Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇လ ၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇လ ၃ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၁

ပီဒီအက်ဖ် ဖမ်းဆီးခံရမှုများနဲ့ မြို့ပြပျောက်ကြား
အခု ရက်ပိုင်းများအတွင်း ရန်ကုန်မြို့ပြပျောက်ကျားလို့လည်း ခေါ်ကြတဲ့ မြို့ပြပီဒီအက်ဖ်တွေ ဖမ်းဆီးခံရတဲ့သတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက စမ်းချောင်း၊ တာမွေ၊ သာကေတ စတဲ့ မြို့နယ်တွေမှာ ညဘက် ဝင်ရောက်ဖမ်းဆီးတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ခုရက်ပိုင်း အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ အွန်လိုင်း သတင်းဌာနတချို့မှာ အထက်က ဖမ်းဆီးမှုတွေနဲ့ ဆက်စပ်တဲ့သူတွေကို ထွက်ဆိုချက်တွေ ဗီဒီယိုရုပ်သံနဲ့ဖမ်းယူပြီး ဝါဒဖြန့် ဖြန့်ချိခဲ့တာတွေ့ရပါတယ်။

လှိုင်မြို့နယ် ကမာရွတ်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ သတင်းပေးလို့ဆိုသူတွေကို လုပ်ကြံတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်နွယ်တဲ့ သူတွေလို့ ထုတ်ပြန်တဲ့ သတင်းတပုဒ်မှာ ကိုညီညီထွန်းနဲ့ ကိုဇော်ဇော်မိုးတို့ရဲ့ ထွက်ဆိုချက်တွေနဲ့ သူတို့လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပစ်ခတ်မှုတွေနဲ့ ယှဥ်တွဲပြီး ထွက်ဆိုထားတာ ကြည့်လိုက်ရပါတယ်။

အခုလိုထွက်ဆိုချက်တွေက ထွက်ဆိုဖို့ ဘယ်လို နှိပ်စက်မှု ခြိမ်းခြောက်မှုတွေရှိမယ်ဆိုတာ မသိနိုင်သော်ပါဘူး။ ကိုဇော်ဇော်မိုးဆိုသူဟာ ပြီးခဲ့တဲ့ မေလက ဘီဘီစီမြန်မာပိုင်းသတင်းဌာနက ဒေါ်ရီရီအောင်နဲ့ ဖုန်းအင်တာဗျူးမှာ ဖိုးဇော်ဆိုတဲ့ အမည်လွှဲနဲ့ ဖြေဆိုခဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။ မေလဝန်းကျင်မှာ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေမှာ သင်တန်းတက်ပြီး မြို့တွေဆီပြန်ရောက်လာတဲ့ သူတွေထဲက သတင်းမီဒီယာနဲ့ ပထမဆုံး အင်တာဗျူးလည်းဖြစ်ပြီး ပရိသတ်တွေအကြား အတော်လေးဂယက်ရိုက်ခတ်ခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။ သတင်းဌာနက ဘာကြောင့် အသေးစိတ်အချက်အလက်တွေ မေးတာလဲ၊ ဖြေတဲ့သူကလည်း ဘာကြောင့် ဖြေတာလည်း ဆိုတဲ့ မေးခွန်းတွေ ကွန်းမင့်တွေနဲ့ ဂယက်ရိုက်ခတ်ခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။ အဆိုပါ အင်တာဗျူးကို ဖေြဆိုခဲ့တဲ့ အင်တာဗျူးအမည်လွှဲ ကိုဖိုးဇော် ခေါ် ကိုဇော်ဇော်မိုး သြဂုတ်လလည်ဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရပြီး ယခုရက်ပိုင်း အခုလို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့လထဲမှာ အလုံမြို့နယ်ထဲ မြို့ပတ်ရထားပေါ်က ရထားစောင့်ရဲတွေကို ပစ်သတ်ပြီး လက်နက်ယူဆောင်သွားတဲ့ မြို့ပြပျောက်ကျား ပီဒီအက်ဖ် ၃ ဦးနဲ့ လက်ခံထားသူ တဦး ၄ ဦးကိုဖမ်းဆီးထားကြောင်းလည်း သတင်းတွေထုတ်ပြန်ထားတာတွေ့ရပါတယ်။ ပီဒီအက်ဖ် အမျိုးသား ၃ ဦး နဲ့ နေအိမ်မှာ လက်နက်ဝှက်ထားပေးသူ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အလုံမြို့နယ် မြို့ပတ်ရထားပေါ်မှာ ညနေပိုင်း ရထားသိမ်းချိန် ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ ရဲ ၄ ဦးသေဆုံးခဲ့ပြီး ရဲတွေကိုင်ဆောင်တဲ့ သေနတ် ၄ လက်လည်း ယူဆောင်သွားခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သီတင်းပတ်အတန်ကြာသည်အထိ စုံစမ်းဖော်ထုတ်နိုင်တာမတွေ့ရပဲ အခုရက်ပိုင်းမှာမှ ဖမ်းဆီးရမိပြီလို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတောင် ပါဝင်ခဲ့သူတွေထဲက ဗိုလ်လပြည့်ဝန်း လို့အမည်လွှဲပေးထားသူနဲ့ သတင်းဌာနတခုဆက်သွယ်ပြီး အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာ ရေးသားဖေါ်ပြခဲ့ပါသေးတယ်။

ဒီဖမ်းဆီးခံရမှုတွေက လူအများစိတ်ဝင်စား တဲ့ လူသိများတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတဲ့ လုပ်ကြံ သတ်ဖြတ်မှု ပစ်ခတ်မှုတွေ ဖြစ်ပြီး အခြားေသာ ဖမ်းဆီးခံရမှုတွေမှာလည်း ပီဒီအက်ဖ် ဒါဇင်နဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေ ယခု လအတွင်း ထုတ်ပြန်ထားတာတွေ တွေ့ရပါတယ်။

ဒီလိုဖမ်းဆီးခံရမှုတွေကို သုံးသပ်ကြည့်တဲ့အခါ မြို့ပြပျောက်ကျားတွေ တနည်းအားဖြင့် ပီဒီအက်ဖ်တွေ အနေနဲ့ ဖမ်းဆီးခံရတဲ့ အရေအတွက်က ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ဒီလိုဆက်တိုက် ဆိုသလို အချိတ်အဆက်တွေ၊ ပါဝင်ဆက်စပ်သူတွေ မြို့ပြမှာ တိမ်းရှောင် ပုန်းအောင်းဖို့ လုံခြုံတဲ့ နေရာ သို့မဟုတ် သဲလွန်စမရအောင် ကာကွယ်ဖို့ ခက်ခဲတာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရေရှည်မှာ မြို့ပြပျောက်ကျားဆိုတာကို ဆက်လက် အင်အားဖြည့်နိုင်ဖို့ ခက်ခဲကောင်း ခက်ခဲလာနိုင်တယ်လို့ မှန်းဆကြည့်မိပါတယ်။ ဖမ်းဆီးမှုတွေ အဆက်အသွယ် အစအနဲ့ ဆက်စပ်ပြီးဖေါ်ထုတ် ဖမ်းဆီးခံရမှု များလာတဲ့အခါ မြို့ပေါ်မှာ ရှိတဲ့ မြို့ပြပျောက်ကျား အင်အားစုတွေ နည်းပါးလာပြီး မြို့ပြပျောက်ကျား နည်းဗျူဟာနဲ့ စစ်ကောင်စီကို အုပ်ချုပ်မရအောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်က အားနည်းလာနိုင်တဲ့ အနေအထားလည်း ဖြစ်နိုင်တာကို မှန်းဆမိပါတယ်။

နယ်မြို့တွေ ကျေးရွာတွေက ပီဒီအက်ဖ်တွေကတော့ မြေလှန်စနစ်နဲ့ ရွာလုံးကျွတ် ဖျက်ဆီးတာ မီးရှို့တာ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေ ဖျက်ဆီး လုယက်ယူဆောင်သွားတဲ့နည်းနာနဲ့ စစ်ကောင်စီက ဖြိုခွဲနေတာလည်းတွေ့ရပါတယ်။ ပီဒီအက်ဖ် အြဖစ်ပါဝင်သူရော မပါဝင်ပေမယ့် ထောက်ခံသူပါ အားလုံး ကျေးရွာတွေကို စွန့်ပြီး တောတွေ ကွင်းတွေ ၊ တောင်တွေထဲ တိမ်းရှောင်ကြရတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေ အပေါ် မဟာဗျူဟာ ၊ နည်းဗျူဟာ အရ ပြန်လည်သုံးသပ်ပြီး နည်းလမ်းတွေ ရှာေဖွနိုင်ကြရင် ခုခံတော်လှန်မှု တိုက်ပွဲက မိမိတို့ဘက်က အကျအဆုံးနည်းစေလိမ့်မယ်လို့ မြင်မိပါတယ်။

ဒီနေ့အတွက် အခြားသတင်းတွေထဲမှာတော့ ကျောက်မဲမြို့နယ်က ကေဘီဇက်ဘဏ်ခွဲကို လက်နက်ကိုင်ထားသူတဦး ဓါးပြတိုက်ခဲ့ရာမှာ ငွေသိန်း တထောင်ဝန်းကျင်ပါသွားတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ရန်ကုန်မြို့က ကမ္ဘာ့ရတနာဘဏ်ကို လက်နက်ကိုင်ဆောင်ထားသူတချို့က ဓါးပြတိုက်ခဲ့ရာမှာ သိန်းတထောင်ဝန်းကျင်ပဲ ပါသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဓါးပြတိုက်မှုတွေ အနည်းဆုံး ၄/၅ ခုထက်မနည်းရှိပြီး ပီဒီအက်ဖ်လိုမျိုးနဲ့ ဆက်နွယ်မှု ရှိတယ်လို့ယူဆရဲ့ အဖြစ်အပျက်တွေလည်း ၂ ခုထက်မနည်း ရှိတယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။

အခြားသတင်းတွေထဲမှာတော့ ကိုဗစ် ဖြစ်ပွားမှုတွေက တိုင်း၊ ပြည်နယ်မြို့တွေ မြို့ငယ်တွေမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ကိန်းဂဏန်းတွေအရ တရက်ကို ကူးစက်မှုပေါင်း ၃ ထောင်ကျော်နဲ့ သေဆုံးမှုက ၂၀၀ ဝန်းကျင်မှာ ရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန်မြို့ မန္တလေးမြို့လို မြို့ကြီးတွေမှာတော့ သေဆုံးမှုနှုန်းလျော့ကျ သွားပြီး နယ်မြို့တွေ ရွာတွေအထိ ကူးစက်မှု ပျံ့့နှံ့လာနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar