Breaking News

မြင့်ကျော် - ၃၂ နှစ်ကျော်ကာလ၏ အရောင်များ၊ ခံစားချက်များ



မြင့်ကျော် - ၃၂ နှစ်ကျော်ကာလ၏ အရောင်များ၊ ခံစားချက်များ

(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁

အနက်ရောင် တီရှပ်၊ အနက်ရောင်ဘောင်းဘီရှည် နှင့် အနီရောင် အကျီများ ၊လူအုပ်စုများ၊ ကြွေးကြော်သံများ ပိုစတာများ နဖူးစည်းများ မြင်တွေ့ရသည့်အခါ စိတ်ထဲ ခံစားရခြင်း၊ လှိုက်လှဲသည့် ခံစားချက်များဖြစ်ပေါ်လာပြန်သည်။

သည်လို ခံစားချက်မျိုး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ၊ ၁၉၈၈ ခုနှစ် အရေးအခင်းကာလခံစားချက် တို့ကို ပြန်အမှတ်ရလာသည်။

လူထုဆန္ဒပြပွဲ၊ စစ်အာဏာရှင် စနစ်ကျဆုံးဖို့ ကြွေးကြော်သံနဲ့ ဆန္ဒပြပွဲ ၊ သည်မြင်ကွင်းမျိုး လွန်ခဲ့သည့် နှစ် ၃၀ ကျော်က မျက်စေ့ထဲသာမက ရင်ထဲ နှလုံးထဲအထိ မှတ်မှတ်ထင်ထင် စွဲထင်ခဲ့ဖူးသည့် မြင်ကွင်းများ ခံစားချက်များဖြစ်သည်။ မြင်ကွင်းများတင် မှတ်မိနေတာမဟုတ်၊ ခံစားချက်များဖြစ်သည့် စိတ်အားတက်ကြွခြင်း၊ မျှော်လင့်ခြင်း၊ စိတ်လှုပ်ရှားမှု၊ ဒေါသဖြစ်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်းတို့ကို ပါ ခံစားချက်အရ စွဲထင်မှတ်မိနေခြင်းဖြစ်သည်။

၈၈ အရေးအခင်းကာလက တလနှင့် ၁၀ ရက်ခန့်ရှည်ကြာသည့် စိုးထိတ်မှု စိတ်တက်ကြွမှု၊ မခံမရပ်နိုင်ဖြစ်မှု၊ မျှော်လင့်ချက်များ ကြွေလွင့်မှုတို့ တလှည့်စီခံစားခဲ့ရသည့်ကာလများဖြစ်သည်။

၈၈၈၈ ပထမနေ့ ရဲ့ နံနက်ခင်း မော်လမြိုင်မြို့မှာ ဘယ်ထောင့်က ၊ ဘယ်လမ်းက ပေါ်လာမလဲဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်း ကျောင်းသားတွေဦးဆောင်သည့် သပိတ်အဖွဲ့ကို မြင်လိုက်ရသည့် အခိုက်အတန့်၊ ကြွေးကြော်သံကို ကြားလိုက်ရသည့်အချိန်အခိုက်အတန့် စိတ်ထဲခံစားလိုက်ရသည့် ခံစားချက်မှာ ကာလကြာရှည်စွာမျှော်လင့်တောင့်တခဲ့သည့် အရာတစ်ခုကို မျက်စေ့ရှေ့မှာ မျက်ဝါးထင်ထင်တွေ့လိုက်ရသည့် အဖြစ်သဖွယ် မယုံနိုင်သည့် ခံစားချက်၊ စိတ်အားတက်ကြွသည့် ခံစားချက်တို့ တပြိုင်နက်ထဲခံစားလိုက်ရသည်ကို မှတ်မိနေသည်။

နှာခေါင်းနှင့်ပါးစပ်ကို လက်ကိုင်ပုဝါသုံးထောင့်ချိုးခေါက်ပြီး စည်းထားသူ အများအပြားရှိသလို အချို့ကတော့ စည်းမထားကြပါ။ ဟိုခေတ်က ဆန္ဒပြရာတွင်ပါဝင်သူ မည်သူမဆို နောက်ပိုင်းဓါတ်ပုံနှင့်လိုက်လံ ဖမ်းဆီးကြသည့်အဖြစ်များ ရှိြခင်းကြောင့် လုံခြုံရေးအရ လူကိုအလွယ်တကူမမှတ်မိနုိင်စေရန် ပုဝါစည်းထားကြခြင်းပင်။

ထိုနေ့က ရန်ကုန်မြို့တွင် မည်သို့စတင်နေသည် လူထုအရေအတွက်မည်မျှပါဝင်သည် ဆိုသည်တို့ကို နံနက်ပိုင်းအချိန်အတိုင်းအတာအတွင်း မသိရှိနိုင်ကြသေးပါ။ အင်တာနက်ဝေးစွ မိုဘိုင်းဖုန်းပင် မရှိသေးသည့်ကာလမို့ ညရေဒီယိုသတင်းသည်သာ လူထု၏ သတင်းရရှိသည့် ပင်မအရင်းအမြစ်ဖြစ်ဆဲဖြစ်သည်။

မော်လမြိုင်မြို့မှ တက်ကြွလှုပ်ရှားသူကေျာင်းသားများ စတင်လိုက်သည့် ဆန္ဒပြသည့် လူတန်းသည် မြို့၏ အစိတ်အပိုင်းတချို့ကို ဖြတ်သန်းပြီးနောက် လူထုအများအပြား ပူးပေါင်းပါဝင်လာသည့် နောက်ရာထောင်ချီသည့် လူအုပ်စုအဖြစ်စုဝေးမိပြီး သံလွင်ဥယျာဥ်တွင် ဟောပြောခဲ့ကြသည်။

ဆယ်စုနှစ် ၂ ခုကျော်ကြာရှည်ခဲ့သည့် ဆိုရှယ်လစ်အမည်ခံ စစ်အာဏာရှင် အုပ်ချုပ်ရေး အောက်တွင် မြို့ကြီးအချို့တွင် ဆန့်ကျင်မှုများ ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်ခဲ့ပြီး တနိုင်ငံလုံးအတုိင်းအတာနှင့် ဆန္ဒပြအုံကြွမှုသည် ၈၈ ခုနှစ်တွင်မှ ပေါ်ပေါက်ခဲ့ြခင်းဖြစ်သည်။

ဦးဆောင်သည့် ကျောင်းသားများသာမက လူထုပါပါဝင်ခဲ့သည့် ဆန္ဒပြမှုစတင်ပေါ်ထွက်လာသည့် အချိန်က ခံစားရသည့် ခံစားချက်ကို အမှောင်ခတ်ထဲတွင် တောက်လေျာက်နေလာခဲ့ရာက အလင်းရောင်ပြပြမြင်လိုက်ရသည့် ခံစားချက်နှင့် အလားသဏ္ဍာန် တူသည်။

ထိုမျှော်လင့်ချက် အလင်းရောင်က ရက်အနည်းငယ်အကြာ သီတင်းပတ်အနည်းငယ်အကြာတွင် တဖြည်းဖြည်း ပိုတောက်ပလာခဲ့သည်။ လူများစုကြီး၏ ယုံကြည်မှု၊ စိတ်ပိုင်းဖြတ်မှု၊ တောင်းဆိုမှုနှင့် တက်ကြွမှု၊ ဆန္ဒပြသူများအား လက်နက်ဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် ရာထောင်ချီ အသက်စွန့်သွားကြရသူများ အတွက် ကြေကွဲသည့် ခံစားချက်များလည်း တပြိုင်နက်ထဲ ခံစားနေကြရသည်။ အသက်စွန့်ခဲ့ကြရသူများထဲ အသက်အရွယ်အားဖြင့်ငယ်ရွယ်လွန်းသည့် ကျောင်းသားများလည်း ပါဝင်ခဲ့သဖြင့် ကာယကံရှင်မိဘများ မည်မှျကြေကွဲမည် ဆိုသည်ကို ကိုယ်ချင်းစာ မိသည်။

ရှစ်လေးလုံး အရေးအခင်းကြီး၏ အတက်အကျ အနိမ့်အမြင့် နှင့် အဖြစ်အပျက်များက အရေးအခင်းနှင့်ပတ်သက်သည့် မှတ်တမ်းများ၊ စာအုပ်များတွင် ပါရှိပြီးဖြစ်၍ အသေးစိတ်ရေးခြယ် မပြလိုတော့ပါ။

အာဏာသိမ်းသည့် စက်တင်ဘာ ၁၈ ရက်နေ့ညနေ မှောင်ရီပျိုးပျ ရေဒီယိုမှ ထွက်ပေါ်လာသည့် ကြေညာချက်ကြောင့် ရှစ်လေးလုံးအရေးတော်ပုံတွင်ပါဝင်သူ ထောက်ခံသူအားလုံး မျှော်လင့်ချက်ရိုက်ချိုးခံရသည့်သဖွယ် စိတ်ပျက်ခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်း၊ ဖြစ်သည့်နည်းနှင့် တစုံတရာ တုံ့ပြန်မည်ဆိုသည် ပိုင်းဖြတ်မှုတို့ ခံစားခဲ့ကြရသည် ကိုယခုအချိန်တွေးမိလျင်ပင် ပြန်ခံစားရသည်။

ကြေညာချက် ကြေညာပြီးမကြာမီပင် ဟီးနိုးတီအီး အလဲဗင်း စစ်ကားကြီးများ မြို့ထဲလမ်းမပေါ်တွင် လှည့်လည်လာသည်ကိုတွေ့ မြင်ရသည်။ ကားရှေ့ခန်း၏ခေါင်မိုးပေါ်တွင် သေနတ်ကို ထောက်လျက်သားရှေ့ကို ချိန်လျက် လမ်းမအတိုင်းလှည့်လာသည်ကို အရပ်သားများက လမ်းဘေးမှ ရပ်လျက်ကြည့်နေကြပုံကို ယခုတိုင်မျက်စေ့ထဲမြင်နေဆဲ။

လမ်းနဘေးမှ ရပ်ကြည့်နေသူများ၏ မျက်နှာတွင် မခံမရပ်နိုင်သည့်အကြည့် မကျေနပ်မှုတို့က အထင်းသားပေါ်လွင်နေသည်။ ကျနော်ကိုယ်တိုင်လည်း ရပ်ကြည့်နေရင်းက လူအများဆန္ဒကို ဆန့်ကျင်ပြီး အခုလို အာဏာသိမ်းမှုကို ဘာမှ ပြန်မလုပ်နုိင်တော့ဘူးလားဆိုသည့် မေးခွန်းကိုပင် အကြိမ်ကြိမ် စိတ်ထဲမေးနေခဲ့သည်။

ယခု သမိုင်းက တပတ်ပြန်ကျော့လာသည့် ၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာသိမ်းသည့် နောက် လွန်ခဲ့သည့် ၃၂ နှစ်ကျော် အတိတ်၏ ခံစားချက်များပြန်အမှတ်ရမိသလို ယခင်တုန်းက အဖြစ်မျိုး ရလဒ်မျိုး တပတ်မလည်စေချင်တော့။

စစ်တပ်အာဏာသိမ်းခြင်းဆိုသည့် အဖြစ်ကတော့ တပတ်လည်လာပေပြီ၊ သို့သော် ရှစ်လေးလုံးအရေးတော်ပုံကို ဖြိုခွဲပြီးနောက် ဆယ်စုနှစ် ၂ ခုကျော်စစ်အုပ်ချုပ်မှုအောက် ရှည်ကြာခဲ့ရသည့် ရလဒ်မျိုး ထပ်မကြုံရအောင် ဘယ်သူတွေအပေါ်မှီတည်နေသလဲဆိုတာ တွေးနေမိသည်။

ယေဘုယျပြောရလျင် လွတ်လပ်မှုနှင့် ဒီမိုကရေစီလိုလားသူတိုင်းအပေါ်တွင် တာဝန်ရှိသည်ဆိုသည်မှာမငြင်းနိုင်သော အဆိုတစ်ရပ်ဖြစ်သည်။ သို့သော်လည်း ထိုအဆိုကို အနုစိတ်ထပ်မံ ခွဲခြမ်းစိတ်ဖြာကြည့်လျင် မည်သူက မည်သည့်တာဝန်ကို ထမ်းဆောင်ကြမည်လဲဆိုသည့် မေးခွန်းများလည်း ကျနော့်အတွေးထဲ ပေါ်လာနေသည်။