Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၁

စစ်အာဏာသိမ်းပြီး ၆ လတာ

စစ်အာဏာသိမ်းအပြီး ၆ လတာကို ပြန်လှည့်ကြည့်တဲ့အခါ နိုင်ငံရေး အကျ ဆုံးရှုံးမှု၊ စီးပွားရေးအရ ဆုံးရှုံးမှု၊ လူမှုရေး (ပညာရေး+ကျန်းမာရေး) နယ်ပယ် ၃ ခုစလုံး ကျဆင်းဆုံးရှုံးမှုများစွာနဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာတွေ က ထင်ထင်ရှားရှား ပြစရာ အထောက်အထားတပုံတပင်နဲ့ ပေါ်ထွက်လာပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ရရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေ လူတုိင်းနီးပါးမှာ အပြည့်နဲ့ လွန်ခဲ့တဲ့ ၆ လတာကို ဖြတ်သန်းခဲ့ကြရတယ်လို့ ဆိုရပါမယ်။

အကျိုးအမြတ်တွေဘာတွေရှိလဲလို့ မေးရင် အဆိုးထဲက ထုတ်ယူကြရတဲ့ နိုင်ငံရေး သင်ခန်းစာ၊ နိုင်ငံရေးနိုးကြားမှု၊ ပန်းတိုင်ရည်မှန်းချက်တူတဲ့ အဖွဲ့အစည်းတွေ အစုအဖွဲ့တွေအကြား စည်းလုံးမှု၊ လူထုရဲ့ တက်ကြွမှုစတာတွေ က အရှုံးထဲက အမြတ်အဖြစ်နဲ့ ထုတ်ယူကြရတာမျိုး ဖြစ်ပါတယ်။

နိုင်ငံရေးဆုံးရှုံးမှု

၂၅ ရာနှုန်းကို ရွေးချယ်စရာမလိုပဲ နေရာယူထားတဲ့ ၂၀၀၈ ခြေခံဥပဒေ အောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲက ရွေးချယ်ထားတဲ့ လူထုကြိုက်တဲ့ အစိုးရအဖွဲ့ဆုံးရှုံးလိုက်ရတယ်။ လူထုက နိုင်ငံရေး ရည်မှန်းချက်တွေကို မဲပေးရွေးချယ်တဲ့ နည်းလမ်းသွားနိုင်တယ်ဆိုတဲ့ လူထုရဲ့ နားလည်ယုံကြည်မှု ကိုဆုံးရှုံးလိုက်ရပါတယ်။

အခုဆိုရင် နိုင်ငံရေး စီမံခန့်ခွဲခွင့်အာဏာဆိုတာကို စေ့စပ်ဆွေးနွေးခြင်းနဲ့ မရနိုင်ဘူး၊ လက်နက်နဲ့ တိုက်ယူမှသာ ရနိုင်တယ်ဆိုတဲ့ အတွေးအခေါ်က လူအများစုဆီမှာ ရောက်ရှိသွားခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ စုနှစ်တခုစာလောက် လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ကြိုးပမ်းမှုတွေဟာ အရာမထင် သလိုဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ခုအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးစကားပြောဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ မူဘောင်တွေ၊ လူပုဂ္ဂိုလ်တွေ၊ သဘောတူစာချုပ်တွေဆိုတာဟာ လက်နက်ကိုင် ပဋိပက္ခမဖြစ်မီ ခေတ္တ နည်းပရိယာယ်အရ အသုံးပြုကြတဲ့ အရာတွေအဖြစ်သာ မှတ်ယူနေကြပြီး အချို့သောအဖွဲ့တွေကတော့ လုံးဝ အသိအမှတ်မပြုကြတော့ပဲ အနိုင်နဲ့ အရှုံး ဆိုတဲ့ အဆုံးစွန်သော နည်းလမ်းကို ရွေးခြယ်ထားကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၇ခုလောက် အတွင်း တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတွေ ပြည်နယ်တွေရဲ့ ဒေသအတော်များများမှာ ၂၀၁၁၊ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပြီး သဘောတူညီမှုတွေ၊ စာချုပ်တွေအရ လက်နက်ကိုင် ပဋိပက္ခ ရပ်ဆိုင်းသွားပြီး ဒေသခံလူထု အဖို့ ယခင်လက်လှမ်းမမှီခဲ့တဲ့ စီးပွားရေး အခွင့်အလမ်း ၊ လူမှုရေး အခွင့်အလမ်း တွေကို ပထမဆုံးအနေနဲ့ စတင်ခံစားခဲ့ရတဲ့ ဒေသတွေလည်း ပဋိပက္ခဧရိယာ အဖြစ်ပြန်လည် သက်ဆင်းပြီး အသက်အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေ မလုံခြုံတဲ့ အခြေအနေမျိုး ပြန်လည်ရောက်ရှိသွားတာ တွေ့ရပါတယ်။

ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ မရှိသေးသော်လည်း နိုင်ငံရေးပါတီတွေ အနေနဲ့ အခုလို အရေးပေါ် အခြေအနေကြေညာချက် ၊ စစ်အုပ်ချုပ်ရေး အောက်မှာ ဘာလုပ်ေဆာင်မှုမှ လုပ်ဆောင်ခွင့်မရှိသလို လုပ်ဆောင်နိုင်မှာလည်း မဟုတ်ပါဘူး။ လူထု အများစုက နိုင်ငံရေးပါတီတွေ ဖွဲ့ပြီး နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ကြရတယ်ဆိုတာကို ယုံကြည်မှု ပျက်စီးသွားတာက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။

နောက်ဆုံးရှုံးမှုတခုကတော့ စစ်တပ်ကနိုင်ငံရေးမှာ အာဏာချုပ်ကိုင် စွက်ဖက်တဲ့ အစဥ်အလာကို ပြန်လည် ကိုင်စွဲလိုက်ခြင်းဟာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ၊ နကိုကတည်းက နည်းပါးနေတဲ့ လူထုရဲ့ စစ်တပ်အပေါ်ယုံကြည်မှု ကို လုံးဝ ပျက်စီးဆုံးရှုံးသွားစေတာပဲ ဖြစ်ပါတယ်။ ခုအခြေအနေမှာ စစ်တပ်ကို စစ်တပ်ထဲမှာ ရှိတဲ့ အင်အားအားလုံးကို တယောက်မကျန် ဖယ်ရှားရှင်းလင်းရမယ်ဆိုတဲ့ အဆုံးစွန်သော နာကျည်းတဲ့ ခံစားချက် အမြင်တွေ လူထုကြားထဲ ပေါ်ထွက်နေတာ ကြားရမြင်နေရာ လည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုပြီးနောက် ဆန္ဒပြမှုတွေ မြို့ပေါ် ခုခံမှုတွေ၊ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေမှာ အသက်ပေါင်း ၉၀၀ ကျော်ဆုံးရှုံးခဲ့ရပြီး ၅ ထောင်ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။ ဒီအရေအတွက်တွေမှာ ပီဒီအက် အဖွဲ့တွေရဲ့ တိုက်ပွဲတွေ ၊ အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရတာတွေ မပါဝင်သေးပါဘူး။

စီးပွားရေး အရဆုံးရှုံးမှု

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စီးပွားရေး အပေါ်သက်ရောက်တဲ့ ဂယက်က ပထမဆုံး ငွေတန်ဖိုးကျဆင်းတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းကြမယ်၊ အသစ်မမြှုပ်နှံကြတော့၊ လုပ်နေဆဲ တချို့ ထွက်ခွာကြမယ် ၊ ဖွံံဖြိုးရေး အကူအညီတွေ ရပ်ဆိုင်းကြမယ် ဆိုတာက ထင်ရှားနေတဲ့ ချက်ခြင်း သက်ရောက်လာတဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးအာဏာ ချုပ်ကိုင်ဖို့သာကြည့်ပြီး ဘဏ်လုပ်ငန်းကို ဝင်စွက်ဖက်တာ အဖွဲ့အစည်းတွေရဲ့ ငွေကြေး စာရင်းတွေကို ဝင်ထိန်းချုပ်တာ၊ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီလိုမျိုးတွေကိုလည်း သူ့ဖောက်သည်တွေရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို အာဏာနဲ့ ရယူတာတွေ လုပ်ဆောင်ပြီး ၊ နိုင်ငံတကာ အစိုးရအချို့ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လာနိုင်တဲ့ အလားအလာတွေကြောင့် နိုင်ငံတကာ ကုမ္ပဏီအများအပြား လျော့ချ၊ ရပ်နား ဆိိုင်းငံတာတွေ ဖြစ်ကုန်ပါတော့တယ်။ ထင်ရှားတဲ့ သာဓက တခုဆိုရင် နော်ဝေ နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ ရဲ့ လုပ်ငန်းပိုင်းက ရှယ်ယာစျေးကျတာတွေ ရင်ဆိုင်ရပြီးမကြာခင် လပိုင်းအတွင်း လုပ်ငန်းတခုလုံးကို လက်လွှဲရောင်းချပြီး ထွက်ခွာသွားတ ာ ဖြစ်ပါတယ်။

ပြည်တွင်းက လူတိုင်းနဲ့ အဖွဲ့အစည်းတိုင်းနဲ့ သက်ဆိုင်နေတဲ့ အခြားကြီးမားတဲ့ အကြပ်အတည်းက ဘဏ်အကြပ်အတည်းပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ဘဏ်တွေကိုပါ ယုံကြည်မှု ပျက်ပြားရာကနေ ငွေသားထုတ်ယူကြရာက မတ်လ၊ ဧပြီလ ကုန်တဲ့နောက်ပိုင်း ပိုပြီးဆိုးရွားတဲ့ အခြေအနေကျရောက်ကာ မိမိငွေစာရင်းထဲ ရှိတဲ့ငွေထုတ်ယူခွင့်ကို တစတစ လျော့ချတာ ဘဏ်ထဲက ငွေတန်ဖိုးက အပြင်က ငွေစက္ကူတန်ဖိုးထက်၁၀၀ မှာ ၅ ရာနှုန်းကနေ ၁၀ ရာနှုန်းထိ ကျဆင်းသွားတာတွေ ဖြစ်တဲ့အပြင် အပြင်မှာ ရောင်းဝယ်ဖောက်ကားရာမှာ ဘဏ်စာရင်းနဲ့ ပေးချေလို့မရတဲ့ နေရာ၊ ရတဲ့နေရာ စသဖြင့် ကွဲပြားပြီး မလိုအပ်တဲ့ ဝန်ဆောင်ခတွေ ထပ်ပေါင်းကြရတာတွေ ဖြစ်လာပါတယ်။

ဘဏ်အကြပ်အတည်းဟာလည်း မတ်လ၊ ဧပြီလလောက်ကနေ အရှိန်မြင့်လာရာက အခု ၆ လပြည့်သည်အထိ ပြေလည်သွားမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

အထက်က အခြေအနေတွေအပေါ်မူတည်ပြိး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောက်လျောက်လို့ ဆိုနိုင်ပါတယ်။ နကိုက ၁ဒေါ်လာ ကို ကျပ် ၁၃၀၀ ဝန်းကျင်က နေ စစ်အာဏာသိမ်းပြီးနောက် တရိပ်ရိပ်တက်လာတာ အခုဆိုရင် ၁၆၀၀ နဲ့ ၁၇၀၀ ကျပ်ကြား ရောက်နေတာ ဖြစ်ပါတယ်။

ဒေါ်လာလဲနှုန်းမြင့်တက်ခြင်းက လူအများနေ့စဥ်သုံးနေရတဲ့ လောင်စာဆီစျေး၊ ပို့ဆောင်ခ၊ ဆေးဝါး၊ ပြည်ပကတင်သွင်းတဲ့ ဆောက်လုပ်ရေး လူသုံးကုန် စတာတွေ အကုန်စျေးမြင့်တက်ကုန်တာပဲ ဖြစ်ပါတယ်။ အခုလိုကာလ အလုပ်အကိုင်အခွင့်အလမ်းတွေ ကျဆင်းနေချိန် ကိုဗစ် လှုိင်းတွေရဲ့ ကန့်သန်မှုကေြာင့် စီးပွားရေး ကျဆင်းနေချိန်မှာ လူအများဝင်ငွေ နည်းပါးနေချိန် တဖက်မှာ ကုန်ပစ္စည်းတွေက စေျးမြင့်တက်ကုန်တာ ဖြစ်ပါတယ်။

ယခု လက်ရှိကြုံတွေ့ ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းမှာ မိသားစုတိုင်းလောက် ကိုဗစ်ကူးစက်မှု ခံကြရချိန် ဆေးဝါးကုသမှုအတွက် ၊ ဆေးဝါးပစ္စည်းဝယ်ယူဖို့အတွက် ရှိစုမဲ့စု ငွေကြေးတွေကို သုံးစွဲကာ အသက်ရှင်သန်ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြိုလဲလုနုိင်ငံမှာ ဆေးရုံတက်ခွင့်ရရင်တောင် ဆေးဝါး က အစ အောက်စီဂျင် အထိ မိမိဘာသာ ရှာဖွေကုန်ကျခံကြရသလို ဆေးရုံတက်ခွင့်မရသူတွေလည်း ရုတ်တရက် အဆပေါင်းများစွာ စျေးမြင့်တက်သွားတဲ့ ကိုဗစ်ကုသမှုဆေးတွေ၊ အောက်စီဂျင်တွေအတွက် တတ်နိုင်သူတွေက တတ်နိုင်သလောက် ငွေကြေးသုံးစွဲကြရပြီး များများစားစား မတတ်နိင်သူတွေအဖို့ အသက်ဆုံးရှုံးခံကြရတာမျိုး ကြုံနေကြရတာပါ။

ကမ္ဘာ့ဘဏ်၊ ယူအန်အဖွဲ့အစည်းတွေရဲ့ စီးပွားရေးဆုိင်ရာ ဆင်းရဲမွဲတေမှုဆိုင်ရာ ခန်မ့ှန်းတဲ့ အစီရင်ခံစာတွေထဲမှာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြောင့် အလုပ်အကိုင် ၁ သန်းဆုံးရှုံးပြီး ဆင်းရဲမွဲတေမှုက ၂ ဆ ဖြစ်လာမယ်ဆိုတဲ့ ဖေါ်ပြမှုတွေလည်း ယခင်လ ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

လူမှုရေး ဆုံးရှုံးမှု

လူမှုရေးလို့ဆိုခဲ့ရင် အထင်ရှားဆုံးက ကျန်းမာရေးနဲ့ ပညာရေးဖြစ်ပါတယ်။ ကျန်းမာရေး အပိုင်းမှာ အထက်မှာ စီးပွားရေး ဆုံးရှုံးမှုတွေထဲ ပါရှိပြီးဖြစ်တဲ့ ကိုဗစ် တတိယလှိုင်းရဲ့ ဂယက်မှာ အခု လက်ရှိအချိန်ထိ ရန်ကုန်မြို့တမြို့ထဲတင် လူ ၂ သောင်းနီးနီး အသက်ဆုံးရှုံးကြရပြီး နယ်မြို့တွေမှာလည်း ရာဂဏန်း ၊ အချို့မြို့တွေမှာ ထောင်ဂဏန်းထိ ရှိနေတာကို သုဿန်သဂြိုဟ်တဲ့ စာရင်းဇယားတွေ အရ သိရှိနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းက ဖြစ်စဥ်တခုလုံးကို လွှမ်းခြုံနုိင်ခြင်းမရှိတော့သလို ကိုဗစ်ကျန်းမာရေး စောင့်ရှာက်မှု စနစ် က လူနည်းစုအတွက်သာ ဖြစ်သွားပြီး တနိုင်ငံလုံး အနေနဲ့ဆို ခုတတိယလှိုင်းမှာ လူ့အသက်ပေါင်း ၂ သောင်းနဲ့ ၃ သောင်းကြား ဆုံးရှုံးပြီးဖြစ်တယ်လို့ ဆိုရမှာပါ။

ဆုံးရှုံးကြရသူတွေအနက် စာပေ၊ အနုပညာ၊ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ ပညာရှင်တွေ အများအပြားပါဝင်ခဲ့ပြီး ကျနော်တို့လူ့အဖွဲ့အစည်းအတွက် အသိပညာ၊ အနုပညာ ဘဏ္ဍာတိုက်တွေ ဆုံးရှုံးလိုက်ရသလို လည်းဖြစ်ပါတယ်။

ကျန်းမာရေးဆုံးရှုံးမှု အပြင် ပညာရေးမှာလည်း စစ်ကောင်စီက မေလနဲ့ ဇွန်လမှာ ပြန်ဖွင့်ဖို့ကြိုးစားတဲ့ တက္ကသိုလ် ၊ အခြေခံပညာကျောင်းတွေကို လူအများစုက သပိတ်မှောက်ကြတာကြောင့် ကျောင်းပြန်ဖွင့်ရေး ကြိုးပမ်းမှုက မအောင်မြင်ဖြစ်နေဆဲ ပဲ ြဖစ်ပါတယ်။

ငွေကြေးတတ်နုိင်တဲ့ မိဘတွေက အွန်လိုင်းကနေ သင်ကြားမှုတွေ နဲ့ လုပ်ဆောင်တာတွေ ရှိပေမယ့် သာမန်ဝင်ငွေရှိတဲ့ မိသားစုတွေ အဖို့တော့ လက်လှမ်းမမှီကြပါဘူး။ ဒီအချက်ကလည်း လူထုအကြား ပညာရေး ကွာဟမှုတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

လူမှုရေး ဆုံးရှုံးမှု တွေအပြီးမှာတော့ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှု ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ က ဆက်စပ်နေတဲ့အတွက် ဒီမိုကရေစီကို ချေဖျက်တဲ့ စစ်အာဏာသိမ်းကောင်စီက သတင်းသမား ၁၀၀ နီးပါးကို ပြီးခဲ့တဲ့ ၆ လတာအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၆၀ ကျော်က ပြန်လည်လွတ်မြောက်ပေမယ့် ခုချိန်ထိ သတငး်သမား ၃၀နဲ့ ၄၀ ကြား အချုပ်ထဲ အကျဥ်းထောင်ထဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဒီအရာတွေကတော့ ၆ လတာ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ အထက်မှာ ရေးခဲ့သလိုပဲ အရှုံးထဲက အမြတ်ကတော့ အချင်းချင်းကူညီမှုတွေ၊ ယိုင်းပင်းမှုတွေ နားလည်မှုတွေ၊ ဖက်ဒရယ်ဆိုင်ရာ သဘောတူညီမှုတွေ၊ အနာဂတ် ပြည်ထောင်စု ထူတောင်ရေး မျှော်လင့်ချက်တွေ ဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar