Breaking News

အောင်ကျော်ဆန်း - မောင်လူမှိန်လွမ်းချင်း

Photo - Myo Tayzar Maung
မောင်လူမှိန်လွမ်းချင်း
အောင်ကျော်ဆန်း
(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၁

အမည်က မောင်လူမှိန်ဆိုပေမယ့် သူ့ကဗျာကတော့ လင်းပြီးထိန်နေတာပဲလို့ ဆရာတက္ကသိုလ် မင်းမော်က မှတ်ချက်ပေးဖူးတယ်။ ကိုလူမှိန်ဟာ အနေစုတ်စုတ် ရိုးရိုးကုပ်ကုပ်နေတတ်တယ်။ ကျွန်တော်တို့နဲ့သိချိန်မှာ သူ့အမေက စျေးတောင်းခေါင်းရွက်ပြီး လုပ်ကိုင်စားသောက်နေရတာပါ။ ဒါကြောင့် ကိုလူမှိန်ကို အတော်နိမ့် ကျနွမ်းပါးတဲ့ လူဆင်းရဲမိသားစုက မွေးဖွားလာတယ်လို့ ထင်ခဲ့မိတယ်။

သူနဲ့ကျွန်တော် အတော်ကလေးရင်းနှီးခင်မင်ပြီးတဲ့နောက် တရက်မှာ သူ့အိမ်ကို အလည်လိုက်သွားမိတယ်။ ကျွန်တော်မှန်းဆထားမိတဲ့အတိုင်း အိမ်က ခေါင်မလုံမိုးမလုံ ထရံဒိုးယိုပေါက်နဲ့ပါ။ ဒါပေမဲ့ မထင်မှတ်တာကို တွေ့ခဲ့မိတယ်။ အဲဒါက စာအုပ်ဘီရိုကြီးတွေကို တခမ်းတနားတွေ့ရတာပါ။ သားရေဖုံးအခန့်ချုပ်တွေနဲ့ အစီ အရီ သပ်သပ်ရပ်ရပ်စာအုပ်ကြီးတွေပါ။ အနှောင့်မှာ အင်္ဂလိပ်လိုတွေရေးထားတော့ စိတ်ဝင်စားသွားတယ်။ ဒါနဲ့ပဲ သူ့ကို ခွင့်တောင်းပြီး စာအုပ်ဘီရိုကို မွှေကြည့်မိတာပေါ့။

ကျွန်တော်ထင်သလို စာပေရေးရာတွေနဲ့ပတ်သက်တဲ့ကျမ်းဂန်တွေမဟုတ်ဘူး။ ဥပဒေစာအုပ်တွေဖြစ်နေတယ်၊  ဒါတွေကိုဘယ်သူဖတ်တာလဲမေးတော့ ငါ့ဦးလေးစာအုပ်တွေပါကွာလို့ ပြောတယ်။ အဲဒီတော့မှ ကိုလူမှိန်ဟာ ဦးကျွန်းကျော်ရဲ့တူမှန်း သိတော့တယ်။
ဦးကျွန်းကျော်ဆိုတာ မြင်းခြံမျက်နှာဖုံးရှေ့နေကြီးတယောက်ပါ။ ရှေ့နေကို ရှေ့နေလို့ မခေါ်ရဘူး။ ဝတ်လုံတော်ရမင်းလို့ခေါ်ရတဲ့ခေတ်က ရှေ့နေကြီးပေါ့။ဟိုခေတ်က ဘီရိုရထားနဲ့ခရီးသွားတဲ့သူ။ ဘုရားထူးခံ ပုဂ္ဂိုလ်ပေါ့။ တကယ်တော့ ကိုလူမှိန်ဟာ ကျွန်တော်ထင်သလို ဆင်းရဲသားနင်းပြားဘဝက လာတဲ့သူမဟုတ် ဘူး။ အထက်လွှာကြေးရတတ်မိသားစုက ပေါက်ဖွားလာသူပါ။ ဘယ်လိုလောကဓံအခက်အခဲတွေ ရင်ဆိုင်ရပြီး ဒီဘဝရောက်သွားတယ်တော့ မပြောတတ်တော့ဘူး။

ကိုလူမှိန်ရဲ့ထူးခြားတဲ့အရည်အသွေးတခုက အင်မတန်ရိုးသားဖြောင့်မတ်တာပါ။ လိမ်လည်လှည့်ဖျားတဲ့ အလုပ်ကို သူလုံးဝမလုပ်ပါဘူး။ အင်မတန်ယုံကြည်စိတ်ချရတယ်။ သူပြောတာဆိုရင် အမှန်ပဲလို့ စိတ်ချရတဲ့သူမျိုးပါ။ မဆဲတတ်ဘူး။ မကောက်ကျစ်ဘူး။ နောက်ကျောကိုဘယ်တော့မှ ဓားနဲ့မထိုးတတ်ဘူး။
ကိုလူမှိန်က ဟာသဓာတ်ခံရှိတယ်။ သူက လူ့သဘာဝဓလေ့စရိုက်တွေကို စေ့စေ့ငုငု အာရုံထားတတ်တယ်။ လေးလုံးစပ်တွေ နဘေထပ်တွေကို မထိတထိ ကလိတတ်တယ်။ ရှေးထုံးမပစ် လေးသုံးနှစ်ပါကွယ် ဆိုတာမျိုး။ မြည်သံစွဲ အသင်ဆိုသော် သခင်ကိုယ်တော်မှိုင်းရယ်လို့ဆိုတာမျိုး သူရေးတတ် စပ်တတ်တယ်။ ခင်ဗျားဟာက အသင်ဆိုသော် ဆိုတာကြီး ဘာလို့ထည့်တာတုန်းဆိုတော့ ကာရံမိအောင် ထည့်တာကွလို့ ပြောပြီး ရယ်နေတတ်တယ်။ မောင်ခိုင်မာကာရံတွေ အရမ်းသုံးလို့ ကလိတာပေါ့။

ကျွန်တော်နဲ့ကိုလူမှိန်ကို မိတ်ဆက်ပေးတာက အညာကမာကြည်ဆိုတဲ့ စာရေးဆရာကလေးပါ။ အညာ ကမာကြည်ဆိုလို့ စကီစမောခပ်ချောချောလေးပဲလို့ မအောက်မေ့နဲ့နော။ ရဟန်းပဏ္ဍိတ် ဆရာတော်ကလေး ဗျ။ အဲဒီတုန်းကသာ ဆရာတော်ကလေးပါဗျာ။ အခုတော့ သက်ကြီးဝါကြီး ထေရ်ကြီးရဟန်းကြီး နာမည်ကြီး ဆတော် ဖြစ်နေပါပြီ။ နာမည်ကြီးဆို ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းက မြင်းခြံသပိတ်ကော်မတီဥက္ကဋ္ဌ ဖြစ်ခဲေ့သးတာ။ ဦးသုန္ဒရဝံသတဲ့။ ဦးသုန်တို့ ဘုန်းသုန်တို့ ခေါ်ကြတာပေါ့။ ဆရာတော်ဦးဝိစိတ္တကျောင်းမှာ သီတင်းသုံးနေတာပါ။

ထားပါတော့လေ၊ အဲဒီဘုန်းကြီးသုန်မိတ်ဆက်ပေးလို့ ကိုလူမှိန်နဲ့စသိခဲ့ရတာ။ ၁၉၈၁-၈၂လောက်ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်က ဦးသုန်လိုဘုန်းကြီးမဟုတ်ပဲ လူဝတ်ကြောင်သမားဆိုတော့ ကိုလူမှိန်နဲ့ ပိုတွဲဖြစ် သွားတယ်။ ကိုယ်ကအရက်မသောက်တတ်သေးပေမယ့် ကိုလူမှိန်နဲ့အတူ အရက်ဆိုင်တကာ ရောက်တယ်၊ ကျွန်တော်က အဲဒီတော့ တက္ကသိုလ်ကျောင်းသား လူ့အဖိုးတန်ကလေး ဖြစ်နေပြီ။ သူနဲ့ပေါင်းတာ အိမ်က မကြိုက်ဘူး။ ကိုလူမှိန်နဲ့ အရက်ဆိုင်ထဲမှာအမြဲတွေ့နေတော့ ရပ်ကွက်ထဲကဇိုးသမားတွေက အမေ့ကို တိုင် ကြတယ်။

မမဥသား အရက်ဆိုင်ထဲမှာ မိုးလင်းမိုးချုပ် တနေကုန်တနေခမ်း ထိုင်နေတယ်ပေါ့။ အမေက ကျွန်တော့်ကို ခေါ်မေးတော့ အင်းဟုတ်တယ်ပဲ ဖြေရတာပေါ့။ အေး နောက်တခါ အရက်ဆိုင်ထဲမှာတွေ့တယ်ကြားရင် အသေပဲလို့ ကျိန်းတယ်။ ဟာ အမေကလည်း ကျွန်တော်က အရက်သွားသောက်တာမှ မဟုတ်တာလို့ ဆင် ခြေကန်တာပေါ့။ အမေက ကျွန်တော့်ကို ဒီကနေ့အထိ တခါမှမရိုက်ဖူးပါဘူး။ အဲဒီတော့ သွားမြဲ ထိုင်မြဲပါပဲ။
 
အမေက ကိုလူမှိန်အိမ်လာတဲ့အခါ 'ဟဲ့စန်းလှိုင် ငါ့သားကို အရက်ဆိုင်ခေါ်မသွားနဲ့" လို့ပြောတော့လည်း 'ဟုတ်ကဲ့ပါ မမဥရဲ့၊ သူက အရက်မသောက်ပါဘူး' ပေါ့။

ကျွန်တော်ကတော့ ကိုလူမှိန်နဲ့အတူ အရက်ဆိုင် အထိုင်မပျက်ပါဘူး။ ဒါနဲ့အမေက ကိုလူမှိန့်အမေကို တိုင်တယ်။ ဒီတော့မှ ကျွန်တော်တို့တတွေ အထက်ဆန်တန်းက ကိုအောင်ကျင်အရက်ဆိုင်ကိုစွန့်ပြီး ဌေးမြင့်အောင်ကို ချီတက်ကြတော့တာပါ။
ဌေးမြင့်အောင် လက်ဖက်ရည်ဆိုင်ထဲက အရှေ့ဘက်တန်း ကောင်တာနဲ့ကပ်လျက်စားပွဲမှာ ကျွန်တော်တို့ ထိုင်ကြတယ်။ ကျောင်းသားတွေ၊ ကဗျာသမား စာသမားတွေ၊ ထောင်ထွက်နိုင်ငံရေးသမားတွေစုရပ်ပေါ့။ ဒီ စားပွဲက ကိုလူမှိန်ကိုအကြောင်းပြုပြီး စုစည်းမိတာပါ။ ကျွန်တော်တို့မြင်းခြံမှာ ဦးဝင်းဖေဆိုတဲ့ ကာ တွန်းဆရာကြီးတယောက်ရှိတယ်။ လူထုသတင်းစာမှာ ကလောင်သွေးခဲ့သူတွေထဲက တယောက်ပါ။ ပန်းချီ ဝင်းဖေ(အဆိုတော်မီမီဝင်းဖေ ဖခင်) ကာတွန်းဝင်းဖေနဲ့ ကဗျာဆရာဝင်းဖေ(မောင်စွမ်းရည်)ဆိုပြီး ခေတ်ပြိုင်တွေ ဖြစ်ခဲ့ကြသူတွေပါ။

အဲဒီဦးဝင်းဖေကလည်း ကျွန်တော်တို့လက်ဖက်ရည်ဝိုင်းကို မကြာခဏလာတတ်တယ်။ နောက် သခင်ဘဟန်ဆိုတဲ့ ပန်းချီဆရာကွန်မြူနစ်အဘိုးကြီးတယောက်လည်း လာထိုင်တယ်။ မန္တလေးမှာနေတဲ့ ဆရာညီစေမင်းလည်း မြင်းခြံရောက်တဲ့အခါ ဒီလက်ဖက်ရည်ဝိုင်းကိုမကင်းနိုင်ဘူးပေါ့။ တခါတရံ အညာပြန်တဲ့ ကျွန် တော်တို့ရဲ့ကဗျာဆရာကြီး ဦးတင်မိုးလည်း သူ့ဗိုက်ကြီးရှေ့တန်းတင်ရင်း ဒီလက်ဖက်ရည်ဝိုင်းကို ရောက်လာတတ်သေးတယ်။
အင်အား အကောင်းဆုံးကတော့ ကျွန်တော်တို့လူငယ်အုပ်စုပါ။ တက္ကသိုလ်ကျောင်းသား၊ အထက်တန်း ကျောင်းသား၊ အလုပ်သမား လယ်သမားလူစုံတက်စုံပါပဲ။ ဒီလူတွေအားလုံးဟာ ကိုလူမှိန်ကို အကြောင်းပြု ပြီး အနုပညာချစ်စိတ်ကလေးတခုတည်းနဲ့ စုစည်းမိခဲ့ကြတာပါ။ အခု ကိုလူမှိန်မရှိတော့ချိန်မှာတော့ အဲဒီ့ စာပေအုပ်ကလေးဟာ ဖရိုဖရဲ ပြိုကွဲခဲ့ရပါပြီ။ ကျွန်တော်တို့လည်း သူ့လိုတာဝန်မကျေခဲ့နိုင်ဘူး။

ဟိုတလောက မြင်းခြံသားကဗျာဆရာတွေစုပြီး စာအုပ်ထုတ်ကြမယ်ဆိုတော့ ကဗျာလေးငါးပုဒ်ပေးလိုက် တယ်။ မြေနုကျွန်းဆိုတဲ့နာမည်နဲ့ ကဗျာစာအုပ်ထွက်လာပါတယ်။ ကိုလူမှိန်သာရှိရင် ဝမ်းသာလိုက်မယ့်ဖြစ်ချင်း။
အခုတော့ ကျွန်တော်တို့မှာသာ မောင်လူမှိန်လက်ရာကလေးတွေနဲ့အလွမ်းဖြေ ကျေနပ်ကြရတော့တယ်။
နောင်ဘဝဆိုတာများရှိခဲ့ရင် ကဗျာဆရာထပ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ချင်ပါတယ်။

အောင်ကျော်ဆန်း
http://www.jojar.net/2017/05/blog-post_76.html  မှ ....
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar