မိုးမခမျက်မှောက်ရေးရာ - ညီတင့် - '' ကိုဗစ်နဲ့ကျေးလက်ဒေသမြေပြင်အနေအထား ''
စက်တင်ဘာ ၂၇၊ ၂၀၂၁
'' ကိုဗစ်နဲ့ကျေးလက်ဒေသမြေပြင်အနေအထား ''
ညီတင့်
မြို့ပြမှာကိုဗစ်ဖြစ်နှုန်းကျဆင်းတော့ ဆေးပညာရှင်တွေက ကျေးလက်ဒေသတွေပြန့်ပွားနိုင်တယ်လို့ သတိပေးကြပါတယ်။ ဒါပေမဲ့သူတို့သတိပေးတာက နောက်ကျသွားပါပြီ။ ကျေးလက်ဟာ မြို့ပြနဲ့မရှေး မနှောင်း ကပ်ရောဂါဖြစ်ပွားခဲ့တာပါ။
တီဗွီ၊ ဖေ့စ်ဘုတ်တွေမှာ အိန္ဒိယနိုင်ငံကိုဗစ်ဖြစ်တာတွေ၊ အောက်ဆီဂျင်လိုအပ်မှုများလို့ နိုင်ငံတကာအကူ အညီတောင်းရတာတွေ မြင်နေကြားနေကြရပါတယ်။ သိပ်မကြာခင်မြန်မာပြည်မှာလည်းကလေးမြို့၊ တမူးမြို့တွေကနေစတင်ကူးစက် ပြန့်နှံ့သွားလိုက်တာ ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိပါ။ ကျနော်တို့ဆီမှာလည်းအောက်ဆီဂျင်အခက်အခဲ မီးသင်္ဂြိုလ်ရတဲ့အခက်အခဲတွေ မြို့ကြီးတွေရောနယ်မြို့တွေမှာပါဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်နေတုန်းကျေးလက်ဒေသတွေမှာစတင်ကူးစက်လာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် ကလေး၊တမူးနဲ့ဆက်စပ်တဲ့ချင်းတွင်းဒေသကရွာတွေမှာပါ။
ကိုဗစ်ကိုကြားဖူးကြတယ်။ ဒါပေမဲ့ဂရုမမူနိုင်ကြပါ။ တောကပြန်လာမိုးမိလို့ဖျားတယ်ထင်တယ်။ လူကြီးသူမတွေကို မိုးအုံ့ရက်ရေချိုးပေးမိလို့ဖျားတယ်ထင်ကြတယ်။ ကိုဗစ်နဲ့တုပ်ကွေးလည်း မသဲကွဲ။ ဒီလိုနဲ့ဆေးမြီးတိုနဲ့ ကျေးလက်ထုံးစံအတိုင်းကုသကြ။ တယောက်စ၊ နှယောက်စသေ။ ရွာဓလေ့အတိုင်းသူသေငါပို့စည်စည်ကားကား သင်္ဂြိုလ်ကြတယ်ပေါ့။ နောက်ပိုင်းနေ့စဉ်သေလာ။ ကူးစက်ခေတ်ရောဂါထင်တယ်ဆိုပြီး အဲဒီအချိန်ကျမှကြောက်လန့်လာကြ။ အသုဘကိုအကျဉ်ရုံးကြ။ တရွာနဲ့တရွာ အသွားအလာအလာကန့်သတ်ကြဖြစ်လာပါတော့တယ်။
#ကုသမှု
မက်စ်တပ်ပါ။ လက်ဆေးပါ။ လူစုလူဝေးရှောင်ရှားပါ။ အိပ်ရေးဝဝအိပ်ပါ။ အားရှိတဲ့အစားအစာစားပါ ...စတဲ့ညွှန်ကြားချက်တွေက ဆင်းရဲတဲ့ကျေးတောသားတွေမလိုက်နာနိုင်တဲ့အချက်ပါ။ အိပ်ရေးဝဝအိပ်ပါဆိုတာက စောစောကဖြစ်နိုင်ပေမဲ့ ဘယ်ရွာတော့ဝင်မွှေသွားသတဲ့။ ငါတို့ရွာဘယ်နှရက်နေ့လာမှာတဲ့စတဲ့သတင်းတွေကြောင့် ညလည်းကောင်းကောင်းမအိပ်ရဲကြပါ။ တနေ့လူသုံးလေးယောက်သေတော့လည် းကိုဗစ်ရယ်လို့ အတည်ပြုပေးဖို့ အားနည်းလှပါတယ်။
ကျေးလက်မှာနဂိုကတည်းက ကျန်းမာရေးစောင့်ရှောက်မှုအလွန်နည်းပါတယ်။ ခုချိန်ထိ ရမ်းကုကိုအား ထားနေရတဲ့ရွာတွေအနမတဂ္ဂ။ ကျေးလက်ဆေး ခန်းတာဝန်ကျဆရာမလည်းဆေးခန်းပိတ်။ သူ့ဒေသပြန်။ တိုက်နယ်ဆေးရုံတွေလည်းသော့ခတ်ထားတဲ့အခြေအနေ။ ဒီလိုအချိန်မှာကိုဗစ်စစ်ဆေးမှုမလုပ်နိုင်။တချို့ရွာလေးတွေကတော့ကံကောင်းတယ်ဆိုရပါမယ်။ စီဒီအမ်လုပ်ရင်းတိမ်းရှောင်လာတဲ့ကျန်းမာရေးဆရာဝန်၊ ဆရာမတွေရှိတော့ သူတို့တတပ်တအားစောင့်ရှောက်ပေးကြတယ်။ ဒါပေမဲ့အဲလိုရွာမျိုးကအနည်းစုပါ။ ကိုဗစ်စစ်ခကလည်းတသောင်းကျပ်ဆိုတော့ ဆေးထိုးဖို့အနိုင်နိုင်ဆင်းရဲသားတွေခမျာမစစ် ဆေးနိုင်ကြပါ။ တချို့လည်းစစ်မနေတော့ပါဘူး။ ကိုဗစ်ဆိုရင်စိတ်ဓာတ်ကျပြီးသေနေလိမ့်မယ်ဆိုကာ မစစ်ကြ။ ရွာကဆရာနဲ့မရတော့လို့ (ငွေကြေးတတ်နိုင်တဲ့) လူနာတချို့ မြို့ဆေးရုံရောက်ကြတယ်။ ဆေးရုံရောက်တော့စစ်ဆေး။ ကိုဗစ်တွေ့။ လူနာထားခဲ့ရ။ နောက်တနေ့ကျ သေသွားပြီလို့အကြောင်းကြား။ အလောင်းကို ကိုယ့်ဘာသာသင်္ဂြိုလ်ခွင့်မပေး။ ရွာတရွာမှာမြို့ဆေးရုံသွားတဲ့လူနာနှယောက်သုံးယောက်။ ဒီနေ့ဆေးရုံတင်လာ။ နောက်တနေ့သေ။ ဆက်တိုက်ဖြစ်လာတော့ ဆေးရုံကဆေးထိုးသတ်တယ်ထင်ကာ ဘယ်သူမှမသွားရဲကြတော့ပါ။
လူမှုကူညီရေးအသင်းရှိတဲ့ရွာကြီးတွေမှာ အောက်ဆီဂျင်ဘူးရှာကြ၊ ဝယ်ကြ။ မြို့ကကူညီရေးအသင်းတွေနဲ့ချိတ်ဆက်ကြပါတယ်။ ကြိုးစားပေမယ့် မြို့မှာတောင်မလုံလောက်တာ တောမှာ ပိုပြီးမျှော်လင့်ချက်မဲ့။ ဘုန်းတော်ကြီးတွေနဲ့လူချမ်းသာတချို့သာ အောက်ဆီဂျင်ရှူခွင့်ရတဲ့အဖြစ်။ တချို့ငွေကြေးတတ်နိုင်သူတွေ မြို့ကပုဂ္ဂလိကဆေးရုံသွားကြပါတယ်။ အများစုက သေဆုံးသွားကြတယ်။ နှောင်းမှဆေးရုံရောက်ရတဲ့အဖြစ်မို့လားမသိပါ။ ကိုဗစ်လိုလို တုပ်ကွေးလို လို အဖျားရောဂါဟာ အိမ်တိုင်းမိသားစုအားလုံးလောက်ရွာတွေမှာဖြစ်ကြတာပါ။ တယောက်နဲ့တယောက်တွေ့ရင် မင်းခေတ်မီပြီးပလားလို့မေးကြတယ်။ ငါတို့တော့ တအိမ်လုံးဟေ့။ ငါကတော့ လှိမ့်နေအောင်ခံရတယ် .. စသဖြင့်ပြောတတ်ကြပါတယ်။ ရွာထဲမှာ ဆယ်အိမ်ဆိုရင် ကိုးအိမ်လောက်က ဖျားကြပါတယ်။ တရွာနဲ့တရွာလည်း အဲဒီအဖျားက မြန်မြန်ကြီးကူးစက်သွားပါတယ်။ အိမ်ခြေငါးရာနဲ့တထောင်ကြားကရွာကြီးတွေဆို တနေ့သုံးလေးယောက် သေပါတယ်။တချို့လည်း သာမန်ဖျားပြီး ခဏနဲ့ပျောက်သွားပါတယ်။ တချို့က ရက် အစိတ်သုံးဆယ် တလနီးပါး ခံရပါတယ်။ အများစုကဆေးမြီးတိုနဲ့ပဲ ပျောက်ကြတာများပါတယ်။ ရွာတွေမှာ တောလုပ်ငန်းကလွဲပြီး တိတ်ဆိတ်သွားပါတယ်။ ဝါတွင်းကာလ ဥပုသ်ကျောင်းမသွားနိုင်။ ဘုန်းတော်ကြီးတွေကလည်း သီလမပေးရဲ။ကွယ်လွန်သူရှိရင်လည်း ဘုန်းကြီးတပါးလောက်နဲ့ သရဏဂုံတင် ကိစ္စမြန်မြန်ပြီးကြရတယ်။
ဘာဆေးမြီးတိုမှမမှီဝဲဘဲ အလိုလိုရောဂါပျောက်ကင်းသူတွေရှိပါတယ်။ ကျနော့ဇာတိရွာသွားတော့ ဦးလေးတယောက်နဲ့တွေ့ပါတယ်။ ငါဖျားတာ ရက်အစိတ်လောက်ကွတဲ့။ ဘာမှလည်းစားချင်စိတ်မရှိ။ မစားနိုင်တော့။ ဘာမှလည်းမစားဘူး။ ဘာဆေးမှလည်းမသောက်ဘူး။ အိပ်ရာထဲခွေနေတာ။ ဆွေမျိုးတွေကသေမယ်ထင်ပြီးလာကြည့်ကြတယ်။ မလာနဲ့နင်တို့ပါကူးမယ်ပြောရတယ်။ ရက်အစိတ်ကျော်တော့ သူ့အလိုလိုကောင်းသွားတာမောင်။ ပိုက်ဆံတပြားမှမကုန်လိုက်ဘူးတဲ့။
#ကာကွယ်ဆေး
ကျနော်ရောက်တဲ့ရွာတွေမှာ ကာကွယ်ဆေးအကြောင်းမေးကြည့်တယ်။ အစိုးရကဆေးထိုးပေးတာဘယ်သူမှမသိကြပါ။ ထိုးပေးလည်း မထိုးချင်ပေါင်ကွာလို့ ပြောကြသူကများပါတယ်။ တချို့ကျန်းမာရေးလိုက်စားသူငွေ ကြေးတတ်နိုင်သူတွေက မှောင်ခိုဆေးထိုးကြတယ်။ အိန္ဒိယဆေး တကြိမ်ထိုးတသိန်း၊ တသိန်းခွဲပေးရတယ်လို့ ဆိုပါတယ်။ အဲဒီလိုထိုးတာလည်း တရွာမှ တမိသားစုလောက်တွေ့ရတယ်။ တချို့ရွာတွေမှာ လုံးလုံးမရှိကြ။ ကျေးရွာအုပ်ချုပ်ရေးပျက်နေတော့ အစိုးရကဆေးထိုးပေးတာမသိတာလည်း ပါပါတယ်။ တချို့အုပ်ချုပ်ရေးမှူးတွေက ရွာကိုမပြောရဲ ကိုယ့်ဘာသာနီးရာလူစုပြီး သွားထိုးနေကြတာလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး ကျေးရွာတွေမှာ ကုသမှုမရနိုင်သလို ကာကွယ်ဆေးလည်းမရနိုင်ကြပါ။
ချင်းတွင်းမြစ်ဝှမ်း အနောက်မြောက်လွင်ပြင်ဒေသကကျေးရွာတွေမှာ အဖျားရောဂါက ဇွန်လကုန်လောက်မှာစဖြစ်ပါတယ်။ နှစ်လခွဲ၊ သုံးလနီးနီးကြာပါတယ်။ အခုတော်တော်လေးပျောက်ကင်းသွားကြလို့ ကျေးရွာတိုင်းလို လို ဝါတွင်းဥပုသ်နေ့တွေပြန်စည်ကားစ ပြုနေပါပြီ။ ရွာတွေမှာအဖျားမရှိတော့ဘူးလာလို့ရပြီဆိုလို့ ကျနော်လှည့်လည်ကြည့်မိခြင်းပါ။ အဖေ့ရွာက ရွာကြီးဆိုတော့သေသူနှစ်ဆယ့်ခွန်နှယောက်တဲ့။ အမေ့ရွာကငါးယောက်။ ကြားရွာလေးတရွာက လေးဆယ်လောက် သေသတဲ့။ သူတို့တတွေ ကာကွယ်မှု ကုသမှုကောင်း ကောင်းမရကြပေမဲ့ ဘာမှပူပန်သောကမရှိကြပါ။ အားလုံးအေးအေးဆေးဆေး။စတုတ္ထလှိုင်းနောက်ထပ် ရောက်လာလို့ရှိရင်လည်း ဒီလိုပဲ ပေါ့ပေါ့ပါးပါးကျော်ဖြတ်ကြမဲ့သဘော။
ရွာသေစာရင်းကြည့်ပြီး တပြည်လုံးအတိုင်းအတာနဲ့ ကျနော်တွက်ကြည့်ပါတယ်။ ကျန်းမာရေးဌာနကကြေညာထားတာက ရောဂါကူးစက်သူ လေးသိန်းခွဲကျော်နဲ့ သေဆုံးသူ တသောင်းခုနှစ်ထောင်ကျော်ပါ။ မြန်မာပြည်မှာ ကျေးရွာတိုင်းလိုလိုရောဂါဖြစ်နေတာ သေချာတယ်။ တချို့ပြောကြ၊ တချို့ခုမှအရှိန်ကောင်းတုန်း။ စာရင်းအရ မြန်မာပြည်ကျေးရွာပေါင်းခြောက်သောင်းကျော်။ တရွာတယောက်သေတယ်ထားဦး၊ လူခြောက်သောင်းကျော်သေမယ်။ မြို့ပေါ်ကသေဆုံးသူနဲ့ပေါင်းလိုက်ရင် သိန်းဂဏန်းကျော်ပါမယ်။ ရောဂါဖြစ်ပွားသူတွေသေချာစစ်မယ်ဆိုရင် ကျေးလက်နေလူထုရဲ့ ၈၀ ရာနှုန်းကျော်ဟာ ရောဂါကူးစက်ပြီးပြီလို့ ခန့်မှန်းနိုင်ပါတယ်။ ဒီကိန်းဂဏန်းးတွေသာအတိအကျကောက်လို့ရရင် အာဆီယံတို့ ဒဗလျူအိတ်ချ်အိုတို့ မျက်လုံးပြူးရမယ့်ကိန်းပါ။ ကျနော်ကသာ တွက်ချက်ပြီးကောက်နေတာ။ ရွာကလူတွေက ခေတ်ရောဂါမရှိတော့ဘူး။ ရွာရောက်တုန်း ကြာကြာနေအုံးတဲ့။
ညီတင့်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar