မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖော်၀ါရီ ၂၇၊ ၂၀၂၂
◾️ယူကရိန်းအရေးနဲ့မတူတဲ့ ရှုမြင်မှုသဘောထားတွေ
နည်းပညာတွေ ခေတ်မှီလာတဲ့ခေတ်မှာ ရုရှာစစ်ရေးအရးကျူးကျော်မှုကိုခံနေရတဲ့ ယူကရိန်းမြို့တော် ကီယက်မြို့ရဲ့ မြင်ကွင်းနေရာတချို့၊ ယူကရိန်းနဲ့ ရိုမေးနီးယားနယ်စပ်မြို့ ချက်ပွိုင့်နေရာတွေကို စီစီတီဗွီကင်မရာနဲ့ ရိုက်ယူပြီး ယူကျူ့ ချယ်နယ်မှာ လွှင့်တင်ထားတာကိုကြည့်ပြီး ကမ္ဘာရဲ့ဟိုဘက်တနေရာမှာ အခုလက်ရှိ ဘာတွေဖြစ်နေလဲဆိုတာ မြင်တွေ့နိုင်တဲ့ခေတ်ကို ရောက်နေပြီဆိုတာကို အံ့အားသင့်မိပါတယ်။ ကားတွေ ခပ်ကျဲကျဲ ဖြတ် သန်းသွားနေတာ လမ်းလျှောက်သွားသူ တဦးတလေ စတာတွေကို Live ကင်မရာကနေ တဆင့်မြင်နေရတာဖြစ်ပါတယ်။
သမိုင်းအဖြစ်အပျက်ကို စက္ကန့်အနည်းအကျဉ်းလောက်သာ အချိန်ခြားပြီးကြည့်နေနိုင်တဲ့ သတင်းဆက်သွယ်မှုနည်းပညာတွေ တိုးတက်နေချိန်မှာ စစ်ရေးလက်နက်ကိုအားကိုးပြီး လူတွေသေကြေအောင် နိုင်ငံအစိုးရတွေ ဖြုတ်ချဖို့ ရည်ရွယ်လုပ်ဆောင်နေသူတွေလည်း ကမ္ဘာမှာရှိနေဆဲဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားစစ်ရေးအရကျူးကျော်ဝင်ရောက်တဲ့အဖြစ်အပျက်အပေါ်မှာ မြန်မာလူမှုအသိုက်အဝိုင်းထဲမှာလည်း အမြင်တွေ အယူအဆတွေ မတူကြတာတွေ့ရပါလိမ့်မယ်။ အစဉ်အလာလက်ဝဲအယူအဆ ရှိသူတွေကတော့ စစ်အေးတိုက်ပွဲအမြင်ရှုထောင့်ကနေ ရုရှားရဲ့လုံခြုံရေး၊ အနောက်အုပ်စုက ရုရှားနိုင်ငံချင်းထိစပ်နေတဲ့နိုင်ငံတနိုင်ငံကို စစ်ရေးအရဖွဲ့စည်းထားတဲ့ နေတိုးအဖွဲ့ဝင် အဖြစ်လက်မခံခင်မှာ လက်ဦးမှုယူဝင်တိုက်တယ်လို့ ယူဆပြီး ရုရှားကျူးကျော်မှုကို သူ့နိုင်ငံလုံခြုံရေးရှုထောင့်ကနေကြည့်ရင် အကျိုးအကြောင်းဆီလျော်တယ်လို့ မြင်ကြတာဖြစ်ပါတယ်။
ဒီလိုဆင်တူတဲ့ကျူးကျော်မှုမျိုးသမိုင်းမှာ တခုမကရှိခဲ့တာ ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရုရှားက ၁၉၅၆ မှာ ဟန်ဂေရီကိုကျူးကျော်ခဲ့ပြီး ၁၉၇၉ မှာတော့ အာဖဂန်ကို ကျူးကျော်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကလည်း အီရတ်၊ လစ်ဗျားနဲ့ အာဖဂန်နစ်စတန်တို့ကို ကျူး ကျော်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟန်ဂေရီကို ရုရှားကျူးကျော်စဉ် မြန်မာနိုင်ငံကလက်ဝဲအယူအဆရှိသူအများစုက ထောက်ခံခဲ့ကြပြီး မူအရကြည့်ရင် ကျူးကျော်မှုပဲဖြစ်လို့ မထောက်ခံခဲ့တာ တိုးတက်တဲ့အယူအဆရှိသူ လက်ဝဲအယူအဆလက်ခံသူတွေအနက် အဲဒီအချိန်က စာရေးဆရာ ဒဂုန်တာရာတယောက်သာ ထုတ်ဖေါ်ရေးသားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ နယ်နိမိတ်ကို စစ်တပ်တွေဝင်ရောက်ဖို့ စေခိုင်းမှုဟာ ကျူးကျော်မှုတရပ်သာဖြစ်တယ်ဆိုတာကို မူအားဖြင့် ခိုင်ခိုင်မာမာရပ်တည် ဆုပ်ကိုင်ထားဖို့လိုအပ်ပါတယ်။ ခုအဖြစ်အပျက်မှာ မြန်မာစစ်အာဏာရှင်ဘက်ကတော့ ၄င်းတို့နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတယ်လို့ဆိုထားတဲ့ ပူတင်ဦးဆောင်တဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ထောက်ခံတဲ့သဘောထားမှတ်ချက်ပေးထားတာ သတင်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာသံတမန်ရေးနယ်ပယ်မှာ အသိအမှတ်ပြု ထိတွေ့ဆက်ဆံတဲ့ နိုင်ငံလက်တဆုပ်စာထဲ ရုရှားလည်းပါဝင်တာဖြစ်သလို အရေးကြီးဆုံးက မြန်မာစစ်ကောင်စီကို လက်နက်ရောင်းပေးတဲ့ နိုင်ငံအနည်းငယ်ထဲကတနိုင်ငံဖြစ်လို့ စစ်ကောင်စီက ရုရှားဘက်ကရပ်တည်ပေးတာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖိအားပေး ဒဏ်ခတ်မှုတွေလုပ်နေတဲ့ အနောက်အုပ်စုကို ဆန့်ကျင်ချင်တာကြောင့် ရုရှားကိုထောက်ခံတာ မထူးဆန်းဘူးလို့ ဆိုရပါလိမ့်မယ်။
မြန်မာနိုင်ငံထဲက နိုင်ငံရေးအင်အားစုတွေထဲက NUG ကတော့ ယူကရိန်းနိုင်ငံဘက်ကရပ်တည်ပြီး ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချခဲ့ပါတယ်။ အနောက်နိုင်ငံအဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ အများစု ရုရှားကျူးကျော်မှုကို ရှုတ်ချပြီး ယူကရိန်းဘက်က ရပ်တည်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဘက်ရပ်တည်ကြတဲ့ အင်အားစုအားလုံးနီးပါးကတော့ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ကြတာ ဖြစ်ပေမယ့် အချို့သောနိုင်ငံရေးဝေဖန်သူတွေကတော့ တဦးချင်းအမြင်အရသော်လည်းကောင်း ရုရှားက စစ်ရေးကျူးကျော်မှုကို တည့်တည့်ထောက်ခံတာမဟုတ်ပေမယ့် နေတိုးအဖွဲ့ထဲ ဝင်ဖို့ပြင်ဆင်နေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားအနေနဲ့ သူ့နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်မှုရှိလိမ့်မယ် ဒီကိစ္စကို အနောက်အုပ်စုအနေနဲ့ တစုံတရာ အဖြေရှာပေးရမယ်ဆိုတာမျိုး ချဉ်းကပ်သုံးသပ်ကြတာဖြစ်ပါတယ်။
၁၉၆၃ ခုနှစ် စစ်အေးကာလက အမေရိကန်နဲ့အနီးဆုံး ကျူးဘားမှာ ဆိုဗီယက်ရုရှားက ဒုံးကျည်လက်နက်တွေ သွားချထားတဲ့အဖြစ်အပျက်နဲ့အခု ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လုပ်ဆောင်နေတာကို ဥပမာပေးနှိုင်းယှဉ်ပြောကြတာမျိုးလည်း ဖြစ်ပါတယ်။ ထိုစဉ်က မော်စကို အမေရိကန်သံရုံးမှာ တာဝန်ကျခဲ့တဲ့ အမေရိကန်သံတမန်ဟောင်းတယောက်က ပြီးခဲ့တဲ့သီတင်းပတ်က သတင်းဝက်ဆိုက်တခုမှာ အလားတူနှိုင်းယှဉ် သာဓကပေးရေးသားခဲ့ပါတယ်။
ဒီလို စစ်အေးစစ်ပွဲအယူအဆနဲ့ကြည့်ရင် ရုရှား၊ တရုတ်တို့လို အနောက်အုပ်စုနဲ့ ဆန့်ကျင်ဘက် နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးဆိုတာကို သီးခြားချဉ်းကပ်မှုနဲ့ သုံးသပ်အကဲဖြတ်ရမယ်ဆိုတာမျိုး ဆိုလိုကြတာဖြစ်ပါတယ်။
ယူကရိန်းကိစ္စက မြန်မာနိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်သလားဆိုရင်တော့ တိုက်ရိုက်တော့ မသက်ဆိုင်ပေမယ့်လည်း မြန်မာနိုင်ငံကို သွယ်ဝိုက်ပြီးသက်ရောက်မှုရှိမှာကတော့ သေချာပါတယ်။ အနောက်အုပ်စုရဲ့ ဒီမိုကရေစီအရေး ထောက်ခံမှုတွေမှာ ဒီမိုကရေစီနိုင်ငံတနိုင်ငံ ကျူးကျော်ခံရရင်တောင် အနောက်အုပ်စုအနေနဲ့ ကိုယ်တိုင်ဝင်ပါပြီး တိုက်ခိုက်ပေးဖို့ ခက်ခဲတယ်ဆိုတဲ့ ကောက်ချက်၊ အင်အားကြီးနိုင်ငံတနိုင်ငံနဲ့ ဖြစ်ပျက်တဲ့ အခုလို စစ်ရေးပဋိပက္ခမှာ ဘယ်နိုင်ငံမှ တိုက်ရိုက်ဝင်မပါလိုကြဘူးဆိုတဲ့ ကောက်ချက်တွေက တရုတ်လိုနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအဖို့ သင်ခန်းစာတရပ်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပြည်ပနိုင်ငံတနိုင်ငံကို လက်နက်ကိုင်တပ်အနေနဲ့ ကျူးကျော်တာမျိုး ရှားပါးသော်လည်း ကမ္ဘာမှာ စီးပွားရေး၊ နည်းပညာ၊ စစ်ရေးအရ အသစ်ပေါ်ထွက်လာတဲ့ အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်လာနေတဲ့ တရုတ်နိုင်ငံနဲ့ အခြားတဖက်မှာ လူဦးရေအားဖြင့် ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့ အိန္ဒိယအကြားရှိနေတဲ့ မြန်မာနိုင်ငံအဖို့ အဖက်ဖက်ကို ချင့်တွက်ရမယ်ဆိုတဲ့ သင်ခန်းစာလည်း ရစေလိမ့်မယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar