Breaking News

မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၃)



မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၃)
စက်တင်ဘာ ၁၅၊ ၂၀၂၁

၄။ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ တပ်မတော်နှင့်တိုက်ခိုက်သည်ဖြစ်စေ (သို့မဟုတ်) အပစ်ရပ်ဆွေးနွေးသည်ဖြစ်စေ တခုလုံးဆိုင်ရာ နိုင်ငံရေးအမြင်ရပ်တည်ချက်ပေါ်ကသာ ရပ်ခံရန်လိုအပ်သည်။ နိုင်ငံရေးအရ ပြသနာဖြေရှင်းရေးအား ဦးတည်ရန်လိုအပ်သည်။ တခုချင်းဆိုင်ရာ ဥပဒေဆိုင်ရာ လက်အောက်ခံပြသနာများကို ဦးစားပေးနေ၍မရပေ။ ဤသို့ဆို၍ ဥပဒေဆိုင်ရာပြသနာများကို ဘေးဖယ်ထားရန်ဆိုနေခြင်းမဟုတ်ပေ။ AA အပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် မိမိနိုင်ငံရေးဦးတည်ချက် ရည်မှန်းချက်ကို ဦးတည်ဖြေရှင်းမှသာ ပြသနာကို အရင်းအမြစ်က ဖြေရှင်းနိုင်မည်ဟု ဆိုလိုရင်းဖြစ်သည်။ 

AA ၏ လက်ရှိနိုင်ငံရေးလမ်းကြောင်းမှာ ရခိုင်ပြည်နယ်အား ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဖြစ်သည်။ ထိုလမ်းကြောင်းအားအကောင်အထည်ဖေါ်ရာတွင် တပါတည်းလုပ်ဆောင်ရန်လိုအပ်သည်မှာရခိုင်ပြည်နယ်တွင်းရှိ မွတ်စလင်လူ့အသိုင်းအဝိုင်းနှင့်ပါ သင့်မြတ်သည့် လူ့အဖွဲ့အစည်းတရပ်ဖေါ်ဆောင်ရေးဖြစ်သည်။ သို့မှသာ ရခိုင်ပြည်နယ် တည်ငြိမ်မှု၊ အေးချမ်းသာယာမှုရရှိမည်ဖြစ်သည်။ သို့အတွက် AA လက်ရှိဆောင်ရွက်ရန် ပြင်ဆင်သည့်ခြေလှမ်းမှာ ဒေသအုပ်ချုပ်ရေးတွင် မွတ်စလင်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ ပါဝင်လာရေးဖြစ်သည်။ ရခိုင် ပြည်နယ်၏ အုပ်ချုပ်ရေးနှင့်ရဲလုပ်ငန်းတွင် မွတ်စလင်အများအပြား ပါဝင်လာစေရန်နှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲရေး၊ ဥပဒေနှင့်ပတ် သက်၍သင်တန်းပေးရေးတို့အား တဆင့်စီဆောင်ရွက်သွားမည်ဟု AA တာဝန်ရှိသူဆိုပါသည်။ 

လောလောဆယ် နစက၏ထိမ်းချုပ်မှုရှိနေချိန်တွင် AA အနေနှင့် လက်တွေ့ အပြည့်အဝအကောင်အထည်ဖေါ်ရန် ဖြစ်ကောင်းမှဖြစ်ပါလိမ့်မည်။

သို့သော် ဤသဘောထားသည် ရခိုင်ပြည်နယ် ရခိုင်လူ့အဖွဲ့စည်းနှင့် မွတ်စလင်အသိုင်းအဝိုင်းကြား သင့်မြတ်အတူတကွနေထိုင်ရေး၊ ရခိုင်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်ပြသနာဖြေရှင်းရေးအတွက် အစပြုချက်ဖြစ်သည်။ ရခိုင်ပြည်နယ်မွတ်စလင်ပြသနာကို ဖြေရှင်းရန် နိုင်ငံရေးအရဖြေရှင်းရန်ကြိုးပမ်းခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း လောလောဆယ်ရှိနေကြသည့် မွတ်စလင်များနှင့် ငြိမ်းချမ်းစွာအတူတကွ နေထိုင်သည့်အခြေအနေပေါ်ပေါက်လာပါက ဒုက္ခသည်ပြသနာကိုလည်း တဆင့်တက် ဖြေရှင်းနိုင်ပေလိမ့်မည်။ 

ထို့ကြောင့်လည်း နိုင်ငံရေးပြသနာကို အလေးထားဖြေရှင်းရန်လိုသည်ဟု ပြောရခြင်းဖြစ်သည်။ ICJ တွင် တာဝန်ရှိသူများအရေးယူရေးဆိုသည်မှာ ဥပဒေကြောင်းအရ ကြည့်မြင်ဖြေရှင်းခြင်းသည်။ ထိုသို့ အရေးယူရုံမျှနှင့် ရခိုင်ပြည်နယ်ရှိမွတ်စလင်ပြသနာကို မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုခြင်းမှာ အရေးယူမှုမလိုအပ်ဟုဆိုလိုခြင်းမဟုတ်ပါ။ ရခိုင်ပြည်နယ်ရှိ မွတ်စလင်ပြသနာဖြေရှင်းရေး၏ သော့ချက်ပြသနာမဟုတ်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများအနေနှင့် နိုင်ငံရေးအရပြသနာဖြေရှင်းရေး၊ သော့ချက်ပြသနာဖြေရှင်းရေးကို ဦးတည်ရန်လိုသည်ဟုဆိုရခြင်းဖြစ်သည်။ 

၅။ AA ၏ လက်ရှိအခြေအနေ 
AA အနေနှင့် ၂၀၂၀ နိုဝင်ဘာလဆန်း အပစ်ရပ်ပြီးနောက် ၂၀၂၁ မှစ၍ ၎င်းတို့ထိမ်းချုပ်နိုင်သည့်၊ လက်လှမ်းမှီသည့်ဒေသများတွင် ဒေသအုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်လာခဲ့သည်။ နိုင်ငံရေးအရဆိုလျင်လူထုအား စနစ်တကျစည်းရုံးစုဖွဲ့ရန်လုပ်ဆောင်ခြင်းဖြစ်သည်။ ထို အုပ် ချုပ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် တရားစီရင်ရေး အခွန်ကောက်ရေးစသည်တို့လည်း ပါဝင်လာခဲ့သည်။ ဤသို့ AA အနေနှင့် အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ legal aid network က AA သည် စစ်ကောင်စီနှင့်ညှိနှိုင်း၍ ကွန်ဖက်ဒရိတ်အဆင့်မျိုးကို စတင်ကျင့်သုံးနေပြီမှာ ကိုးလနီပါးရှိပြီဟု စွပ်စွဲထားသည်ကို တွေ့ရသည်။ 

Legal Aid Network အနေနှင့် AA ၏ နိုင်ငံရေးရည်မှန်းချက်၊ ကြွေးကြော်သံနှင့် လက်တွေ့ပကတိအခြေအနေကို မှားယွင်းသုံးသပ်နေသည်ဟုဆိုရမည်။ လက်ရှိ ရခိုင်ပြည်နယ်ရှိ မြို့များအားလုံးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တပ်မတော်က ထိမ်းချုပ်ထားသည်။ AA ကပြောက်ကျားစနစ်ဖြင့် ထိုးဖေါက်နေခြင်းဖြစ်သည်။ ၂၀၁၉/၂၀၂၀ အတွင်းပြင်းထန်သော တိုက်ပွဲများဖြစ်ပွါးပြီးနောက် သူ၏အခြေခံဒေသကို ယခုမှတည်ဆောက်နေခြင်းဖြစ်သည်။ သူ၏ အခြေခံဒေသများဆိုသည်မှာ ဝ / မိုင်းလားဒေသများကဲ့သို့ လုံးဝလွတ်မြောက်‌အောင်ထိမ်းချုပ်နိုင်သည့်ဒေသများမဟုတ်ပါ။ တကယ်တော့ AA သည် သူ၏ အခြေခံ‌‌ဒေသတည်ဆောက်ရေးကို ယခုမှလုပ်နိုင်ခြင်းဖြစ်သည်။ တနှစ်ပင် မပြည့်သေးပေ။ ဤသို့ လက်နက်ကိုင် အဖွဲ့အစည်းတခုက အခြေခံ‌ဒေသတည်ဆောက်ခြင်းသည် ကွန်ဖက်ဒရိတ်အဆင့်နှင့် ကွဲပြားပါသည်။ 

ဝ နှင့်မိုင်းလားကဲ့သို့ မိမိနယ်မြေအား အပြည့်အဝထိမ်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းသည် မိမိထိမ်းချုပ်နိုင်သည့်ဒေသ၊ ပြောက်ကျား‌ဒေသ၊ လက်လှမ်းမှီသည့်မြို့ပြများသို့ပါ မိမိအာဏာစက်ဖြန့်ကျက်ကြသည်။ အခွန်ကောက်ခံရေး၊ တရားစီရင်ရေးအားလုံးလုပ်ကြသည်။ NSMP/KNU/KNPP/RCSS/SSPP/TNLA/KIA/MNDAA စသည့် သဘာရင့်အဖွဲ့များသည် ဤသို့ အခွန်ကောက်ခံခြင်းနှင့် တရားစီရင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက လုပ်လာသည်။ ‌ရခိုင်ပြည်နယ် ကျောက်ဖြူတွင် အခွန်ကောက်သည်ဆို၍အထူးအဆန်းမဟုတ်ပါ။ ကွန်ဖက်ဒရိတ်လည်း မဟုတ်သေးပါ။ မြစ်ကြီးနား၊ ဖါးကန့်၊ မူစယ်၊ နမ့်ခမ်း၊ သီပေါ၊ကျောက်မဲ၊ ကျိုင်းတုံ၊ တာချီလိတ်စသည့် အစိုးရ/တပ်မတော် အခြေစိုက်သည့် မြို့များတွင် သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့များ အခွန်ကောက်နေသည်မှာ ကြာမြင့်လှပြိဖြစ်သည်။ရိုးနေပြီဖြစ်သည်။ ထူးဆန်းသည့်အကြောင်းအရာမဟုတ်ပါ။ ရခိုင်တွင် ယခုအစပြုခြင်းဖြစ်သကဲ့သို့ အားလုံးကလည်း အာရုံစိုက်နေ၍ အထူးအဆန်းသဘွယ်ဖြစ်နေခြင်းဖြစ်သည်။

မိမိထိမ်းချုပ်နိုင်သည့် လက်လှမ်းမှီသည့် ဒေသများတွင် ဤသို့ အခွန် ကောက်ခြင်း၊ တရားစီရင်ခြင်းတို့ပြုလုပ်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းလုပ်သည့် အလုပ်ဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များကသူလက်လှမ်းမှီသမျှ နယ်ပယ်များသို့ သူ၏အာဏာစက်ကို ဖြန့်ကျက်ပြီး သူဩဇာအာဏာတည်ဆောက်ခြင်းဖြစ်သည်။ တိုင်းရင်းသားအဖွဲ့များ၏ အခြေခံဒေသတည်ဆောက်ခြင်းဖြစ်သည်။ ကျန်အဖွဲ့များဆိုလျင် အထိုင်ကျနေပြီဖြစ်သည်။ AA အဖို့ ယခုနှစ်မှစတင်လုပ်ဆောင်နိုင်ခြင်းဖြစ် သည်။ ပြောက်ကျားအခြေခံဒေသတည်ဆောက်သည်ဟု ခေါ်ဆိုသတ်မှတ်ရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအား ကွန်ဖက်ဒရိတ်ကျင့်သုံးသည် ယူဆအမှတ်မှားနေသည်ကတော့ အံ့ဩဘွယ်ဖြစ်သည်။ ကွန်ဖက်ဒရိတ်အဆင့်အတန်းဆိုသည်မှာ AA ၏ ရည်မှန်းချက်သာဖြစ်သည်။ လက်တွေ့ကျင့်သုံးနိုင်သည့် အခြေအနေမရှိသေးပါ။ AA သည်တပ်နှင့်ပေါင်း၍ ကွန်  ဖက်ဒရိတ်အဆင့်အတန်းယူထားခြင်းမဟုတ်ပါ။  Legal Aid Network
အနေနှင့် ဤသို့အလွဲလွဲအချော်ချော်စွပ်စွဲ ပစ်တင်နေခြင်းထက် မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မြေပြင်အခြေအနေများစွာ မှန်ကန်စွာကြည့်မြင်သုံးသပ်ရန်လိုအပ်ပါသည်။ 

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar