ကိုကျော် (မြစ်ကြီးနား) - အီလွန်မတ်စ် twitter ဝယ်မဲ့ကိစ္စကို စောင့်ကြည့်ပါအုံး
(မိုးမခ) မေ ၃၊ ၂၀၂၂
(Mashable မဂ္ဂဇင်းမှာဖော်ပြထားတဲ့ ဆောင်းပါးရှင် Matt Binder ရဲ့ ထင်မြင်သုံးသပ်ချက် ဖြစ်ပါတယ်။)
အီလွန်မတ်စ်ရဲ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတိုင်းကို အမှန်လို့ မယူဆလိုက်ပါနဲ့။ တယ်စ်လာကား (Tesla) ကုမ္ပဏီဝက်ဆိုက်မှာ အီလွန်မတ်က ပါရမီရှိတဲ့ ကုမ္ပဏီပူးတွဲတည်ထောင်သူ လို့ ဖော်ပြထားပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ Martin Eberhard နဲ့ Marc Tarpenning တို့က ၂၀၀၃ ခုနှစ်မှာ တယ်စ်လာကို စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းကျမှပဲ အီလွန်မတ်စ်က ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ကိုချစ်တဲ့ ပရိသတ်တွေ (ဖန်တွေ) က အာကာသလေ့လာရေးကုမ္ပဏီ SpaceX တည်ထောင်ခဲ့တာကြောင့် သူ့ကို လေးစားအားကျမှုရှိနိုင်ပေမဲ့ အမေရိကန်အစိုးရရဲ့ ဒေါ်လာဘီလီယံများစွာ ထောက်ပံ့ပေးခဲ့မှုကြောင့် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူက (သေချာတာက 'တခြားသောသူတွေ' ကို ရည်ညွန်းပြီး) "အစိုးရထောက်ပံ့ငွေ" ဆိုတာ မရှိသင့်ဘူးလို့ ပြောခဲ့ပါသေးတယ်။
၂၀၂၀ ခုနှစ် နွေဦးကာလ ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေအဆုံးဆိုး ကာလတုန်းက ဆေးရုံတွေကို အသက်ရှူကိရိယာတွေ ပို့ပေးမယ်လို့ အီလွန်မတ်စ်က လေလုံးထုတ်ကြွေးကြော်ခဲ့ပေမဲ့ တကယ်တော့ မပို့ပေးခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ အီလွန်မတ်စ်က စိန်ခေါ်ခဲ့ပြီး အကယ်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (World Food Program) မှ လက်တွေ့အလုပ်ဖြစ်မဲ့ ငတ်မွတ်ခေါင်းပါးမှု ပျောက်ကွယ်သွားဖို့ အစီအစဥ်တွေကို ချပြနိုင်ခဲ့ရင် သူ့ဆီမှ ဒေါ်လာ ၆ ဘီလီယံ လှူဒါန်းမယ်လို့ ပြောခဲ့ပါတယ်။ WFP ဒါရိုက်တာက အသေးစိတ်အစီစဥ် အချက်အလက်တွေကို ထုတ်ပြခဲ့တဲ့အခါ အီလွန်မတ်စ်ဆီက အသံတိတ်ဆိတ်သွားပါတယ်။ ယနေ့ထက်ထိ တစ်ပြားမှ မလှူဒါန်းခဲ့ပါဘူး။
အထက်က နမူနာတွေလိုမျိုး အများကြီး ဆက်ပြီးပြောပြလို့ရပါတယ်။ ဒါပေမဲ့ ပြောပြချင်တဲ့ အဓိကအချက်က အီလွန်မတ်စ် ဆိုတဲ့ပုဂ္ဂိုလ်က နာမည်ကြီးထင်ပေါ်ချင်တာပဲ ဖြစ်ပါတယ်။ အီလွန်မတ်စ် က တွီတာကုမ္ပဏီကို ဝယ်မယ်ဆိုတာကိုလည်း အံ့ဩတုန်လှုပ်ပြီး စိုးရိမ်မနေကြပါနဲ့အုံး၊ အနည်းဆုံးတော့ အခုချက်ခြင်း မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါမယ်။
တွီတာကနေ အီလွန်မတ်စ်ရဲ့ ဝယ်ယူမဲ့ဈေးနှုန်း ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းကြောင့် သူက တကယ်ပဲ တွီတာရဲ့လုပ်ငန်းတခုလုံးကို စီမံအုပ်ချုပ်နေပြီ၊ နောက်ပြီးတော့ သူပြောတဲ့ "free speech" ဆိုတာကိုလည်း တကယ်ယုံနေမယ်လို့ ထင်ပါတယ်။ အမှန်တကယ်တော့ သဘောတူညီချက်က နောက်ဆုံးအဆင့် မဟုတ်သေးပါဘူး၊ အီလွန်မတ်စ်က တွီတာကို မပိုင်ဆိုင်သေးပါဘူး။ အနည်းဆုံးတော့ လပေါင်းအနည်းငယ် ကြာနိုင်အုံးမှာ ဖြစ်ပါတယ်။
ပိုပြီးဆိုးသွားနိုင်တာက သဘောတူညီချက်အတိုင်း တွီတာကိုဝယ်ယူမဲ့ကိစ္စ မအောင်မြင်ဘဲ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းပြီး ကြိုတင်ဟောကိန်း ထုတ်နေတာလည်း မဟုတ်ပါဘူး။ ဖြစ်နိုင်တယ်လို့ ပြောတာပါ။ တချို့ကတောင် ဘာကြောင့်ဒီလိုဖြစ်သွားနိုင်တယ် ဆိုတာကို အတိအကျရှင်းပြ ဖော်ပြထားတာလည်း ရှိပါတယ်။
အီလွန်မတ်စ်က ဒေါ်လာ ၄၄ ဘီလီယံပေးပြီး တွီတာကိုဝယ်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေက ဘယ်ကနေရလာနိုင်မလဲ? သူ့ဆီမှာ liquid assets လို့ခေါ်တဲ့ အလွယ်တကူ ချက်ခြင်းငွေသားအဖြစ် ပြောင်းလဲနိုင်တဲ့ ပိုင်ဆိုင်မှုတွေ မရှိပါဘူး။ တယ်စ်လာရဲ့ ရှယ်ယာတချို့ ရောင်းချလိုက်ပြီး လိုအပ်မဲ့ငွေတချို့ ရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ဘဏ်တွေဆီက ချေးငွေတချို့ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လုံလောက်အုံးမှာ မဟုတ်ပါဘူး။ ဒါမှမဟုတ် သူနဲ့အတူပူးပေါင်းပြီး ရင်းနှီးမြုပ်နှံမဲ့ လုပ်ငန်းရှင်တွေ ရှိနေပြီလား? ရှိခဲ့ရင်တောင်မှ လုပ်ငန်းရှင်တွေက နောက်ဆုတ်သွားနိုင်ပါတယ်။ တချို့သောကိစ္စများက ပြောင်းလဲသွားနိုင်ပါတယ်။
စီစဥ်ထားတဲ့အတိုင်း အားလုံးအဆင်ပြေခဲ့ပြီး အီလွန်မတ်စ်က တွီတာကို ပိုင်ဆိုင်သွားပြီလို့ ဆိုကြပါစို့။ နောက်ပြီးတော့ သူရဲ့ရည်ရွယ်ချက်အတိုင်း တွီတာ လူမှုကွန်ယက်ပေါ်လစီကို "free speech" ပုံစံဆိုပြီး ပြောင်းလဲလိုက်တယ်ပဲ ထားပါစို့။ ဒီလိုဆိုရင် အီလွန်မတ်စ်ရဲ့ဖန်တွေ ယုံကြည်ထားတာက ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြချက်တွေကို အရင်လို ကြပ်မတ်စောင့်ကြည့်တော့မှာ မဟုတ်ဘဲ အမုန်းတရားတွေ အမုန်းစကားတွေနဲ့ အင်အားနည်း အုပ်စုတွေအပေါ် တိုက်ခိုက်မှုတွေကို ခွင့်ပြုလိုက်မယ်။ ပြီးတော့ အရင်က အကောင့်ပိတ်ခံထားရသူတွေ တွီတာကို ပြန်ပြီးသုံးခွင့်ရခဲ့မယ် ဆိုကြပါစို့။
အဲဒီလိုတွေသာ တကယ်ပဲဖြစ်ခဲ့ရင်တောင်မှ အီလွန်မတ်စ်ပိုင်ဆိုင်တဲ့ တွီတာက Apple နဲ့ Google တို့လို နည်းပညာကုမ္ပဏီကြီးတွေရဲ့ ထိန်းချုပ်စောင့်ကြည့်မှု ခံနေရအုံးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တွီတာရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက အဲဒီကုမ္ပဏီတွေအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။
Apple နဲ့ Google တို့က မိုဘိုင်းဖုန်းဈေးကွက်မှာ လုံးဝချုပ်ကိုင်ထားပြီး App Store နဲ့ Google Play တို့ကနေ သူတို့ရဲ့ app တွေကို တဆင့်ဖြန့်ဖြူးရတာ ဖြစ်ပါတယ်။ လက်ယာယိမ်းအဖွဲ့တွေ (ကွန်ဆာဗေးတစ်တွေ) ရဲ့ အသုံးများခဲ့တဲ့ လူမှုကွန်ယက် Parler app ကိုပဲကြည့်လိုက်ပါ။ Parler က သူတို့ရဲ့အကောင့်ပိုင်ရှင်များကို သေချာကြပ်မတ်ခြင်း မရှိတာကြောင့် (ရေးချင်ရာရေး မဟုတ်မမှန်သတင်း ဝါဒဖြန့်ချင်ရာဖြန့်ခဲ့တာကြောင့်) Apple နဲ့ Google တို့ရဲ့ စည်းကမ်းသတ်မှတ်ချက်များကို ချိုးဖောက်မှုနဲ့ Parler ကို နှစ်ဖက်စလုံးမှ ဖယ်ရှားခြင်းကို ခံခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ တွီတာ ဆိုတာက စီးပွားရေးတစ်ခုပါပဲ။ လူတွေရဲ့အာရုံစိုက်မှုခံရအောင် အီလွန်မတ်စ် လုပ်နေသမျအားလုံးက သူ့အတွက် ငွေများများရအောင် ဖန်တီးတာပဲ ဖြစ်ပါတယ်။ အဲလိုဖြစ်ဖို့ သူက ရင်းနှီးမြုပ်နှံသူတွေ များများရအောင် ဆွဲခေါ်သွင်းမှာ ဖြစ်ပါတယ်၊ ရင်းနှီးမြုပ်နှံသူတွေကလည်း အကျိုးအမြတ်ပြန်ရဖို့ လိုချင်ကြမှာပဲ ဖြစ်ပါတယ်။ တွီတာကိုဝယ်မယ်ဆိုတဲ့ သတင်းကြောင့် နဂိုပိုင်ဆိုင်ထားတဲ့ တခြားလုပ်ငန်းများအပြင် အီလွန်မတ်စ်က အချိန်ကိုပိုပြီး စီမံခန့်ခွဲပြီး လုပ်ကိုင်လာရမှာကို (မနိုင်မနင်းဖြစ်လာမှာကို) ရင်းနှီးမြုပ်နှံသူများရဲ့ စိုးရိမ်ပူပင်မှုတွေကြောင့် တယ်စ်လာရဲ့ရှယ်ယာဈေး ကျဆင်းလာခဲ့ပါတယ်။ (လွန်ခဲ့တဲ့တပတ်ထက် ၁၁ ရာခိုင်နှုန်း၊ လွန်ခဲ့တဲ့တလထက် ၂၄ ရာခိုင်နှုန်းခန့် ရှယ်ယာဈေးကျခဲ့ပါတယ်။)
ဆိုရှယ်မီဒီယာလုပ်ငန်းနဲ့ အကျွမ်းမဝင်တဲ့ ဘီလီယံနာ လုပ်ငန်းရှင်များ ကျရှုံးဆုံးရှုံးခဲ့ရတာကို အရင်က တွေ့ခဲ့ရဖူးပါတယ်။ ၂၀၀၅ ခုနှစ်မှာ Fox News ပိုင်ရှင် ရူးဘတ်မာဒေါ့ (Rupert Murdoch) က MySpace ကို ဝယ်ယူခဲ့ပြီး မအောင်မြင်ခဲ့ရတာက မူဝါဒအပြောင်းအလဲ၊ အသုံးပြုသူအရေအတွက် နည်းပါးမှု စတာတွေကြောင့် မဟုတ်ဘဲ ဆိုရှယ်မီဒီယာရဲ့ စီးပွားရေးပုံစံကို နားလည်ခြင်း မရှိခဲ့တာကြောင့် MySpace ကျရှုံးပျောက်ကွယ်ခဲ့ရတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြချက်တွေ စောင့်ကြည့်ကြပ်မတ်မှု၊ လုပ်ငန်းထိတွေ့ဆက်ဆံမှု တို့နဲ့ပတ်သက်ပြီး အီလွန်မတ်စ်ရဲ့ သဘောထားမှုတွေကို အခြေခံပြီးကြည့်မယ်ဆိုရင် သူကလည်း ဆိုရှယ်မီဒီယာလုပ်ငန်းကို သေချာနားလည်မဲ့ပုံ မပေါ်ပါဘူး။
တကယ်လို့ အီလွန်မတ်စ်ရဲ့ အုပ်ချုပ်မှုအောက်မှာ တွီတာရဲ့မူဝါဒများ ပြောင်းလဲလိုက်ပြီး မိုက်ရိုင်းသူများ၊ အစွန်းရောက်လူဖြူများ၊ အမုန်းစကားများ နဲ့ အခြားသော အဆိပ်သင့်စေမဲ့ အကြောင်းအရာကိစ္စများ ပိုပြီးများပြား ပျံ့နှံ့လာပါက စီးပွားရေးအရ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။ နာမည်ကျော်ထင်ရှားတဲ့ အမှတ်တံဆိပ် ကုမ္ပဏီများက အကောင့်ဖျက်သိမ်းပြီး ကြော်ငြာငွေကြေးများကို တခြားသောနေရာမှာ ပြောင်းလဲအသုံးချသွားမှာ ဖြစ်ပါတယ်။ လက်ယာယိမ်းသုံးစွဲသူများ အပြင် နိုင်ငံရေးစိတ်မဝင်စားတဲ့ သုံးစွဲသူများပါ ထွက်ပြေးကုန်မှာဖြစ်ပြီး တွီတာက ငွေကြေးဆုံးရှုံးမှာ ဖြစ်ပါတယ်။
တွီတာက အရေးကြီးအသုံးဝင်တဲ့ နေရာတစ်ခုဖြစ်တာကို ငြင်းစရာမရှိပါဘူး။ တွီတာရဲ့ လူမှုကွန်ယက် ချိတ်ဆက်မှုများနဲ့ အလုပ်အကိုင်များ ရှာဖွေခဲ့ကြတယ်၊ တကယ်အရေးကြီးတဲ့ လူမှုရေးတရားမျတမှု ကိစ္စများနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများက သတင်းစကားတွေ ဖြန့်ဝေကြ စည်းရုံးမှုလုပ်ကြတဲ့ ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့ကြတယ်၊ သတင်းဌာနများက လူမှုကွန်ယက်မှာ အရေးကြီးတဲ့ သတင်းဖြစ်ရပ်များအတွက် တွီတာကို အရင်းမြစ်တစ်ခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အီလွန်မတ်စ်ရဲ့ အုပ်ချုပ်မှုအောက်မှာ တွီတာက ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စိတ်ပူပန်နေမှုတွေ တကယ်ပဲရှိနေကြပြီး အထူးသဖြင့် လတ်တလောက ဆူညံမှုဖြစ်စေခဲ့တဲ့ သူရဲ့ပို့စ်တွေကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ တွီတာသုံးစွဲသူတွေထက် အီလွန်မတ်စ် ဆုံးရှုံးသွားနိုင်မဲ့အရာက ပိုပြီးကြီးမားပါတယ်။ ပြီးတော့ အီလွန်မတ်စ်ရဲ့ ပြောစကားတွေကြောင့် အခုကတည်းက တွီတာကိုမသုံးတော့ဘဲ အကောင့်ပိတ်လိုက်တဲ့ လူတွေက သူပြောတာကို သိပ်ပြီးယုံကြည်လွန်းလို့ပဲ ဖြစ်ပါတယ်။ မှတ်ထားဖို့က အီလွန်မတ်စ်က သူရလာမဲ့ အကျိုးအမြတ်အတွက် လူအများရဲ့အာရုံစိုက်မှုရအောင် လုပ်နေတာဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူက "ချီးပေ" ဖြစ်နေတာပါပဲ။
တကယ်လို့များ အီလွန်မတ်စ်ရဲ့ အဆိုးဆုံးသော မူဝါဒသဘောထားတွေက အလုပ်မဖြစ်ဘဲ တွီတာ က နဂိုအတိုင်းပဲ ရှိနေခဲ့မယ်ဆိုရင် သုံးစွဲသူများအတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ အီလွန်မတ်စ်က တွီတာမှာ ငွေကြေးပုံအောခဲ့ပြီး တွီတာက မအောင်မြင်ခဲ့ဖူး ဆိုရင်လည်း သုံးစွဲသူများအတွက် အေးဆေးပါပဲ။ တနည်းပြောရမယ်ဆိုရင် အီလွန်မတ်စ်က ဘီလီယံပေါင်းများစွာ ဆုံးရှုံးလိမ့်မယ်၊ တယ်စ်လာ လိုပဲ သူရဲ့တခြားသော ကုမ္ပဏီတွေကိုလည်း ထိခိုက်လာပြီး ကျရှုံးသွားတာလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ပိုပြီးအရေးကြီးတာက သူရဲ့ အတ္တကြီးစိတ်ကိုလည်း ထိခိုက်သွားနိုင်ပါတယ်။ ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး သူရဲ့တုံ့ပြန်မှုက ဘယ်လိုရှိလာနိုင်မလဲ ဆိုတာကို ခန့်မှန်းကြည့်လို့ရမလား? ရယ်စရာကောင်းပြီး အတော်ကြည့်လို့ကောင်းမှာ သေချာပါတယ်။
(ကိုးကား။ ။ Mashabel - April 29, 2022 - There's no need to freak out over Elon Musk buying Twitter. He's all hype.)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar