ဗေဒါညို - ဒီလိုရှိတယ်လေ
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၁
အမေရိကန်မှာနေတဲ့သူငယ်ချင်းက ကျန်းမာရေးဂရုစိုက်ကွာ။ ကာကွယ်ဆေးလည်း ထိုးထားတဲ့။ အဲတော့ မင်းတို့ဆီလို လွယ်မှတ်နေလားလို့ပြန်ပြောလိုက်ရတယ်။ တကယ်ပါ ဘယ်ကိုသွားထိုးရမှန်းလည်းမသိ။ ရပ်ကွက်ထဲမှာစုံစမ်းကြည့်တော့လည်း ဘယ်သူမှမသိ။ ဒီလိုပုံအတိုင်းသာဆိုရင်ဖြင့် သင်္ကြန်ရောက်တိုင်း လူငယ်တွေက အသက်ကြီးအရွယ်အိုတွေကို ခေါင်းလျှော်ပေးကြ ခြေသည်းလက်သည်းညှပ်ပေးကြတဲ့ ကုသိုလ်ပြုကြတဲ့အခွင့်အရေးကိုလေးတောင် ရမှရပါတော့မလားမသိ။ လခွမ်းတဲ့မှဗျာ။
ဒီနေ့ညနေစာ သံပရာချဥ် ပဲဟင်းချိုဆီးဖြူသီးထောင်း ပုဇွန်ချဥ်သုတ် ကင်းပုံသီးချက်နဲ့ ပွဲတော်တည်ရ။ ဘယ်လိုအစားအစာတွေက ကယ်လိုရီတွေ ဗိုက်တာမင်တွေ ပရိုတင်းတွေဘယ်လို့ပြည့်ဝဆိုတာ ကိုယ်မသိ။ ရှိတာလေးနဲ့စား ဗိုက်ဝသွားရင် အိုကေ။ ဆီးဖြူသီးကိုပြုတ်ပြီး ငါးပိနဲ့ရောထောင်း။ဆီလေး ဆမ်းပြီးလျှာပေါ်မှာတင်လိုက်ရရင်ဖြင့် ဟမလေးဗျာ ပါးစပ်ကိုမနည်းဘရိတ်အုပ်နေရသဗျ။ နို့ပြီး သံပရာချဥ်ကို မြုံ့လိုက် ရေနွေးကြမ်းလေးမော့လိုက်။ ပုဇွန်ချဥ်သုတ်ကို ထမင်းထဲမြုတ်ပြီးစားလိုက်ဆိုတော့ ကောင်းမှကောင်းခင်ဗျ။ (မှတ်ချက်-အချဥ်တွေကြိုက်လို့စားသော်လည်း ကျွန်တော်သည်အချဥ်မဟုတ်)
အိမ်မှာ နှစ်ပေမီးချောင်းတွေ ကျွမ်းကုန်လို့ လဲရတယ်။ တစ်ချောင်းမဟုတ်။ သုံးချောင်းကြီးတောင် လဲရတာရယ်။ စျေးတွေတက်ကုန်လို့ လေဒီကစိတ်တို။ အရင်ဆုံး တစ်ချောင်းကျွမ်းတုန်းကလဲရင် စျေးမတက်သေးဘူးတဲ့။ ကျွန်တော့်ကိုအပြစ်တင်ချင်တဲ့သဘော။ မီးချောင်းလဲရတာ လွယ်မှတ်လို့။ မျက်နှာကျက်မှာကပ်ထားတဲ့မီးချောင်းတွေလေ။ တူတွေကို အားတဲ့အချိန်မှ အကူအညီလှမ်းတောင်းရတာကိုး။ သူတို့ကလည်း မီးချောင်းတစ်ချောင်းကျွမ်းလို့လှမ်းခေါ်လိုက်။ ဆိုင်ကိုပြေးဝယ်ပြီး လဲပေးလိုက်ဆိုပေမယ့် တစ်ခါက နှစ်ခါဆိုရင် လုပ်ပေးချင်ပါ့မလား။ ဒါကြောင့်မို့ မီးချောင်းသုံးချောင်းကျွမ်းတော့မှပဲ တစ်ပြိုင်တည်းလဲပစ်လိုက်တယ်။ အချိန်ကုန်တာလည်းသက်သာ။ ဘယ်လောက်ဟန်ကျလဲ။ ပညာရှိဆိုတာ သို့ကလိုပဲ ရှေ့ကိုကြိုမြင်တတ်ရတယ်။ နို့ပေမယ့် စျေးတွေခုန်တက်သွားတာကတော့ မဆိုင်ဘူးလေ။ ပညာရှိရဲ့အတွေးတွေထဲမှာ အဲသဟာတွေမပါ။
ရွှေစျေးတွေတစ်ကျပ်သား ၁၉ သိန်းကျော်သွားပြီတဲ့။ ဒေါ်လာကလည်း နှစ်ထောင့်တစ်ရာကျော်ပြီးဝယ်ချင်တိုင်း ဝယ်လို့မရဘူးတဲ့။ အိုး ဘာဖြစ်တုန်း။ ဒါက ပိုက်ဆံရှိတဲ့သူတွေရဲ့ပြဿနာပဲ။ ငါတို့နဲ့ဘာဆိုင်တာမှတ်လို့ဆိုပြီး တွေးလိုက်ချင်ပေမယ့် မရ။ လောင်စာဆီစျေးကတက်။ ကုန်စျေးနှုန်းကလည်း နံနံပင်ကအစ စျေးတက်နေသမို့ ကဲ ဘာပြောချင်သေးလဲကွယ်။ ငွေဖောင်းပွမှုနှုန်းက မြင့်တက်လာ။ သုံးဆယ့်ငါးရာခိုင်နှုန်းတောင်ရှိသတဲ့။ ဆိုတော့ အရင်တုန်းက ငွေတစ်သိန်းဟာ အခုတော့ခြောက်သောင်းခွဲသာ တန်ဖိုးရှိတဲ့သဘောပေါ့။ ဖေဖေါ်ဝါရီတစ်ရက်နေ့ကစပြီး ဝင်ငွေမရှိ။ သမီးတွေက လစဥ်ကန်တော့နေကြလို့သာ ဟန်မပျက်နေနိုင်တာပါ။ လူ့ဘဝ တခဏတာမှ ာကြွေးဟောင်းကိုလည်း ဆပ်ရမယ်။ ကြွေးသစ်ကိုလည်းချရတယ်တဲ့။
ငင့် ဒုက္ခပါပဲဗျာ။ ကိုယ့်အဖြစ်က ကြွေးဟောင်းကိုလည်း မဆပ်နိုင် ကြွေးသစ်ကိုလည်း မချနိုင်တဲ့အပြင် နောက်ထပ်ကြွေးသစ်တွေယူနေရ။ ဟယ် အကြွေးတွေ အကြွေးတွေ။ ကျွန်တော့်အပေါ်မှာ အကြွေးတွေက တစ်နေ့တစ်ခြာ းပိလိုက်နေတာပါကလား။ နို့ပေမယ့် ကြွေးထူ မပူတော့ပါခင်ဗျား။ကိုယ့်နိုင်ငံကြီးတောင် ကြွေးဟောင်းတွေရော ကြွေးသစ်တွေရော အကြွေးနွံထဲမှာချာရပတ်လည်နေမှတော့ ဘာများပူနေစရာလိုသေးတုန်းဗျ။ ခက်ပါဘိကွယ် နိုင်ငံတော်ကြီးခမျာ ကြွေးထူရုံသာမဟုတ် စစ်မီးတွေကတောက်လောင်နေ။ သေနတ်သံ ဗုံးကွဲသံတွေကို မြို့မှာနေပေမယ့် နားနဲ့ဆတ်ဆတ်ကြားလာရသမို့ ကြောက်စရာ။
အဲသမှာပဲ အမေ့ကိုပြန်သတိရမိလိုက်ပြန်တယ်။ ရွာဘုရားပွဲမှာ ဇာတ်ကြည့်ရတာတောင် ဖြောင့်ဖြောင့်မကြည့်ရပါဘူးကွယ်။ သေနတ်သံတွေကြားရတာနဲ့ အကုန်လုံး ရောက်ရာပေါက်ရာ ထွက်ပြေးကြရတာတဲ့။ အနှီကဲ့သို့ အတွေ့အကြုံရှိတဲ့အမေက တော်ရုံတန်ရုံ သေနတ်သံတွေလောက်တော့မဖြုံ။ ၈၈ တုန်းက သေနတ်သံတွေ တရဟောကြားနေပေမယ့် အေးဆေး။ အမေအိမ်ထဲမှာဝင်နေပါဆိုပေမယ့် အိမ်ရှေ့ဝရံတာမှာထွက်ထိုင်ပြီး ဆေးလိပ်ကြီးတဖွာဖွာနဲ့။ ငါသိပါတယ်ဟဲ့။ သေနတ်သံတွေကအဝေးကြီးရယ်။ မိုးပေါ်ထောင်ပစ်နေတာ ကြောက်စရာမလိုဘူးလို့ ပြောလိုက်သေး။ဟုတ်တော့လည်းဟုတ်သားဗျ။ ကျွန်တော်တို့မျိုးဆက်တွေအားလုံး သေနတ်သံတွေကြားမှာပဲ ကြီးပြင်းလာကြရတာမဟုတ်လား။ မဆင်မခြင်နဲ့ကြောက်ရွံ့စရာလိုသေးလို့လား။ နီးရင်တော့ပြေးကြရုံပေါ့ ဝေးရင်လည်း ခပ်အေးအေးပေါ့။
နို့ပေမယ့် တိုက်ပွဲတွေကြားကရွာတွေခမျာ မသက်သာ။ သေနတ်သံတွေကိုနားစွင့်နေရုံသာမဟုတ် မိုးပေါ်ကိုလည်းမော့ကြည့်နေကြရ။ ကောင်းကင်ဆီက ဒလက်ဒလက်အသံတွေကြားလိုက်ရရင်ဖြင့် ဘုရားတရင်းပြေးပေါက်ရှာကြရ။ လွတ်မြောက်တဲ့နေရာက ဘယ်မှာရှိမှာပါလိမ့်။ ကြားရတာနဲ့တင်စိတ်ဆင်းရဲလိုက်ရတာ။ အဝေးကနေ ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေလို့သာ ဆုတောင်းမေတ္တာပို့နေရ။
နောင်ဘဝမှာ ဒီနိုင်ငံမှာလူပြန်ပြီးမဖြစ်ချင်ဘူးတဲ့။ ဖေ့စ်ဘွတ်မှာရေးထားတာကိုဖတ်ရင်း ဒီမြွေနိုးတွေကတမှောင့်ဟလို့ တွေးမိလိုက်တယ်ဗျ။ လူ့ဘဝရဖို့ဆိုတာ လွယ်သလား ခက်သလားရာမ။ ကျွန်တော်လား နောင်ဘဝ နောင်ဘဝတွေမှာလူပြန်ဖြစ်ခွင့်ရရင် ဟောဒီနိုင်ငံကြီးမှာပဲ လူပြန်ဖြစ်ချင်မိတယ်။ ကြည့်စမ်းဗျာ။ ကျွန်တော်တို့ပြည်သူလူထုဟာ ဘယ်လောက်ချစ်စရာကောင်းလဲ။ လေးစားစရာကောင်းလဲ။ ရောဂါဘေး စစ်ဘေးကြုံနေရတာတောင် ကြံ့ကြံ့ခံနိုင်နေကြတာမဟုတ်လား။
ဓမ္မနဲ့ အဓမ္မရဲ့ပြိုင်ပွဲမှာ အမှန်တရားကိုချစ်မြတ်နိုးတဲ့သူတွေကို ချစ်မြတ်နိုးတယ်။ လေးစားတယ်။ စိတ်ဓာတ်မြင့်မြတ်ကြလွန်းလို့ ကိုယ့်သားသမီးအရွယ်တွေဖြစ်ပေမယ့် သူတို့တတွေကို လက်အုပ်ချီဦးတော်ပါခင်ဗျာ။
လူစည်ကားနေတဲ့ လက်ဖက်ရည်ဆိုင်ဆီကို သွားလိုက်တယ်။ အဲဒီဆိုင်က ဝိုင်ဖိုင်ရလို့ ကျွန်တော်သွားနေကျဆိုင်ပါ။ စားပွဲဝိုင်းတစ်ခုမှာ ခုံတစ်နေရာလွတ်နေလို့ ဝင်ထိုင်လိုက်တယ်။ စကားပြောနေကြတဲ့ လူလတ်ပိုင်းအရွယ်သုံးယောက်က ပြောလက်စစကားကိုရပ်ပြီး ကျွန်တော့်ကို အကဲခတ်ကြည့်လိုက်တယ်။ ပြီးမှ တခေါင်းလုံးဆံပင်ဖြူဖွေးနေတဲ့ကျွန်တော့်ကို တွေ့လိုက်ရလို့စိတ်ချသွားဟန်တူရဲ့။ ပြောလက်စ စကားတွေကိုဆက်ပြောနေကြတယ်။ အစတော့ ဖေ့စ်ဘွတ်သုံးနေလို့ သူတို့ပြောနေကြတဲ့စကားသံတွေဆီကို အာရုံမရောက်မိ။ သုံးယောက်မှာ နှစ်ယောက်က အပြန်အလှန်ပြောနေကြပြီး ကျန်တစ်ယောက်က ဘာမှမပြောဘဲနားထောင်နေတာကို တွေ့လိုက်ရတယ်။
သူတို့ပြောနေကြတာတွေကိုနားထောင်လိုက်ရမှာ ... အလို ဟိုချီမင်းအကြောင်း မော်စီတုံးနဲ့ မိုင်ပေါင်းတစ်ထောင်ခရီး ချေခွေဗားရားရဲ့ပျောက်ကျားတော်လှန်ရေး။ ကျွန်တော်ဖြင့် နားထောင်ရင်း တဖြေးဖြေးနဲ့ စိတ်အားတွေတောင်မြင့်တက်လာခဲ့။ နာရီဝက်လောက်ကြာတော့မှ ပြောစရာကုန်သွားပြီးရပ်သွားကြတယ်။ အဲသမှာပဲ စောစောက အသံမထွက် ငြိမ်ငြိမ်သက်သက်နေတဲ့သူက ရုတ်တရက်ဝင်ပြောလိုက်တော့ အံ့သြလွန်းလို့ လက်
ထဲကဖုန်းတောင် လွတ်ကျလုမတတ်။ မင်းတို့က တော်လှန်ရေးကိုဘာမှတ်နေလဲ။ ပရီးမီးယားလိဂ်ဘောလုံးပွဲတွေလို ကန်တင်ပြေး ခြေဦးနဲ့ထိုး ဂိုး
လို့ရမယ်မှတ်နေလားတဲ့ဗျ။
ဟုတ်သားဟ သူလည်း သူ့အမြင်သူပြောတာပဲဥစ္စာ။ ဘယ်သူက ဘာပြောချင်ကြသေးတုန်း။ တစ်နာရီလောက်ကြာမှ အိမ်ကိုပြန်လာခဲ့တယ်။ ဖေ့စ်ဘွတ်ပေါ်မှာ တော်လှန်ရေးအကြောင်း ဝေဝေဆာဆာနဲ့သုံးသပ်ကြ ဝေဖန်ကြတဲ့ ဆရာကြီး ဆရာလတ် ဆရာလေးတို့အားလုံးကို လေးစားပါတယ်။ဦးညွတ်ပါတယ်။ ဆရာ့ဆရာတို့ပြောသမျှတွေက အသိအမြင်တိုးပွားပြီး မှတ်သားနာယူစရာတွေချည်းပါပဲ။ ဒါပေတဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်လက်ဖက်ရည်ဆိုင်ကကြားခဲ့ရတဲ့စကားလောက် နားထဲမှာမစွဲဘူးခင်ဗျ။
စကားမစပ် မနေ့ကပရီးယားဘောလုံးပွဲတွေမှ ာဘယ်သူတွေနိုင်သွားကြတုန်းဟင်။
ဤတွင်ကားလိပ်ချ
ဗေဒါညို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
