Breaking News

မိုးမခကဗျာ - စိုးလူမောင် ၊ ဒီသစ်

Art- Than Htay Maung
မိုးမခကဗျာ
သြဂုတ် ၉၊ ၂၀၂၁
ပျံသန်းနေဆဲအလင်းတန်း ၈၈


ရိုးမခြေ
ခက်မာမြေကြောထဲက
သွေးစက်များ ချွေးစက်များ
ပျံ့နှံ့စိမ့်ဝင်တနံတလျား
ဓားသွားလိုထက်မြ
၈၈ အသွေးအသားမြစ်တွေဖျာထွက်ခဲ့တယ်။

စီးဆင်းလိုက်ကြ၊စီးဆင်သွားကြ
သီရိခေတ္တရာမဟာလမ်းမ
သာယာဝတီပြည်လမ်းမတကြော
ကျေးလက်မြို့ပြ၊တောအနှံ့တောင်အနှံ့
လှည်းနေလှေအောင်းမြင်းဇောင်းမကျန်။

အနိုင်ကျင့်ခံအနှိမ်ခံ
ခါးသီးမှုများနဲ့
နေ့တဓူဝဝမ်းစာ
လုံလောက်မှုမဲ့ဘဝများစွာ
ဒီမှာ တိုက်ပွဲဝင်တောင်းဆိုတယ်
ဒီမှာ တော်လှန်ရေးစတင်ခဲ့ကြတယ်။

တစုံဦးဆောင်မှုပေးခဲ့ကြတဲ့
ဦးလေသန်း(ရဲဘော်သန်း) ကို သတိရတယ်
သခင်ခင်ကိုသတိရတယ်
ဗိုလ်ကင်း/ဦကင်းစိန်ကို
ရဲဘော်ဇော်ဝင်းကို
ဆရာဦးတင်ရွှေကို
ကိုတင်မောင်ဝင်း(နေခြည်ဓတ်ပုံ)ကို
ဦးအောင်ငြိမ်း(ကျွန်းပြန်)ကို
မောင်ချောနွယ်ကို
ချမ်းငြိမ်းအေးကို
အောင်ဇေယျကို
ကိုမောင်မောင်ဦး(သုခစာပေ)ကို
ငွေထွန်းမြင့်(အရှည်ကြီး)ကို
မောင်ကြည်စန်းကို
ဦးအောင်မေသု(အုတ်ဖို/မင်းလှ)ကို
ကိုမွှေးကြိုင်(အုတ်ဖို)ကို
အခြားသော အများသောသူများကို
ရှင်ကျန်နေသောရဲဘော်မိတ်ဆွေများကို
သတိရနေ၊ သတိတရရှိနေခဲ့တယ်။

အဲဒီ ရှည်လျှားမြင်ကွင်း
ထင်လင်းပြတ်သား
စစ်ပဒေဿရစ်၊စစ်အာဏာရှင်
ဖုံးတမျိုး ကွယ်တမျိုး
သဏ္ဌန်မျိုးစုံဟန်ဆောင်နေသမျှ
မြေပြင်လေ ဝေဟင်လေ
မုန်တိုင်းဆင်တိုက်ခတ်ကြ
ရင်ဘတ်ထဲက ၈၈စိတ်ဓါတ်
ကြီးမြတ်စွာသိုမှီးကြ
ဒီမိုခရီးမနီးသရွေ့
ဝိုးတဝါးမထင် မှုံဝါးဝါးမမြင်လေနဲ့
ရှေ့မှာတော်လှန်အလံတွေလွှင်ထူကြ
တော်လှန်အသံတွေလွှင့်တင်ကြ
တော်လှန်ပန်းတွေပွင့်ဝေလိမ့်ဦးမယ်
တော်လှန်ပန်းတွေပွင့်ဝေကြရဦးမယ် ။  ။

စိုးလူမောင် 
၈.၈.၂၀၁၈
*ပဲခူးတိုင်းအနောက်ခြမ်းအတွက်,!
...

တမ်းမက်ခြုံထည်

အိပ်မက်တွေကားပြန့်လျက်
တရေးလန့်လန့်နိုးတတ်တာ
အကျင့်တခုလိုဖြစ်နေခဲ့ 
ကြာပြီ။

ညတာပြင်ကား
ကိုယ့်အတွက်မညီညာတော့။ 

ခြောက်ကပ်ဆိုးဝါးတဲ့
ရာသီကြမ်း​တွေရဲ့
ဆက်တိုက်ထိုးနှက်ချက်အောက်မှာ
အလူးလူးအလိမ့်လိမ့်။

အနုပညာ နဲ့ 
ရှင်သန်ခွင့်....
အနုပညာ နဲ့
သေဆုံးခွင့်....
''အနုလုံပတိလုံ၊ ပဝတ္တိ" လေးတောင်မှ
ငါတို့လူတွေမရ
တဖြုတ်ဖြုတ်သေဆုံးကြပြီ။

"အ" ဂါရဝ ကို
နိစ္စလုပ်နေတဲ့ "ဒေသိယ"၊
လူ့စိတ်ပါမလာတဲ့
"စိန"၊
လူ့ကဏ္ဍမေ့နေတဲ့
"တန္တရ"ဂဏ၊
အဲ့ ဌာနန္တရတွေကြား
မျိုးစဉ်မရေရာစွာ
"လူ'' ဆိုပြီးအခေါ်ခံခဲ့ရတယ်
"ငါ'' ဆိုတာလေးတောင်
ယဲ့တဲ့တဲ့ မာန်ထင်ခွင့်မရရှာဘူး။

ကိုင်း...ဘိဘိသန
ခများကောဘာထကြွလို့ရခဲ့လို့တုန်း
ဒီမှာတော့
"အ​ သေသန" နဲ့လုံးချာလည်လို့
"ဘဝ"ဆိုတာကို
"ဝဘ" နဲ့ "အာ(ရ်)" ချင်နေကြတဲ့ခေတ္တထဲ
ကျုပ်တို့ဘက်က ဘာလွဲခဲ့လို့တုန်းရယ်။

တံခွန်အသတ်ကချော်ကချွတ်ဖြစ်ပါတယ်ဆိုမှ
တကတဲ....
သေမင်းကိုယ်၌က
ကိုယ့်ငန်းကိုယ်မရိတ်တတ်တာ
ကြာပြီ။

ဒီသစ်
  -  

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar