Breaking News

မိုးမခကဗျာ - နေစိမ့် '' သယံဇာတများ ''

KT#
မိုးမခကဗျာ
စက်တင်ဘာ ၂၇၊ ၂၀၂၁
'' သယံဇာတများ ''
နေစိမ့်

တီဗီကလာတဲ့ဟာသကို
ရယ်ရမှာပျင်းလာတော့
ပွဲကြိုက်ခင်တွေ မျက်ရည်မကျတော့ဘူး
အလွတ်ကြီး
မြုံနေတဲ့အငုတ်ကိုခလုတ်တိုက်မိတော့
ခေတ်ကြီးကဝှက်ထားတဲ့တွင်းထွက်တွေ
ရေမွှာပွင့်ခဲ့တယ်
ဥဩသံမကြားရတဲ့ နွေဦးကိုမုန်းတယ်
စိန်ပန်းတွေမပွင့်ခဲ့တဲ့ နွေဦးကိုမုန်းတယ်
ပိတောက်တွေဆွံ့အခဲ့တဲ့ နွေဦးကိုမုန်းတယ်
ဆားထပ်ခပ်ဖို့မလိုတဲ့ ပင်လယ်ထဲ
ကြယ်စင်တွေမြစ်နဲ့အတူ စုန်ဆင်းကြ
နာမည်မရှိတဲ့လမ်းတွေ ထွင်းထုဖို့
ကလေးပုံပြင်ထဲ ကျူးကျော်လာတာက
ရှေးရိုးစွဲကျည်ဆန်ဟာ ဇာတ်လိုက်အဖြစ်နဲ့
ရုတ်တရက်
အတောင်အလက်ထွက်လာတဲ့ငါးတွေ
တိမ်ညွှန့်စားပြီး ကူးခတ်လို့
သံပြိုင်သီချင်းတွေ မရပ်တော့ဘူး
ကားကြီးကားငယ်မှန်သမျှ
မီးပွိုင့်တွေ မိကတည်းက
နွေဦးတော်လှန်ရေးဟာ
လက်သည်မပါပဲ မွေးဖွားလာတဲ့အလံနက်
အိပ်မက်တွေအတည်ပေါက် ရူးသွပ်ခဲ့တယ်
အမှန်တရားကိုမျိုချထားတဲ့အစာအိမ်က
အရေးပေါ်လူနာတင်ယာဉ်ထဲ
သွေးထွက်လွန်ရင်းတန်းလန်း အသက်ငင်လို့
သင်္ကြန်စာမှာ
နိုင်ငံတော်အကြောင်း ထွေရာလေးပါး
ကပ်ကြီးသုံးပါး ဗဟုသုတရတယ်
ဓမ္မသွားရာလမ်းမှာ
ပုဒ်ထီးပုဒ်မတွေ ချလို့မရဘူး
ဘယ်အမှောင့်ပယောဂပဲဖြစ်ဖြစ်
ခေါစာပစ်လို့မရဘူး
ကျိန်စာသင့်အပြစ်သားတွေရဲ့လောကမှာ
ဘယ်ဘုရားမှ မပွင့်စေရဘူး
နွေဦးရဲ့နှုတ်ခမ်းကို
တော်လှန်ရေးကနမ်းမိတော့ကျမ်းကျိန်ထားတဲ့သစ္စာ
ကမ္ဘာတည်သရွေ့
ပျင်းလို့မော့ချစရာမရှိတဲ့အခါ
လူ့အခွင့်အရေးလည်း
ခွက်ခွက်လန် ဈေးပေါင်ကျိုးခဲ့ရတာပါပဲ
တောင်ကုန်းမှာအလံစိုက်ပြီးတဲ့အခါ
ဆယ်လမွန်ငါးတွေရဲ့အပြန်လမ်း
အလွမ်းဆိုတာ ယုံတမ်းစကားပဲ
သမိုင်းသင်ခန်းစာ အသစ်စစ်စစ်နဲ့
မြိုးမြိုးမြက်မြက်ပွဲတော်တည်ရမှာက
အပျိုစင် နိုင်ငံတော် ။။          ။။


၂၀၂၁ စက်တင်ဘာ ၂၃

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar