိုးစားကြည့် တယ်။ ဟိုက ငကန်းလေ၊ ငဆွေပေါ်နိုင်တာပေါ့။ ဒီက ဂျလန်းတွေ၊ ဒီလိုခေတ်စကားနဲ့ ပြောရင် ပေါ့သွားမှာ စိုးရိမ်တယ်။ ဒီက တော်ဝင်ပန်းတွေ၊ အနူလက်နဲ့ လက်လှမ်းမမီဘူး။ ဆေးရုံတွေဖွင့်ဖို့ ကြိုးစားတယ်၊ လူနာတွေပါစီဒီအမ်လုပ်လာတယ်။ ဘဏ်တွေဖွင့်ဖို့ ကြိုးစားတယ်၊ ငွေထုတ်တွေချည်းပဲတန်းစီနေတယ်။ ကျောင်းတွေ ဖွင့်ကြည့်တယ်၊ အထက်ကျောင်းတကျောင်းမှာကျောင်းသားဆယ်ယောက်မပြည့်ဘူး။ နန်း စီဒီအမ်တွေခမျာလည်း အင် အားနည်းရှာတော့ ဌာနဆိုင်ရာယန္တရားကို ကောင်းကောင်းမလှည့်နိုင်ဘူး။ စီဒီအမ်ခွင့်မဲ့ပျက်ကွက်လို့ ထုတ်တဲ့စာတောင် နှစ်လလောက်ကြာမှ လက်ဝယ်ရောက်တာကိုကြည့်။ ကျွန်တော့်ဆီဆိုရင် တစ်စောင်တောင် မရောက်သေးဘူး။ သုံးကြိမ်သုံးခါသတိပေးစာကလေ။
တချို့သောဝန်ထမ်းတွေကတော့ ဝမ်းရေးကိုတောင် မစဉ်းစားဘဲ၊ တော်လှန်ရေးကိုပဲဇောက်ချထား တာတွေ့ရပါတယ်။ လေးစားရပါတယ်။ စီဒီအမ်အချင်းချင်းထောက်ပံ့အားပေးကြတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်၊ ဦးဆောင်တယ်။ ပြည်သူ့အစိုးရနဲ့ ပူးပေါင်းတယ်၊ ကျရာတာဝန်ထမ်းဆောင်တယ်။ လက်နက်ကိုင်သင်တန်းတွေ တက်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အားပေးကူညီတယ်။
တချို့သောဝန်ထမ်းတွေကတော့ လွတ်မြောက်နေမြေအထိရောက်အောင်သွားအောင်တိုင်းရင်းသားတပ်မတော် တွေနဲ့ ပူးပေါင်းတယ်၊ သင်တန်းတွေ တက်တယ်၊ တရားသောစစ်ပွဲတွေ ဆင်နွှဲတယ်။ တွေ့နေရတာတော့ သာ သနာ့ဝန်ထမ်းရှင်ရဟန်းတော်တွေတောင် လူဝတ်လဲပြီး တောခိုတော်မူကြပါတယ်။ ရှေးက ဖက်ဆစ်ဂျပန် နယ်ချဲ့ရန်ကို တော်လှန်ကြသလိုပေါ့။ ရဟန်းရှင်လူ ပြည်သူအများစုပေါင်းအားနဲ့ တော်လှန်ရေးဆင်နွှဲနေကြပါတယ်။
မြင့်မြတ်တဲ့ ဝရမ်းပြေးတွေက သူပုန်ရာထူးကို မက်မက်မောမောရယူပိုင်ဆိုင်ပြီး အာဏာရှင် စစ်အစိုးရကို တော်လှန်နေမှတော့ အမြန်ဆုံးအောင်ပွဲဆင်ရမှာ၊ မြေကြီးလက်ခတ်မလွဲပါဘူး။
လင်းလက်နွေဦး
၁၆.၆.၂၀၂၁
ညနေ ၄နာရီ ၃ဝမိနစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar