စိုင်းဇင်ဒီဒီဇုံ - အခန်း (၃) ဒုတိယဗိုလ်ချုပ်ကြီး လီမီ
စက်တင်ဘာ ၃၊ ၂၀၂၁
ချင်မင်းဆက်ပြိုကွဲပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ ရှုပ်ထွေးပွေလီလှတဲ့ စစ်ဘုရင်ခေတ်မှာ လီမီ လူလားမြောက်လာခဲ့တယ်။ ယူနန်ပြည်နယ် ထိန်ချုံးမြို့ (မြန်မာရာဇဝင်တွေမှာ မိုးမျဉ်း လို့ခေါ်ပြီး၊ ရှမ်းလို မိူင်းမႅၼ်း လို့ခေါ်တယ်) က သိပ်မချမ်းသာပေမယ့် ချောင်ချောင်လည်လည်ရှိတဲ့ ကုန်သည်မိသားစုကနေ ၁၉၀၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၁၁ ယောက်ရှိတယ်။ ထိန်ချုံးမြို့ဟာ မြို့ရိုးကျုံးတွေရှိတဲ့ ရှေးဟောင်းမြို့ တမြို့ဖြစ်ပြီး ကုန်သွယ်ရေး အချက်အခြာကျတဲ့ မြို့ဖြစ်ပါတယ်။ သူ့မိသားစုက လီမီကို တက္ကသိုလ်ပို့ဖို့တော့ ငွေကြေး မတတ်နိုင်ပါဘူး။ ဒါကြောင့် ၁၉၂၃ ခုနှစ်မှာ လူငယ်လေး လီမီ ဟာ သူ့အနာဂတ်တက်လမ်းအတွက် ယူနန်ပြည်နယ် ဘုရင်ခံ ထန်ချီယောင် ရဲ့ ပြည်နယ်စောင့် တပ်မတော်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ပြည်နယ်တပ်မတော်ကို တရုတ်လို ထျန်းချွန်း လို့ခေါ်ပါတယ်။ ဘုရင်ခံ ထန်ချီယောင် ဟာ တရုတ်နိုင်ငံမှာ အာဏာအရှိဆုံး ချွန်းဖာ လို့ခေါ်တဲ့ စစ်ဘုရင်တွေထဲက တယောက်ဖြစ်တယ်။ လူငယ်တွေအတွက် အားကျစံပြုစရာ ပုဂ္ဂိုလ် တယောက်လည်း ဖြစ်တယ်။ ၁၉၂၁ ခုနှစ်က အာဏာသိမ်းမှု တခုမှာ ဖြုတ်ချခံရပြီး ထန်ချီယောင် ဟာ ဟောင်ကောင်ကို ခဏ တိမ်းရှောင်နေရပြီးနောက် ကူမင်တန် ခေါင်းဆောင် ဆွန်းယိရှန်း နဲ့ သူ့ရဲ့ ဗိုလ်ချုပ်ကြီးတွေပါတဲ့ ကွမ်ရှီးအုပ်စု တို့ရဲ့ အကူအညီနဲ့ တနှစ်အတွင်း အာဏာပြန်ရခဲ့တယ်။ ဆွန်ယက်ဆင် ၁၉၂၅ မတ်လမှာ ကွယ်လွန်ပြီးနောက် ထန်ချီယောင် က သူ့မဟာမိတ်ဟောင်းတွေကို သစ္စာဖောက်ပြီး သူ့တပ်တွေကို စေလွှတ်ကာ ကန်တုံနယ်ကို သိမ်းယူဖို့ကြိုးစားပေမယ့် မအောင်မြင်ဘူး။ တရုတ်နိုင်ငံ တောင်ပိုင်း စစ်ဘုရင်တွေထဲမှာတော့ အထွတ်အထိပ်ပဲ။ ကွမ်ရှီးတပ်တွေလက်ထဲမှာ ရှုံးနိမ့်ခဲ့ပြီး မျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့ရတယ်။
၁၉၂၆ ခုနှစ်မှာ လီမီ ယူနန်တပ်မတော်က နုတ်ထွက်လိုက်တယ်။ နောက်ပိုင်းမှာတော့ ခေတ်မီအောင် လုပ်နိုင်စွမ်းမရှိတဲ့ ထုံထုံထိုင်းထိုင်း စစ်တပ်ဖြစ်မှန်း သိလာလို့ထွက်တာလို့ ပြောတယ်။ ယူနန်ကနေ ထွက်လာပြီး ချန်ကေရှိတ်ရဲ့ ဂုဏ်သတင်းကြီးတဲ့ ကွမ်ကျိုးပြည်နယ်ရှိ ဟွမ်ပု စစ်တက္ကသိုလ်တက်ဖို့ လျှောက်တယ်။ နောက်ပိုင်းမှာ လီမီ က သူဟာ အသက် ၁၅ နှစ်လောက်ကတည်းက ဆွန်းယိရှန်းကို အားကျခဲ့ပြီး တရုတ်အမျိုးသားရေးရည်မှန်းချက်အတွက် သူ့ဘဝကို မြှုပ်နှံထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ တကယ်လို့ တယောက်ယောက်က ၁၉၂၃ ဟွမ်ပုစစ်တက္ကသိုလ် စဖွင့်ကတည်းက ဘာလုပ် လျှောက်ဖို့ မလုပ်တာလဲလို့ မေးကောင်းမေးပါလိမ့်မယ်။ အမျိုးသားရေးသမားပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ကျိုးရှာသိုက်သမားပဲ ဖြစ်ဖြစ် အဲဒီအချိန်တုန်းက သူ့ခေတ်က ရည်မှန်းချက်ကြီးတဲ့ စစ်သားတွေ အတိုင်းပဲ ဖြစ်မှာပါပဲ။ သူ့မှာ ဘယ်လိုရည်ရွယ်ချက်ပဲရှိရှိ လီမီ ဟာ ၁၉၂၇ ခုနှစ်ခုမှာ ဟွမ်ပုစစ်တက္ကသိုလ် အပတ်စဉ် (၄) ကနေ ကျောင်းဆင်းခဲ့တယ်။ အဲဒီနှစ်မှာ ချန်ကေရှိတ် က ကွန်မြူနစ်တွေကို ကူမင်တန်ပါတီကနေ ထုတ်ပယ်ပစ်လိုက်တယ်။
အနာဂတ်မှာ ကွန်မြူနစ် တပ်မှူးကြီး တဦးဖြစ်လာမယ့် ဇူးတေ ရဲ့ လက်အောက်က လေ့ကျင့်ရေးတပ်ဖွဲ့မှာ ကျောင်းဆင်းစ အရာရှိလေးက အမှုထမ်းရတယ်။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေး မကောင်းလို့ လီမီ ဟာ တခြားကို အပြောင်းခံလိုက်ရတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ လီမီ ဟာ နေရာအမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ရင်း ရာထူးတက်လာခဲ့တယ်။ အဲဒီအချိန်က ချန်ကေရှိတ် ဟာ ၁၉၃၀ ပြည့်လွန်နှစ် အစောပိုင်းမှာ ညီညွတ်ရေးအတွက် ကြိုးစားတယ်။ နောက်ပိုင်းတော့ တရုတ်နိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းတွေမှာ စစ်ဘုရင်တွေ၊ ကွန်မြူနစ် “ဓားပြတွေ”1 ကို တိုက်တယ်။ အဲဒီတိုက်ပွဲစဉ်တွေမှာ ဗုံးဆန် အစအနလေး တခု လီမီရဲ့ ဘယ်ဘက်မျက်လုံးအောက်ကို မှန်ပြီး ဒဏ်ရာရခဲ့တယ်။ ပြီးတော့ ယေဘုယျအားဖြင့် အောင်မြင်တဲ့ တပ်မှူးကောင်း တယောက်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ ၁၉၃၃ ခုနှစ် ကွမ်ရှီးဘက်မှာ တိုက်ပွဲဝင်ကြတုန်းက၊ အနီးအနားမှာရှိတဲ့ တရုတ်ဖြူ တပ်တော်တခုကို ကွပ်ကဲနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ချန်ချုံ က ဗိုလ်မှူးကြီး လီမီရဲ့ သီးခြားလွတ်လပ်တဲ့ တပ်ရင်းကြီးကို ဗိုလ်ချုပ် ကျိုးကျိကျို ကွပ်ကဲတဲ့ တပ်မအောက်မှာ သွားပေါင်းဖို့ အမိန့်ပေးတယ်။ သူ့တပ်ရင်းကြီးကို ဖျက်သိမ်းပြီး လူ လက်နက်တွေ ခွဲယူကြဖို့ အဲဒီ ဗိုလ်ချုပ်နှစ်ယောက်က ပေါင်းကြံစည်တယ်လို့ ယုံကြည်တာနဲ့ လီမီ ဟာ သူတို့ စစ်ဆင်ရေးနယ်မြေကနေ ထွက်လာခဲ့တယ်။ အထက် ဌာနချုပ်ကတော့ လီမီရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် ချန်ချုံ နဲ့ ကျိုးကျိကျို တို့ရဲ့ ရန်ငြိုးဖွဲ့မှုကို ခံလိုက်တယ်။ ၁၉၅၀ မှာ ချန်ချုံ က ဝန်ကြီးချုပ် ဖြစ်လာပြီး၊ ကျိုးကျိကျို က စစ်ဦးစီးအရာရှိချုပ် ဖြစ်လာတယ်။
၁၉၃၅ ခုနှစ် အစောပိုင်းမှာ ဗိုလ်ချုပ်အဆင့် ရာထူးတိုးခံရတဲ့ လီမီ ဟာ စီချွမ်ပြည်နယ် အနောက်ဘက်မှာ ပြန်လည်စုဖွဲ့နေတဲ့ တပ်မ တခုကို ကွပ်ကဲဖို့ ကမ်းလှမ်းခံရတယ်။ ဒါပေမယ့် သူ တပ်က ခဏနားလိုက်ပြီး ကျန်းရှီးပြည်နယ်မှာ အရပ်ဘက် အုပ်ချုပ်ရေး ခရိုင်ဝန်2အဖြစ် သွားလုပ်တယ်။ ဒါပေမယ့် ၁၉၃၇ ဂျပန်နဲ့ အတိအလင်း စစ်ဖြစ်တဲ့အခါ တပ်ကနေ လီမီ ကို ပြန်ခေါ်ပြီး တပ်မဟာမှူးအဖြစ် တာဝန်ပေးတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂျပန်တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ ကောင်းစွာတာဝန်ထမ်းဆောင်နိုင်ခဲ့လို့ ၁၉၄၀ မေလမှာ တပ်တော် (၈) က တပ်မတခုကို ကွပ်ကဲပြီး ယူနန် အနောက်ပိုင်းမှာ တိုက်ခိုက်ဖို့ တာဝန်ပေးခံရတယ်။
၁၉၄၄ ခုနှစ် စက်တင်ဘာလ အတွင်း မြန်မာပြည်လမ်းမကြီး ပြန်ဖွင့်နိုင်အောင် ကြိုးပမ်းနေတုန်း၊ ဆုန်းရှန်း တောင်ပေါ်က ဂျပန်တပ်တွေကို ရွတ်ရွတ်ချွန်ချွန် တိုက်ထုတ်နိုင်ခဲ့တယ်။ အဲဒီတောင်ဟာ ခွန်းမင်ကိုသွားတဲ့ မြန်မာပြည်လမ်းမကြီးနဲ့ လီဒိုလမ်းမကြီးဆုံတဲ့နေရာမှာ ရှိနေတဲ့အတွက်ကြောင့် မဟာဗျူဟာကျတဲ့ နေရာဖြစ်တယ်။ နောက်လအနည်းငယ်မှာ လီမီ ကို ဒုတိယဗိုလ်ချုပ်ကြီး အဆင့် ယာယီတိုးမြှင့်ခံရပြီး တပ်တော် (၈) ကို ကွပ်ကဲခွင့်ပေးခံရတယ်။ ၁၉၄၆ ဇွန်လမှာတော့ ၁၉၄၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အတွင်း “ထူးချွန်ပြောင်မြောက်အောင် တာဝန်ထမ်းဆောင်ရာတွင် ထူးခြားစွာ ချီးမြှင့်ထိုက်သည့် လုပ်ဆောင်မှု” ကြောင့် ဆိုပြီး အမေရိကန်က သူ့ကို လီဂျန့် အော့ဖ် မဲရစ် (Legion of Merit) တံဆိပ် ချီးမြှင့်ခဲ့တယ်။
တရုတ်−ဂျပန်စစ်ပွဲအပြီး၊ တပ်တော် (၈) ကို ဖျက်သိမ်းလိုက်ပြီး လီမီ ကလည်း သူ့မူရင်းရာထူးဖြစ် ဗိုလ်ချုပ် ရာထူးနဲ့ပဲ တပ်မ (၈) ကို ကွပ်ကဲရတယ်။ ၁၉၄၅ ခုနှစ်မှာတော့ သူကွပ်ကဲတဲ့ တပ်မကို တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ပို့ပြီး လက်နက်ချဂျပန်တပ်တွေကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ စစ်အတွင်း သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေကနေ ကွန်မြူနစ်တွေကို မောင်းထုတ်ဖို့ တာဝန်ပေးခံရတယ်။ သူ့တပ်မ စီးနင်းလိုက်ပါလာတဲ့ ရထားကို ကွန်မြူနစ် ပျောက်ကြားတွေက ချင်းတောင်မြို့နားမှာ တိုက်တယ်။ ဒါပေမယ့် လီမီရဲ့တပ်တွေက ကွန်မြူနစ်ပျောက်ကြားတွေ နည်းနည်းပါးပါး တိုက်ခိုက်လိုက်ရုံနဲ့ မောင်းထုတ်လိုက်နိုင်တာကြောင့် ချန်ကေရှိတ် က သူ့ကို ပထမဦးဆုံးအကြိမ် လူသိရှင်ကြား ချီးကျူးခဲ့တယ်။ ၁၉၄၇ နွေရာသီအထိ လီမီရဲ့ တပ်မဟာ ရှန်းတုန်းပြည်နယ်မှာ စစ်ရှုံး ဂျပန်တပ်တွေကို လိုက်ရှင်းရင်း၊ ကွန်မြူနစ်တွေကို တိုက်ခိုက်ရင်း၊ အဲဒီပြည်နယ်က ရထားလမ်းနဲ့ တနိုင်ငံလုံးချိတ်ဆက်နိုင်ဖို့ ဆောင်ရွက်ရင်းနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ဒါကြောင့် ချန်ကေရှိတ်က ထပ်မံချီးကျူးခဲ့လို့ သူ့ဂုဏ်သတင်းတွေ မြင့်တက်လာခဲ့တယ်။
ဟွိုင်ဟိုင် တိုက်ပွဲစဉ်
၁၉၄၇ နှောင်းပိုင်းမှာ ကျင်းပတဲ့ ချင်းတောင် ကွန်ဖရင့်မှာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တပ်မ (၈) ကို တပ်တော် (၈) အသစ်အနေနဲ့ တိုးချဲ့ဖွဲ့စည်းပြီး လီမီ ကို တပ်တော်မှူးအဖြစ် ခန့်အပ်ခဲ့တယ်။ ၁၉၄၈ မတ်မှာ သူ့တပ်တော် (၈) အပြင် တပ်တော် (၉) နဲ့ တပ်တော် (၃၉) တို့ကို စုဖွဲ့ထားတဲ့ အမှတ် (၈) တပ်တော်စု3 ကိုဖွဲ့စည်းပြီး လီမီကိုပဲ ကွပ်ကဲစေခဲ့တယ်။ စက်တင်ဘာလမှာ အမြဲတမ်း ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးခဲ့ပြီ လီမီ အနေနဲ့ စာရင်းဇယားအရ စစ်သည်အင်အား တသိန်းလောက်ကို ကွပ်ကဲနေရပြီ ဖြစ်တယ်။ တပ်တော် (၃၉) ကို ရှန်းတုန်းမှာ တပ်စွဲထားခဲ့ပြီး တပ်တော် (၈) နဲ့ တပ်တော် (၉) ကို ရွှီကျိုး ကို ချီတက်စေပြီး ဟွိုင်ဟိုင် အဆုံးအဖြတ် တိုက်ပွဲအတွက် ချီတက်လာခဲ့တယ်။4
သိန်းနဲ့ချီတဲ့ ပီအယ်လ်အေ စစ်သည်တွေဟာ မန်ချူးရီးယားမှာ အောင်မြင်မှုတွေ ရရှိလာပြီး အမျိုးသားရေးဝါဒီတွေရဲ့ မြို့တော် နန်ကျင်းရှိရာ တောင်ဘက်ကို ချီတက်လာကြပါတယ်။ ဒါကြောင့် ဟွိုင်ဟိုင် တိုက်ပွဲရဲ့ ရှေ့ပြေးတိုက်ပွဲလေးတွေဟာ နိုဝင်ဘာလ ၆ ရက်နေ့မှာစပါတယ်။ သူတို့လာတဲ့လမ်း တလျှောက်မှာတင် တရုတ်ဖြူစစ်သားတွေ ၂၇၀,၀၀၀ လောက်ရှိတယ်။ လီမီ ကွပ်ကဲတဲ့ အမှတ် (၈) တပ်တော်စုဟာ တရုတ်ဖြူ ခံစစ်ကြောင်းရဲ့ အလယ် ရှူကျိုးအနားမှာ ရှိနေပါတယ်။ ဘေးနံ တဖက်တချက်မှာတော့ တခြားတပ်တော်စုတွေ ရှိနေတယ်။ တပတ်အတွင်းမှာပဲ ကွန်မြူနစ် တပ်တော်တွေဟာ သူ့ဘေးက တပ်တော်စုတွေကို ချေမှုန်းပစ်လိုက်တယ်။ တပ်တော်စုမှူး တယောက် ကျသွားတယ်။ သူ့တပ်တော်စုက ဗိုလ်ချုပ် နှစ်ယောက်လည်း ကျတယ်။ စစ်သား ၂၃,၀၀၀ လောက်ကလည်း ဘက်ပြောင်းသွားကြတယ်။ ကွန်မြူနစ် တပ်တွေကို ဖောက်ထွက်ပြီး နန်ကျင်းကနေ မြောက်ဘက်ကို ချီတက်လာတဲ့ စစ်ကူစစ်ကြောင်းနဲ့ လာပေါင်းဖို့ အထက်ဌာနချုပ်က လီမီ ကို အမိန့်ပေးတယ်။ လီမီ က သွားပေါင်းဖို့ ချီတုံချတုံဖြစ်နေတုန်းမှာ ပီအယ်လ်အေတပ်တွေက ရှူကျိုး အနောက်တောင်ဘက် ၆၅ မိုင်လောက်ကို ရောက်နေပြီဖြစ်တဲ့ စစ်ကူစစ်ကြောင်းကို ဝိုင်းပတ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ချေမှုန်းပစ်လိုက်တယ်။ လီမီတို့တပ်တော်စုဘေးမှာရှိတဲ့ တပ်တော်စုတခုလည်း ချေမှုန်းခံလိုက်ရတယ်။ ကွန်မြူနစ်တွေ ရှူကျိုးကို ပတ်ပတ်လည်ဝိုင်းထားလို့ အထီးကျဖြစ်နေတဲ့ လီမီ ရဲ့ အမှတ် (၈) တပ်တော်စုဟာလည်း တဖြည်းဖြည်းနဲ့ ပြုတ်ပြုတ်ပြုန်းနေပါပြီ။
ကွန်မြူနစ်တို့ ပြတ်ပြတ်သားသား အောင်မြင်ပြီးနောက် ဟွိုင်ဟိုင် တိုက်ပွဲစဉ်ဟာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြီးဆုံးသွားပါတယ်။ ပီအယ်လအေတပ်တွေ အကောင်းဆုံး အနေအထားကို ရောက်နေချိန်မှာ တရုတ်ဖြူတပ်တွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေတာတွေ၊ ခေါင်းဆောင်မှုကလည်း ညံ့ဖျင်းနေတာတွေ၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတာတွေ၊ ခွဲထွက်နေတာတွေဟာ ကွန်မြူနစ်တွေအတွက် အထောက်အပံ့ ပေးနေသလိုပါပဲ။ တပ်ပြေးတွေရှိနေတာနဲ့ ပတ်သက်လို့ လီမီ ကတော့ သူ့အထက် အရာရှိတွေကို အပြစ်တင်ပါတယ်။ သူ့အကြံပေးချက်တွေကို လစ်လျူရှုထားကြတယ်လို့ ပြောပါတယ်။ တကယ်တန်းကျတော့ တရုတ်ဖြူ အရာရှိတွေအချင်းချင်း ပြိုင်ဆိုင်နေကြတဲ့အလေ့အထ အတိုင်း လီမီ ဟာ သူနဲ့အမှုထမ်းဘက် တပ်မှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အချက်ဟာ တိုက်ပွဲမှာ ရှုံးနိမ့်မှုကို ဦးတည်စေပါတယ်။ လီမီ ဟာ ကုန်သည်တယောက်လို ရုပ်ဖျက်ပြီး ရန်သူ့တပ်တွေကို ဖြတ်သန်းလာခဲ့နိုင်လို့ အဖမ်းမခံလိုက်ရပါဘူး။ နောက်ဆုံးတော့ လီမီ ဟာ နောက်ဆုံးကျန်နေတဲ့ သူ့ရဲ့ တပ်တော် (၈) တခုတည်းကိုပဲ ကွပ်ကဲရပါတော့တယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ချန်ကေရှိတ် က လီမီရဲ့ တောင်းဆိုချက်ကို လိုက်လျောတဲ့အနေနဲ့ ဗိုလ်ချုပ် လျိုယွမ်လင် ကို တပ်တော် (၈) ဒုတိယတပ်တော်မှူး အနေနဲ့ တာဝန်ပေးလိုက်ပါတယ်။ လီမီ နဲ့ လျိုယွမ်လင် ဟာ ဟွမ်ပုစစ်တက္ကသိုလ် တက်ကြကတည်းက တယောက်အကြောင်း တယောက်သိလာသူတွေ ဖြစ်တယ်။ တပ်တော် (၈) ကို ပြန်လည် တည်ထောင်တဲ့ ချင်းတောင် ကွန်ဖရင့်မှာ ပိုမိုရင်းနှီးလာကြတယ်။ လျိုယွမ်လင် ဟာ တိုက်ပွဲအတွေ့အကြုံ မရှိပေမယ့် ချန်ကေရှိတ်နဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိတယ်။ သူ့စစ်မှုထမ်း တသက်မှာ ချန်ကေရှိတ်နားမှာပဲ ရှိနေခဲ့တယ်။ လျိုယွမ်လင်ကို လီမီရဲ့ လက်ထောက်အဖြစ် ခန့်လိုက်ပြီး နောက်တရက်မှာ ချန်ကေရှိတ်က သူ့ရဲ့ ထိပ်တန်း ဘုရင်ခံတွေ၊ ဗိုလ်ချုပ်တွေကို နန်ကျင်းမှာ အစည်းအဝေးခေါ်လိုက်တယ်။ ဘုရင်ခံတွေ အနေနဲ့ ကိုယ့်ပြည်နယ်ကို ရှေ့ချီတက်လာနေတဲ့ ကွန်မြူနစ်တွေရန်က အစွမ်းကုန် ကာကွယ်ကြဖို့ ညွှန်ကြားတယ်။ ပြီးတော့ ကွန်မြူနစ်တွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းနိုင်ဖို့ အခွင့်အလမ်းကို မျှော်လင့်ပြီးတော့ သမ္မတအာဏာကို ဒုတိယ သမ္မတ လီကျုံးရန် ဆီလွှဲပေးလိုက်ကြောင်း ကြေညာတယ်။ လီကျုံးရန် ဟာ ကူမင်တန်နဲ့ ကွန်မြူနစ်တွေ အကြားမှာ ဆက်စပ်ပေးနိုင်မယ့်သူလို့ မြင်ကြတယ်။ ဒါဟာ နည်းဗျူဟာမြောက် ရွှေ့ကွက်သာဖြစ်ပြီးတော့ ကူမင်တန်ပါတီ ဥက္ကဋ္ဌ အနေနဲ့ လက်နက်ကိုင်တပ်တွေကို ကွပ်ကဲခြင်းနဲ့ တကယ့် နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်တယ်။
နန်ကျင်းအစည်းအဝေးပြီးတဲ့နောက် လီမီနဲ့ လျိုယွမ်လင် ဟာ တကွဲတပြားစီဖြစ်နေတဲ့ တပ်တော်စုကြီးကို တပ်တော် (၈) တခုတည်းအနေနဲ့ ပြန်လည်စုဖွဲ့တယ်။ အဓိက အလုပ်က တပ်တော် (၉) က အင်အား ၈,၀၀၀ နဲ့ တပ်တော် (၈) က အင်အား ၅,၀၀၀ ကို ပူးပေါင်းရတာဖြစ်တယ်။ ဒါပေမယ့် လီမီ ဟာ သွေးတိုးနေတာရယ်၊ ဟွိုင်ဟိုင် အိပ်မက်ဆိုးတွေကနေ ပြန်လည်နလံထနိုင်အောင် ကြိုးစားနေရတာရယ်ကြောင့် အလုပ်အတော်များများကို လျိုယွမ်လင်က လုပ်ရတယ်။ ဧပြီလရောက်တော့ လီမီ ဟာ ခွန်းမင်ကို ရောက်လာတယ်။ ဘုရင်ခံ လူဟန့် က ပြည်နယ်ညီလာခံခေါ်ယူပြီး တပ်တော် (၈) ကို ယူနန်သို့ မပို့ဖို့ တောင်းဆိုတယ်။ ဒါပေမယ့် ဗဟိုအစိုးရက ဂရုမစိုက်ဘဲ ၁၉၄၉ ဆောင်းတွင်းမှာ အင်အား တဝက်လောက်ပဲ ရှိတော့တဲ့ လီမီရဲ့ တပ်တော်က ယူနန် အနောက်မြောက်ပိုင်း ကျန်းယိမြို့ တဝိုက်မှာ တပ်စွဲလိုက်တယ်။ ဒါဟာ “ခွန်းမင် အရေးအခင်း”၊ လူဟန့် ဘက်ပြောင်းခြင်းနဲ့ ပီအယ်လ်အေတပ်တွေ ယူနန်ကို သိမ်းပိုက်ခြင်းရဲ့ အစပဲ ဖြစ်ပါတော့တယ်။
လုပ်ငန်း စလိုက်တဲ့ လီမီ
ခွန်းမင်က လွတ်မြောက်လာပြီးနောက် ၁၉၅၀ ဇန်နဝါရီလမှာ လီမီ ထိုင်ပေကို ရောက်လာပါတယ်။ အဲဒီမှာ ယူနန်မှာရှိတဲ့ တရုတ်ဖြူတပ်အားလုံးကို ကွပ်ကဲခွင့်ရအောင် ကြိုးစားအားထုတ်တယ်။ အလုပ်အကိုင်မရှိ ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး အမြောက်အမြားဟာ ပျက်လုပျက်ခင် တပ်မတော်ကြီးထဲမှာ ကွပ်ကဲရမယ့်တပ် လုနေရတဲ့ အဖြစ် ပေါ်လွင်နေပါတယ်။ ယူနန်ပြည်နယ် အနောက်တောင်နယ်စပ်မှာ အခိုင်အမာ ခြေကုပ်ယူထားကာ အင်အားပြန်လည်တည်ဆောက်ပြီး တရုတ်တနိုင်ငံလုံးကို ပြန်လည်သိမ်းယူမယ့် လုပ်ငန်းစဉ် စတင်ဖို့ တခြားသူတွေလိုပဲ လီမီ က ပြောတယ်။ ထိုင်ပေမှာ နေတုန်းမှာ သူကို ထောက်ခံမယ့် အဓိကလူတွေကို လိုက်ရှာတယ်။ ယူနန် လွှတ်တော်အမတ်တွေကို စည်းရုံးတယ်။ တရုတ်သမ္မတနိုင်ငံ လွှတ်တော်ကို ဟိတ်ဟန်လုပ်ပြီးတော့သာ ဖွဲ့ထားရတယ်။ တကယ်တော့ အမတ်တွေဟာ ပြည်မကြီးမှာ နေနေတဲ့သူတွေ မဟုတ်တော့ဘူး။
လီမီ ဟာ ယူနန် အနောက်တောင်ပိုင်းမှာ ရှိတဲ့ တရုတ်ဖြူတပ်အားလုံးကို ကွပ်ကဲရဖို့ တရားဝင်စာရေးပြီး တောင်းတယ်။ အဲဒီမှာ သစ္စာရှိ စစ်သည် ၃၀,၀၀၀ စုစည်းနိုင်မယ်လို့ သူမျှော်လင့်ထားကြောင်း ပြောတယ်။ ဒါ့အပြင် ဒီလိုလုပ်နိုင်အောင် သူ့ဦးစီးဝန်ထမ်းတွေအတွက် စရိတ်စက အမေရိကန် ဒေါ်လာ ၂၅၀,၀၀၀ ကို နိုင်ငံခြားငွေနဲ့ ထုတ်ပေးဖို့ တောင်းတယ်။ လူဟန့် ပုန်ကုန်တဲ့အတောတွင်း ချန်ကေရှိတ်က လီမီ ကို ဘုရင်ခံ အဖြစ် အဆိုပြုပေမယ့် ယာယီသမ္မတ လီကျုံးရန် က အတည်ပြု မပေးဘူး။ မတ်လ ၁ ရက်နေ့မှာ ချန်ကေရှိတ် က သမ္မတရာထူးပြန်ယူလိုက်ပြီး လီမီ ကို ခန့်အပ်ထားတဲ့ ရာထူးကို အတည်ပြုပေးလိုက်တယ်။ ဒါပေမယ့် ယူနန်ကို ပြန်သိမ်းပိုက်ဖို့ အကြံကြီးတဲ့ စီမံချက်အတွက် လီမီ တောင်းတဲ့ပိုက်ဆံကိုတော့ ထုတ်မပေးဘူး။ ဒါကြောင့် လိုတဲ့ငွေကို လီမီ ကိုယ့်ဘာသာ ရှာရတော့တယ်။
လီမီရဲ့ စီမံချက်မှာ အဓိက ပါဝင်တဲ့လူကတော့ လီဖူယိ လို့ခေါ်တဲ့ ယူနန် အနောက်တောင်ပိုင်း နယ်စပ်ဒေသက ဩဇာတိက္ကမ ရှိသူ တဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်စာ လီမီ ကွယ်လွန်တဲ့ ၁၉၇၃ ဒီဇင်ဘာလ အထိ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။ လီဖူယိရဲ့သား တယောက်ကလည်း ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ မြန်မာ−ထိုင်း−လာအို “သုံးနိုင်ငံနယ်စပ်” က တရုတ်ဖြူ လှုပ်ရှားမှု အမျိုးမျိုးမှာ အတွင်းကျကျ ပါဝင်ခဲ့ပါတယ်။ ၁၉၀၁ ခုနှစ်မှ မွေးခဲ့တဲ့ လီဖူယိ ဟာ ခရိုင်ဝန်၊ ယူနန်ပြည်နယ် လွှတ်တော်အမတ်၊ ဘုရင်ခံ လူဟန့်ရဲ့ နိုင်ငံရေးအတွင်းဝန် စတဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကြောင့် လီဖူယိ ဟာ လီမီနဲ့ ခွန်းမင်မှာ ၁၉၄၉ ဧပြီလတုန်းက စတွေ့ခဲ့ကြတယ်။ နောက်ပိုင်း ကွန်မြူနစ်တပ်တွေ နီးလာတော့ လီဖူယိ က ထိုင်ဝမ်းကို ပြောင်းရွှေ့ခဲ့တယ်။
လီမီနဲ့ လီဖူယိ တို့ဟာ ထိုင်ပေကနေ ဟောင်ကောင်ကို အတူသွားခဲ့ကြတယ်။ ဟောင်ကောင်မှာက သူတို့နှစ်ယောက်ကို ထောက်ခံတဲ့သူတွေအပြင် သူတို့ရဲ့ ပုဂ္ဂလိက ချမ်းသာကြွယ်ဝမှုဟာလည်း အဲဒီမှာပဲ ရှိပါတယ်။ ခရီးသွား စာရွက်စာတမ်းမရှိတဲ့ သူတို့နှစ်ယောက် အလွယ်တကူ သွားလာအောင် အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို လာဘ်ထိုးပြီးနောက် ရှိန့်ချင်း ရေနွေးငွေ့သင်္ဘောနဲ့ ထိုင်ဝမ်း မြောက်ပိုင်း ကျီးလုံဆိပ်ကမ်းကနေ ၁၉၅၀ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထွက်ခွာခဲ့တယ်။ ဟောင်ကောင် ရောက်တဲ့အခါ သင်္ဘောသားတွေက ဗြိတိသျှ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ မတွေ့အောင် သူတို့နှစ်ယောက်ကို ဝှက်ထားပေးကြရတယ်။ နောက်တနေ့ နံနက်မှာတော့ လီမီ ဇနီး5 ပိုင်တဲ့ နော့ပွိုင့်က အိမ်ကို သွားတယ်။ အဲဒီမှာ လီမီ ဇနီးရဲ့ မောင်က နေထိုင်ပြီး လီမီရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲနေတယ်။ လီမီရဲ့ယောက်ဖဟာ သူ့ရဲ့ တပ်တော် (၈) မှာ တပ်ထောက်အရာရှိချုပ် လုပ်ဖူးတယ်။
ဟောင်ကောင်ကို ရောက်နေတုန်း လီမီ နဲ့ လီဖူယိ တို့ဟာ သူတို့လုပ်ငန်းကို ထောက်ခံမယ့် ယူနန်သားတွေကို စည်းရုံးတယ်။ သူတို့ရဲ့ အဓိက ပစ်မှတ်ကတော့ ယူနန်ပြည်နယ် သောင်းကျန်းမှုနှိမ်နင်းရေး ဒုတိယကော်မရှင်နာမင်းကြီး အဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ချူးခိုင်ကျိ ပဲ ဖြစ်တယ်။ တရုတ်−ဂျပန် စစ်ပွဲကာလတုန်းက ချူးခိုင်ကျိ ဟာ တရုတ်သမ္မတနိုင်ငံရဲ့ နာမည်ကျော် ထောက်လှမ်းရေးမှူးချုပ် တိုက်လိ အောက်မှာနေပြီး ယူနန်ပြည်နယ်မှာ ထောက်လှမ်းရေးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးတွေကို ကိုင်တွယ်ခဲ့ဖူးတယ်။ ပြီးတော့ လီမီ စည်းရုံးဖို့ ရည်မှန်းထားတဲ့ ပျောက်ကြားခေါင်းဆောင် အတော်များများကို ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူဖြစ်တယ်။ ဖြစ်လာတယ်။ ပြည်မကြီးမှာ တရုတ်သမ္မတနိုင်ငံ ပျောက်ကြား စစ်ဆင်ရေးတွေရဲ့ တာဝန်ရှိသူ ဖြစ်တဲ့ ကျန်ကျင်းကော် စိတ်ဝင်စားလာအောင် ချူးခိုင်ကျိက စွမ်းဆောင်နိုင်ခဲ့တယ်။ လီမီ အလောသုံးဆယ် ပြင်ဆင်ထားတဲ့ ယူနန်ပြည်နယ် ပြန်လည်သိမ်းပိုက်ရေး စီမံချက်ကို ဧပြီလ အစောပိုင်းမှာ ချူးခိုင်ကျိ က ထိုင်ပေက ချန်ကေရှိတ်ဆီ သယ်သွားပေးတယ်။ သူတို့ဟာ ယူနန်နယ်သား ဗိုလ်ချုပ် လီဝင်ပင် ကိုလည်း စည်းရုံးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဘန်ကောက်က လီမီရဲ့ ယုံကြည်ရတဲ့ လက်ထောက် ဖြစ်လာခဲ့တယ်။
လီမီ ဟာ လူငယ် သတင်းစာဆရာ တယောက်ဖြစ်တဲ့ တင်းကျုံးချန်နဲ့ အဆက်အသွယ် ပြန်လုပ်ခဲ့တယ်။ တင်းကျုံးချန်ဟာ လီမီကို တက်တက်ကြွကြွ ထောက်ခံသူ တဦးဖြစ်လာခဲ့တယ်။ ကူမင်တန်ကို ထောက်ခံတဲ့ သတင်းစာတစောင်ကို တင်းကျုံးချန် ဦးစီးနေတုန်းက သူတို့နှစ်ယောက် ခွန်းမင်မှာ ပထမဆုံး စတွေ့ခဲ့ဖူးတယ်။ လူဟန့် ကွန်မြူနစ်တွေဘက်ပြောင်းသွားတုန်းက တင်းကျုံးချန်ဟာ မြန်မာပြည် လမ်းမကြီး အတိုင်းဆင်းလာပြီး ရန်ကုန်ကနေ တဆင့် ဟောင်ကောင်ကို ထွက်သွားခဲ့တယ်။ ဟောင်ကောင် ရောက်တော့လည်း ကူမင်တန်က ငွေကြေးထောက်ပံ့ထားတဲ့ ထင်ရှားတဲ့ မဂ္ဂဇင်းတစောင်မှာ စာစရေးခဲ့တယ်။ တင်းကျုံးချန်ရဲ့ အကူအညီနဲ့ လီမီဟာ တပ်တော် (၂၆) ရဲ့ တပ်တော်မှူးဟောင်း ယွီချုံဝမ်6 နဲ့ အဆက်အသွယ်ရခဲ့တယ်။ ဧပြီလအတွင်း ဟောင်ကောင်က တိုက်ဂါးဘမ်း ပန်းခြံမှာ တွေ့ကြတော့ ယူနန် အနောက်တောင်ပိုင်း နယ်စပ်မှာ ပျောက်ကြားတပ်ဖွဲ့ဖို့ ကိစ္စမှာ ပါဝင်ဖို့ လီမီ က ဖိတ်ခေါ်တာကို ယွီချုံဝမ် က ငြင်းလိုက်တယ်။ ဒါပေမယ့် သူက တခြားနည်းနဲ့ပဲ ကူညီမယ်လို့ ပြောတယ်။
အမေရိကန်ဆီက အကူအညီရှာဖွေခြင်း
ဟောင်ကောင်မှာ ရှိနေတုန်း ၁၉၅၀ ခုနှစ် နွေဦးကာလမှာ လီမီဟာ အမေရိကန်တွေဘက် ခြေဦးလှည့်ရတော့တယ်။7 ထင်ပေါ်ကျော်ကြားပြီး အမေရိကန်က ဆုတံဆိပ်ချီးမြှင့်တာခံရတဲ့ တပ်မှူးကြီး၊ ယူနန်ပြည်နယ် ဘုရင်ခံ၊ မကြာခင်မှာ ယူနန်ပြည်နယ် သောင်းကျန်းမှုနှိမ်နင်းရေး ကော်မရှင်နာမင်းကြီး ဖြစ်လာမယ့်သူ အနေနဲ့ ယူနန်ပြည်နယ်မှာ ပျောက်ကြားခေါင်းဆောင်ဖြစ်လာဖို့ သင့်တော်တဲ့ အရည်အချင်းရှိတယ်လို့ အထင်ကြီးလောက်တဲ့ လူဖြစ်ပါတယ်။
ဟောင်ကောင်က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးမှာ လီမီ နဲ့ တင်းကျုံးချန် ဟာ ဒုတိယကောင်စစ်ဝန် ဖရက်ဒစ် ဒီ၊ ရှူးထိုက် နဲ့ တွေ့ပါတယ်။ ရှူးထိုက် ဟာ စစ်တပ်အရာရှိဟောင်းဖြစ်ပြီး အိုအက်စ်အက်စ်8 မှာလည်း အမှုထမ်းဖူးသူတဲ့အပြင် တရုတ်ပြည်ရေးရာ ကျွမ်းကျင်သူ ပညာရှင်တယောက်ဖြစ်ပြီး တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်တယ်။9 ယူနန်−မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်စခန်း တခု တည်ထောင်ပြီး အဲဒီစခန်းကနေ တပ်မတော်တခု ဖွဲ့စည်းကာ ပြည်မကြီးကို ပြန်လည် သိမ်းပိုက်ဖို့ရာ အတွက် ရှူးထိုက်ကနေ တဆင့် လီမီက အမေရိကန်တွေဆီ အကူအညီ တောင်းတယ်။ လီမီနဲ့အတူ လိုက်သွားတဲ့ တင်းချုံးချန်ကလည်း ကွန်မြူနစ်ဆန့်ကျင်ရေး မီဒီယာ လှုပ်ရှားမှု စီမံချက်ကို အမေရိကန်တွေဆီ တင်ပြတယ်။ အချိန်တိုအတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ ရှူးထိုက်နဲ့ ထပ်တွေ့ကြပြန်တယ်။ တင်းကျုံးချန်ရဲ့ ကိုယ်တွေ့မှတ်တမ်းမှာ သူတို့တောင်းခံတဲ့ အကူအညီနဲ့ ပတ်သက်ပြီး ဝါရှင်တန်ကနေ အပြုသဘောနဲ့ တုံ့ပြန်ခဲ့တယ်လို့ပဲ ပါရှိပြီး အသေးစိတ် ရေးသားမထားပါဘူး။ ဝါရှင်တန်က တုံ့ပြန်တဲ့ “အပြုသဘော” ဆိုတာ မရှင်းလင်းပါဘူး။ လီမီ ဟာ အမေရိကန်တွေဆီက အကူအညီရဖို့ ချဉ်းကပ်လာတဲ့ တရုတ်ပျောက်ကြားခေါင်းဆောင် အများကြီးရှိတဲ့အထဲက တယောက်ဖြစ်ပါတယ်။ ချဉ်းကပ်လာသူအားလုံးဟာ သူတို့မှာ ပျောက်ကြားတပ်ဖွဲ့ရှိတယ် ဒါမှမဟုတ် ဖွဲ့စည်းနိုင်တယ်လို့ချည်းပဲ ပြောကြတယ်။ ဒါပေမယ့် လက်ထဲမှာ တပ်ရှိထားသူကတော့ နည်းတယ်။ အများစုကတော့ ထိုင်ဝမ်းမှာ အရင်းအမြစ် နည်းပါးနေလို့ ချန်ကေရှိတ်က သူတို့စီမံချက်ကို ငြင်းလိုက်ပြီးနောက် အမေရိကန်ဘက် လှည့်လာကြတာချည်းပါပဲ။ စီအိုင်အေရဲ့ မူဝါဒညှိနှိုင်းရေးရုံး တရုတ်နိုင်ငံ လုပ်ငန်း ညွှန်ကြားရေးမှူး အဲဖရက် ကောက် ဟာ အဲဒီတုန်းက စီအေတီ လုပ်ငန်းကိုဟန်ပြလုပ်ပြီး ရုံးစိုက်နေတယ်။ သူကလည်း လီမီနဲ့ ကောင်စစ်ဝန်ချုပ်ရုံးကလူတွေ တွေ့ကြတာကို အတွင်းကျကျ သိကောင်း သိပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အမေရိကန်ဘက်က တခုခု ကတိပေးလိုက်လို့ လီမီကလည်း ယုံကြည်ချက် အပြည့်နဲ့ ဘန်ကောက်က ဒုတိယဗိုလ်မှူးကြီး ချန်ချိန်ရှီး (တရုတ်သမ္မတနိုင်ငံ စစ်သံမှူး) ကို အမေရိကန်က ယူနန်ကို ပြန်သိမ်းဖို့ ကူညီမယ် ဆိုတာ အကြောင်းကြားလိုက်တယ်။ ချန်ချိန်ရှီး ဆိုတဲ့ အရာရှိငယ်လေးဟာ ဘန်ကောက်ကို သွားဖို့ ပြင်ဆင်နေချိန်မှာ လီမီနဲ့ ထိုင်ပေမှာ တရုတ်သမ္မတနိုင်ငံ ထောက်လှမ်းရေး အရာရှိချုပ် ချိန်ခိုင်းမင် ကတဆင့် ၁၉၅၀ ဇန်နဝါရီလတုန်းက တွေ့ဖူးတယ်။ ချန်ချိန်ရှီးဟာ စကော့တလန်က အီအင်ဘတ်မှာ ငါးနှစ် ကျောင်းတက်ခဲ့တယ်ပြီး စစ်အတွင်းက ဆက်ဆံရေးအရာရှိအဖြစ် မြန်မာနိုင်ငံက ဗြိတိသျှတပ်မတော်နဲ့ ဆက်ဆံရေးကို တာဝန်ယူခဲ့ဖူးတယ်။ အခုတော့ လီမီရဲ့ မဟာမိတ် တယောက်ဖြစ်လာခဲ့ပါပြီ။
အမေရိကန် အကူအညီရဖို့ လီမီက ကတိရခဲ့သလိုပဲ ဟောင်ကောင်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတွေဟာ ဟောင်ကောင်မှာ “အာရှလွတ်မြောက်ရေး အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ဆန့်ကျင်ရေး တက္ကသိုလ်” ထူထောင်တဲ့နေရာမှာ တင်းကျုံးချန်နဲ့ “ပူးပေါင်း” ကမ်းလှမ်းလိုက်တယ်။ ဘန်ကောက်က လီမီ ဆီမသွားခင် ၁၉၅၀ ဧပြီလမှာ တင်းကျုံးချန် က အမေရိကန်အစိုးရ ဘဏ္ဍာရေးအကူအညီနဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး တရုတ် သတင်းစာတစောင် စထုတ်တယ်၊ ပြီးတော့ အာရှလွတ်မြောက်ရေးအသံလွှင်ဌာနကို လုပ်ကိုင်တယ်။ လီမီနဲ့ တင်းကျုံးချန်တို့ကြားက ဆက်ဆံရေးဟာ ခန့်မှန်းရခက်တယ်။ ၁၉၅၁ ဘန်ကောက်က ပြန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံ ရဲချုပ် ဖောင် ဆီယာနွန် က တင်းကျုံးချန်ကို နှင်ထုတ်နိုင်အောင် လီမီက စီစဉ်ပေးတယ်။ တင်းကျုံးချန် ဟာ ဟောင်ကောင်မှာပဲ ဆက်ရှိနေပြီး ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဆိုင်ဂုံနဲ့ ဟောင်ကောင်က ကွန်မြူနစ် ဆန့်ကျင်ရေး တရုတ်ဘာသာနဲ့ ပုံနှိပ်ထုတ်ဝေမှုတွေ ထောက်ပံ့ပေးတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၁၉၆၂ ခုနှစ်မှာတော့ ဗြိတိသျှအာဏာပိုင်တွေက သူ့ကို ထိုင်ဝမ်းသို့ ပြည်နှင်ဒဏ်ပေးလိုက်တယ်။ တင်းကျုံးချန်ဟာ ကူမင်တန်တွေနဲ့ အဆက်အသွယ် ဆက်ရှိနေပြီး လီမီ ကို ဆက်ခံတဲ့ လျိုယွမ်လင်နဲ့လည်း ဆက်ဆံရေးမပြတ်ခဲ့ဘူး။
လီမီ တပ်ကွပ်ကဲခွင့်ရပြီး ဘန်ကောက်သို့လာခြင်း
မြန်မာ−ယူနန် နယ်စပ်ဒေသက တရုတ်ဖြူတပ်တွေကို ကွပ်ကဲခွင့်ရအောင် ကြိုးစားနေချိန်မှာပဲ ကျိုင်းတုံနယ်မှာ သီးခြားဖွဲ့စည်းထားတဲ့ ပြန်လည်ထူထောင်ရေးတပ်တော်အတွက် ရုံးလုပ်ထုံးလုပ်နည်း အခြေအနေကလည်း သောင်မတင် ရေမကျပါပဲ။ လီကော်ဟွေး အတွက်ကတော့ ဘယ်လိုပဲတွေးတွေး လီမီ သာလျှင် နယ်စပ်ဒေသက တပ်တွေကို ကွပ်ကဲဖို့ ရွေးခြယ်သင့်တယ်လို့ မြင်တယ်။ ပြန်လည်ထူထောင်ရေး တပ်တော်ရဲ့ တပ်မှူးက ဟိုရှုချွမ်း ကတော့ တပ်မ (၉၃) တပ်မမှူးဟောင်း လွီကော်ချွမ် ကို လုပ်စေချင်တယ်။ ဂျပန်နဲ့တိုက်တဲ့ စစ်ပွဲအပြီး လွီကော်ချွမ် က တရုတ်ဖြူတပ်က ထွက်ပြီး ဘန်ကောက်မှာ အခြေချတယ်။ ပြီးတော့ သိုသိုသိပ်သိပ်နဲ့ ဘိန်းတွေ၊ လက်နက်တွေ ကုန်ကူးနေလေရဲ့။ ဟိုရှုချွမ်း က သူ့တပ်မမှူးဟောင်းဟာ လက်အောက်ငယ်သားတွေနဲ့ ဒေသခံလူထုအကြားမှာ လူကြိုက်များသူဖြစ်တယ်လို့ ညွှန်းပါတယ်။10 အဲဒီအချိန်တုန်းက လွီကော်ချွမ် ဟာ သူ့ဒုတိယဇနီးနဲ့ ဘန်ကောက်မှာ နေပါတယ်။ သူ့ဇနီးက ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စဝ်11ရွှေသိုက်နဲ့ ဆွေမကင်းမျိုးမကင်း တော်စပ်ပါတယ်။ မြန်မာနိုင်ငံ သမ္မတရာထူး ဆိုတာဟာ အဆောင်အယောင်သာဖြစ်ပေမယ့် လွီကော်ချွမ် ကို ထောက်ခံကြတဲ့သူတွေက ဒီလို စဝ်ရွှေသိုက် အမျိုးကို လက်ထပ်ထားတာမို့လို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်ဖြူတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုက ရရှိနိုင်တယ်လို့ အခြေအမြစ်မရှိ ပြောကြပါတယ်။ အဲဒီအချိန်မှာ လွီကော်ချွမ် ဟာ သူ့ကွပ်ကွဲခဲ့ဖူးတဲ့ တပ်မ (၉၃) အတွက် စစ်သံမှူး ချန်ချိန်ရှီးကတဆင့် ရန်ပုံငွေတွေ ရှာဖွေနေတဲ့အပြင် သူ့ကို တာဝန်ပြန်ပေးဖို့ ထိုင်ပေကိုလည်း စည်းရုံးလျက်ရှိပါတယ်။
ထိုင်ပေမှာတော့ ထိရောက်မှုနဲ့ စွမ်းဆောင်နိုင်မှု ကို မေးခွန်းထုတ်စရာဖြစ်နေတဲ့ ပျောက်ကြားတွေအတွက် နဂိုကတည်းက နည်းပါးနေတဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ဖို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတာကြောင့် စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျိုက လီမီရဲ့ စီမံချက်တွေကို သတိထားပြီးလေ့လာပါတယ်။ မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေကို ရုတ်သိမ်းလိုက်ဟာ ထိုင်ပေအတွက် နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ သူနားလည်ထားတယ်။ ဒါပေမယ့် ငွေကုန်ကြေးကျပိုင်းက စဉ်းစားမယ်ဆိုရင် အဲဒီတပ်တွေကို ကိုယ့်စရိတ်ကိုယ်ရှာပြီး ရပ်တည်တဲ့တပ်တွေအနေနဲ့ တရုတ်ပြည်မကြီးကို ပြန်ပို့ပစ်လိုက်တာ အကောင်းဆုံးလို့ ကျိုးကျိကျိုက ယုံကြည်တယ်။ တကယ်လို့ သူတို့ကိုသာ ထိုင်ဝမ်းဆီ ပြန်ခေါ်မယ်ဆိုရင် စရိတ်စကတွေ ပိုကုန်ကျမှာဖြစ်တယ်။ ဒီလိုလုပ်တာ သွေးအေးလွန်းတယ်လို့ ဆိုပေမယ့် ခေတ်ကာလ အခြေအနေပေါ်မူတည်ပြီး လက်တွေ့ကျကျ တွက်ချက်လိုက်ရတာပဲ။
သူနဲ့ လီမီ အရင်က ထိပ်တိုက်တွေ့ခဲ့ဖူးတာကို ပြန်သတိရနေတဲ့ ကျိုးကျိကျို က တရုတ်−မြန်မာ နယ်စပ်ဒေသမှာ စစ်ဆင်ရေးဝင်မယ့် အမြဲတမ်း စစ်တပ် ဘယ်တပ်ဖွဲ့ကိုမဆို တိုက်ရိုက်ကွပ်ကဲမယ့်နေရာမှာ သူနဲ့ အဆင်ပြေပြေ လက်တွဲလုပ်နိုင်မယ့် လူကို လိုချင်တယ်။ လွီကော်ချွမ် ကို ကြည့်တော့ သောင်းကျန်းမှု နှိမ်နင်းရေး ကော်မရှင်နာမင်းကြီး ရာထူး အတွက် အရမ်းကို ဂျူနီယာကျနေသေးတယ်။ ဒါပေမယ့် ဧပြီလ အစောပိုင်းလောက်မှာ လွီကော်ချွမ် ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ တာဝန်ပြန်ပေးဖို့ စတင်စီစဉ်နေတယ်။ လွီကော်ချွမ်း ဟာ မြန်မာနိုင်ငံ ကျိုင်းတုံနယ်မှာ ခိုလှုံနေတဲ့ အမြဲတမ်း တရုတ်ဖြူတပ်ဖဲ့တွေနဲ့ ပြန်လည်ဖွဲ့စည်းမယ့် တပ်တော် (၂၆) ကို ကွပ်ကဲရလိမ့်မယ်။ ဒါပေမယ့် ချန်ကေရှိတ်က လွီကော်ချွမ် ကို လီမီရဲ့အောက် ယူနန်ပြည်နယ် သောင်းကျန်းမှုနှိမ်နင်းရေး ဒုတိယကော်မရှင်နာမင်းကြီး အဖြစ်ပဲ ရွေးလိုက်တယ်။
ဒါကြောင့် ကျိုးကျိကျို တပ်မှူးအဖြစ် ရွေးခြယ်ချင်တဲ့လူဟာ လီမီရဲ့ လက်အောက်ငယ်သားပဲ ဖြစ်သွားရတယ်။ လီမီကတော့ သူလိုချင်တာ အားလုံးရသွားတယ်။ လီမီရဲ့တပ်တွေ ယူနန်ပြည်နယ်ထဲမှာ ကိုယ့်ဘာသာ ရပ်တည်နိုင်တဲ့တပ် မဖြစ်လာခင်အထိ တပ်တော် (၈) နဲ့ တပ်တော် (၉) ကို ပြန်လည်စုဖွဲ့ပြီး တပ်တော် (၂၆) နဲ့အတူ လီမီ ကွပ်ကဲဖို့ တပ်တော်စု အသစ်တခု ဖွဲ့စည်းဖို့ ကျိုးကျိကျို က ငြင်းတယ်။ အဲဒီအချိန်မှာ ဘုရင်ခံ လီမီ က သူ့ရဲ့ ယူနန်ပြည်နယ်ရုံးကို ဘန်ကောက်မှာရုံးခွဲ ဖွင့်ခွင့်တောင်းဆိုတာကို ထိုင်ပေက ခွင့်ပြုလိုက်တယ်။ ဒါကြောင့် ယွီချုံဝမ် ဆီက ရလာတဲ့ ပေါ်တူဂီပိုင် မကာအို နိုင်ငံကူးလက်မှတ်တွေသုံးပြီး ဧပြီ ၆ ရက်နေ့မှာ လီမီနဲ့ လီဖူယိ တို့နှစ်ယောက် လေယာဉ်စီးပြီး ဘန်ကောက်ကို သွားကြတယ်။12
ဘန်ကောက်မှာ လီမီ နဲ့ သူ့ရဲ့ဇနီး လုံဟွေ့ယွိ တို့ ပြန်ဆုံကြတယ်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ခွန်းမင် အရေးအခင်းမှာ အထိန်းအသိမ်းခံရပြီးနောက် လူဟန့် က သူ့ကို ဘာမှမလုပ်တော့ပါဘူး။ ၁၉၅၁ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပီအယ်လ်အေတပ်တွေကို ကြိုဆိုပွဲ ကျင်းပနေတုန်း လူဟန့်ရဲ့ လုံခြုံရေး တာဝန်ရှိသူတွေက လုံဟွေ့ယွိ နဲ့ တပ်မ (၂၃၇) တပ်မမှူးဟောင်း ဖုချင်းယွင် တို့ကို တိတ်တိတ်လေး ပြန်လွှတ်ပေးခဲ့တယ်။ ခွန်းမင်ကနေ မြန်မာပြည်လမ်းမကြီး အတိုင်းဆင်းလာကြပြီး ရန်ကုန် အရောက်မှာ ဟောင်ကောင်က လီမီ နဲ့ အဆက်အသွယ်ရတယ်။ လီမီရဲ့ တောင်းဆိုချက်အရ ဖုချင်းယွင် ဟာ လားရှိုးကို ပြန်သွားပြီး ပျောက်ကြားတပ်ဖွဲ့ ဖွဲ့စည်းဖို့ တရုတ်နိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအကြား လိုက်လံ စည်းရုံးခဲ့တယ်။ လုံဟွေ့ယွိ ကတော့ လေယာဉ်နဲ့ ဘန်ကောက်ရောက်လာတဲ့ သူ့ခင်ပွန်းဆီ သွားတယ်။ သူတို့လင်မယားဟာ နိခုံး မက္ကဆန်လမ်းက အိမ်ကြီးအိမ်ကောင်းမှာ နေကြတယ်။ အဲဒီအိမ်ဟာ သူတို့ရဲ့နေအိမ်ဖြစ်တဲ့အပြင် လီမီရဲ့ ဘန်ကောက် ဌာနချုပ်ရုံးလည်း ဖြစ်တယ်။
ဧပြီလအတွင်းမှာ လီမီရဲ့ တပ်တော် (၈) ဒုတိယ တပ်တော်မှူး လျိုယွမ်လင် က ဘန်ကောက်ကို ရောက်လာပြီး သူ့တပ်တော်မှူးဟောင်းကို သတင်းပို့တယ်။ လူဟန့် ပုန်ကုန်ပြီး ဘက်ပြောင်းတုန်းက ခွန်းမင် ဝူဟွာ့ရှန်း နန်းတော်မှာ အဖမ်းခံထားရတဲ့ တခြား အဆင့်မြင့် အကျဉ်းသားတွေလိုပဲ ဖေဖော်ဝါရီလ တပ်နီတော် ကြိုဆိုပွဲလုပ်နေတုန်း တိတ်တိတ်လေး လွှတ်ပေးလို့ လျိုယွမ်လင်လည်း လွတ်လာတာ။ မိတ်ဆွေ တယောက်က မတ်လအထိ သူ့အိမ်မှာ လျိုယွမ်လင်ကို ဝှက်ထားပေးတယ်။ နောက်မှ သူတို့နှစ်ယောက်သား စီးပွားရေးသမား ဟန်ဆောင်ပြီး မြန်မာပြည်လမ်းမကြီးအတိုင်း ရန်ကုန်ကို ကားနဲ့ဆင်းလာကြတယ်။ လျိုယွမ်လင် က နာမည်တုသုံးပြီး ရန်ကုန်က ပိတ်ခါနီး တရုတ်သမ္မတနိုင်ငံ သံရုံးကနေ နိုင်ငံကူးလက်မှတ် ရအောင် ယူခဲ့ပြီး လေယာဉ်နဲ့ ဘန်ကောက်ကို သွာတးယ်။ ဘန်ကောက်ရောက်တော့ လီမီက ယူနန်ပြည်နယ် အနောက်တောင်ဘက် နယ်စပ်ဒေသမှာ တပ်မတော် တခုဖွဲ့စည်းထူထောင်ဖို့ လျိုယွမ်လင် ဆီက အကူအညီ တောင်းတယ်။ ဒါပေမယ့် ဆရာသခင်ဖြစ်သူ ချန်ကေရှိတ် နဲ့ မတိုင်ပင်ဘဲ ကတိမပေးလိုတဲ့ လျိုယွမ်လင် ဟာ ထိုင်ပေကို အရင်ထွက်လာခဲ့တယ်။ ချန်ကေရှိတ်က လုပ်လို့ပြောမှ လျိုယွမ်လင် ဟာ ဘန်ကောက်ကို ပြန်လာပြီး လီမီရဲ့ လက်ထောက် အဖြစ် အမှုထမ်းပါတော့တယ်။
ထိုင်းမိတ်ဆွေများ
ဘန်ကောက်မှာ ထိုင်ပေရဲ့ ရည်မှန်းချက်ကြီးမားပြီး စည်းမရှိကမ်းမရှိတဲ့ စစ်သံမှူး ချန်ချိန်ရှီး ဟာ လီမီကို ထိုင်းနိုင်ငံ စစ်အစိုးရက အဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်နိုင်အောင် စီမံပေးတယ်။ ဧပြီလမှာ ချန်ချိန်ရှီးက လီမီ ကို ဗိုလ်ချုပ် ဖောင် ဆီယာနွန် နဲ့မိတ်ဆက်ပေးတယ်။ ဖောင် ဆီယာနွန် ရဲ့ တရားဝင်ရာထူးဟာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူး (ဒုတိယရဲချုပ်) ဖြစ်ပေမယ့် လက်တွေ့မှာတော့ သူက ညွှန်ကြားရေး (ရဲချုပ်) ဖြစ်နေပါတယ်။ ချန်ချိန်ရှီးဟာ ဖောင်ဆီယာနွန် ဆီ လက်ဆောင်တွေပေးနဲ့ စားပွဲသောက်ပွဲ၊ လောင်းကစားပွဲနဲ့တည်ခင်းပြီး လမ်းခင်းထားပါတယ်။ ဖောင် ဟာ စစ်တပ်အရာရှိ တဦးဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ အင်အားကြီးပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်အားလေးသောင်းရှိ အကျင့်ပျက် ရဲတပ်ဖွဲ့ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သူ ဖြစ်ပါတယ်။ ထိုင်းဘုရင့်ကြည်းတပ်နဲ့တောင် လူအင်အား၊ လက်နက်အင်အား ယှဉ်နိုင်ပါတယ်။ ဖောင်ရဲ့ ယောက္ခမဟာ ထိုင်းဘုရင့်ကြည်းတပ် ကာကွယ်ရေးဦးစီးချုပ် ဖီးမာရှယ် ဖင် ချွန်ဟာဝမ် ဟာ ဩဇာတိက္ကမ ကြီးမားပြီးတော့ ၁၉၄၇ “အာဏာသိမ်းအုပ်စု” ဝင် တယောက်ဖြစ်ပြီး ဖိဘွန် ဆွန်ခရမ်း အာဏာပြန်ရလာအောင် အဓိက စီမံပေးသူ ဖြစ်တယ်။ ထိုင်းနိုင်ငံရေးနဲ့ စီးပွားရေးကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားသူ ဖြစ်တယ်။ ဖောင် ဆီယာနွန် ဟာ ထက်မြက်တယ်၊ ရက်စက်တယ်၊ အငြင်းသန်တယ်၊ ပြီးတော့ ထိုင်းနိုင်ငံမှာ အကျင့်ပျက်ဆုံးလူတယောက် ဖြစ်တယ်။ ဒီဂုဏ်ပုဒ်တွေကို ပြိုင်ဘက်တွေ အများကြီးရှိတဲ့အထဲက ရလာတာဖြစ်တယ်။ ဒါပေမယ့် သူကို စီမံအုပ်ချုပ်ရေးမှာ ကျွမ်းကျင်သူ တယောက်အဖြစ် အနောက်တိုင်းသားတွေရော၊ ထိုင်းတွေရော လေးစားကြရတယ်။
ဖောင်နဲ့ သူ့ရဲတပ်ဖွဲ့ဟာ အမြတ်အစွန်း အများကြီးရနိုင်တဲ့ အလုပ်တွေကို ကိုင်ထားတယ်။ တချို့အလုပ်တွေက တရားဝင်။ အကျိုးအမြတ် အများဆုံးရတဲ့ အလုပ်ကတော့ ဘိန်းနဲ့ ပတ်သက်တဲ့ အလုပ်ဖြစ်ပြီး အဲဒီခေတ်က ထိုင်းနိုင်ငံမှာ ဥပဒေနဲ့ ထိန်းချုပ်ထားပြီး တရားမဝင်တဲ့အလုပ်။ ဘိန်းအများဆုံး ထုတ်လုပ်နိုင်တဲ့ ယူနန်နဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက သိမ်းပိုက်ဖို့ လီမီက စီမံနေတော့ ဖောင်က လူနဲ့အလုပ်ကောင်းကောင်းတွဲလုပ်နိုင်တဲ့ တွေ့ပြီလို့ မြင်တယ်။ သူ့ရဲတပ်ဖွဲ့က နယ်စပ်လုံခြုံရေးကို တာဝန်ယူထားရတာဖြစ်လို့ လီမီရဲ့ ဘိန်းတွေကို တင်သွင်းလာနိုင်သလို တရုတ်ဖြူတပ်တွေအတွက် လက်နက်တွေပြန် သယ်ထုတ်ပေးနိုင်တယ်။ လီမီ ဘန်ကောက်ရောက်ပြီး မကြာခင်မှာပဲ ဖောင်က လီမီ ကို အမေရိကန် နိုင်ငံသား ရောဘတ်နော့နဲ့ မိတ်ဆက်ပေးတယ်။ ပြင်သစ် သတင်းစာဆရာမ ကက်သရင်း လာမူ ကတော့ ထိုင်း−မြန်မာ−လာအို သုံးနိုင်ငံနယ်စပ်ဒေသမှာ တရုတ်သမ္မတနိုင်ငံက ခြေပုန်းခုတ်နေတဲ့ အကြောင်းကို ၁၉၇၅ လောက်က ရေးသားရင်းနဲ့ နော့ဟာ အမေရိကန် ပြန်ကြားရေး ဝန်ထမ်း အဖြစ် အသွင်ယူထားတဲ့ စီအိုင်အေ အရာရှိ တယောက်ဖြစ်တယ် ဖော်ပြထားတယ်။ သူက စီအိုင်အေနဲ့ ဆက်နွှယ်နေတဲ့ ရုပ်ရှင်ကုမ္ပဏီ တခုကို ဟန်ပြ လုပ်ကိုင်နေပြီး ကွန်မြူနစ် ဆန့်ကျင်ရေး “စိတ်ဓာတ်စစ်ဆင်ရေး” လှုပ်ရှားမှုတွေ လုပ်ပါတယ်။ ဖောင်ရဲ့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လူထုအမြင်အယူအဆ အပေါ်လွှမ်းမိုးရေးကို ရည်ရွယ်ပြီး ကွန်ဖရင့်များကျင်းပခြင်း၊ ကွန်မြူနစ် ဆန့်ကျင်ရေး ဝါဒဖြန့် ရုပ်ရှင်တွေ ရိုက်ကူး ပြသရေးတွေ လုပ်တယ်။ နော့ရဲ့အလုပ်မှာ ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာ စစ်ဝန်ထမ်းတွေကို လေ့ကျင့်ပေးရေး၊ လျှို့ဝှက် ရဲသတင်းစုဆောင်းရေး၊ အဖျက်အမှောင့်လုပ်ငန်းများ၊ လူသူလုပ်ကြံမှုတွေလည်း ပါဝင်ပါတယ်။ ဘန်ကောက်က ဖောင်ရဲ့ ရုံ:ခန်းမှာ စတွေ့ကြတော့ ဟောင်ကောင်တုန်းက အမေရိကန်တွေကို တင်ပြခဲ့တဲ့ ယူနန်ပြည်နယ် ပြန်လည်သိမ်းပိုက်ရေး အဆိုပြုချက်အကြောင်း နော့ကို လီမီ က အကျဉ်းချုံး ပြောပြတယ်။ နော့ကလည်း ဒီအဆိုပြုချက်ကို ဝါရှင်တန်က သူ့အထက်လူကြီးတွေဆီ တင်ပြဖို့ ကတိပေးတယ်။
လီမီရဲ့ အဆိုပြုချက်ကို ဖောင်ကတော့ ချက်ခြင်း စိတ်ဝင်စားသွားတယ်။ သူ့တောင်းဆိုချက်အရ ဖောင် က သူ့ရဲ့ တရုတ်စကားပြန် (ဟွမ်ပု စစ်တက္ကသိုလ်ဆင်း ထိုင်း−တရုတ် တယောက်) ကို တာချီလိတ်ကို လွှတ်ပြီး လီကော်ဟွေးကို ဘန်ကောက်လာပြီး လီမီကို အခြေအနေတွေ တင်ပြဖို့ ခေါ်ခိုင်းတယ်။ မြန်မာ့စစ်တပ်နဲ့ တင်းမာနေတဲ့ အခြေအနေအရ တာချီလိတ်ကနေ ထွက်သွားဖို့မဖြစ်နိုင်လို့ လီကော်ဟွေး က သူ့ကိုယ်စား ပါမောက္ခ ထင်းကျိုရှောက်ကို လွှတ်လိုက်တယ်။ ပြန်လည်ထူထောင်ရေးတပ်တော်ရဲ့ တရားဝင် တပ်မှူး ဟိုရှုချွမ် လည်း ပါမောက္ခရဲ့ ဘန်ကောက်ကို လိုက်သွားတယ်။ ဒါပေမယ့် ဟိုရှုချွမ် ဟာ လီမီနဲ့တောင် မတွေ့တော့ဘဲ ထိုင်ဝမ်းကို တချိုးတည်း ထွက်သွားတော့တယ်။ အခြေအနေကို တင်ပြပြီးနောက် လီမီ က ဒေါက်တာထင်းကို တာချီလိတ် ပြန်လွှတ်လိုက်တယ်။ ပဋိပက္ခမဖြစ်အောင် ရှောင်ဖို့၊ မလွှဲသာလို့ တိုက်ခိုက်ရမယ် ဆိုရင်လည်း ပျောက်ကြား နည်းဗျူဟာကိုသုံးဖို့၊ မြန်မာထံ လက်နက်မချဖို့၊ ထိုင်းနဲ့ အင်ဒိုချိုင်းနားဘက်ကိုလည်း ဝင်မလာဖို့ အစရှိတဲ့ ညွှန်ကြားချက်တွေကို သူကိုယ်တိုင် လက်ရေးနဲ့ ရေးပြီး လီကော်ဟွေးအတွက် ထည့်ပေးလိုက်တယ်။
တပ်အင်အားနှင့် လက်နက်များ ရှာဖွေရယူခြင်း
၁၉၅၀ မေလဟာ လီမီအတွက် အလုပ်ရှုပ်တဲ့လ ဖြစ်တယ်။ မေလ ၁ ရက်နေ့မှာပဲ ပီအယ်လ်အေတပ်တွေက ဟိုင်နန်ကျွမ်းကို သိမ်းပိုက်လိုက်တယ်။ နောက်ဆုံးတော့ ကျိုးကျိကျို ကလည်း လီမီ ကို ယူနန်ပြည်နယ် သောင်းကျန်းမှုနှိမ်နင်းရေး ကော်မရှင်နာမင်းကြီး အဖြစ် အတည်ပြုပေးလိုက်ရတယ်။ နောက်တရက်မှာပဲ လီမီရဲ့ မူရင်း ယူနန်ပြည်နယ် ကျူးကျော်ရေး စစ်ဆင်ရေးစီမံချက်ဟာ ရည်မှန်းချက် အရမ်းကြီးနေလို့ ဆိုပြီး ချန်ကေရှိတ်က ပယ်ချလိုက်တယ်။ ပြီးတော့ “လက်ရှိ အခြေအနေနဲ့ စပ်ဟပ်မယ့် အဆိုပြုချက် တခု” ထပ်တင်ပြဖို့ ခိုင်းတယ်။ အဲဒီအတောအတွင်း ထိုင်ပေကနေ လီမီကို နာမည်လွှဲနဲ့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သမ္မတနိုင်ငံသံရုံးမှာ သံမှူးတယောက် အနေနဲ့ ခန့်လိုက်တယ်။13 မေလ ၅ ရက်နေ့မှာ ဟိုရှုချွမ် ဟာ လွီကော်ချွမ်းက သူတပ်မှာ ပြန်လည်တာဝန်ထမ်းချင်တဲ့အကြောင်း တင်ပြထားတဲ့စာကို သက်ဆိုင်ရာဆီ ပို့ပေးတယ်။ နောက်တပတ်အကြာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကက သူ့ကို လီမီအောက်က ယူနန်ပြည်နယ် သောင်းကျန်းမှု နှိမ်နင်းရေး လက်ထောက် ကော်မရှင်နာမင်းကြီးနဲ့ တပ်တော် (၂၆) တပ်တော်မှူး အနေနဲ့ ခန့်လိုက်တယ်။ တပ်တော်ရဲ့ အသုံးစရိတ်အဖြစ် တလကို ထိုင်းဘတ် နှစ်သိန်း (အမေရိကန် ဒေါ်လာ တသောင်း) ထောက်ပံ့ပေးမယ်လို့လည်း ကတိပေးလိုက်တယ်။
မေလ လလယ်လောက်မှာ လီမီ က ဟောင်ကောင်ကို ခဏပြန်လာတယ်။ သူ့ကို ယူနန်ပြည်နယ် သောင်းကျန်းမှု နှိမ်နင်ရေး ကော်မရှင်နာမင်းကြီး အဖြစ် ခန့်အပ်တဲ့ ရုံးလုပ်ငန်းစဉ်ဟာ ကြန့်ကြာနေဆဲ ဖြစ်တယ်။ ဇူလိုင်လ ၅ ရက်နေ့ မတိုင်မီကမှ တရားဝင်အမိန့်တွေ ထုတ်ပြန်နိုင်မယ့် ကော်မရှင်နာမင်းကြီး ရာထူးတံဆိပ်တုံးတွေ လက်ခံရရှိတယ်။ သောင်းကျန်းမှုနှိမ်နင်းရေး ကော်မရှင်နာမင်းကြီး အနေနဲ့ လီမီ က တပ်တော် (၂၆) နဲ့ ပတ်သက်တဲ့ လုပ်ငန်းကိစ္စတွေကို လွီကော်ချွမ်ဆီ အကုန်ပေးထားတယ်။ ဟောင်ကောင်မှာ ရန်ပုံငွေရှာဖို့၊ တရုတ်ဖြူလူဟောင်းတွေ စုစည်းဖို့ လွယ်ကူပါတယ်။ ကျိုင်းတုံနယ်မှာတော့ လီကော်ဟွေး က မြန်မာ့တပ်မတော်က တိုက်ခိုက်တာကို ရှောင်ရှားနေရတယ်။ ရည်မှန်းချက် ပမာဏ လျှော့ချထားတဲ့ စစ်ဆင်ရေး စီမံချက်ကို ဟောင်ကောင်ကနေ လီမီက တင်ပြလိုက်တော့ အတော်များများကို စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျို က အတည်ပြုပေးလိုက်တယ်။ တပ်တော် (၈) ပြန်လည်စုဖွဲ့ဖို့ အာဏာကိုတော့ ထပ်ပြီးငြင်းလိုက်ပြန်တယ်။
ယူနန်ပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ တပ်တော် (၂၆) အသစ် ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ လိုအပ်တဲ့ စစ်သည်အင်အားအတွက် လီမီ ဟာ အင်ဒိုချိုင်းနားမှာ အထိန်းသိမ်းခံထားရတဲ့ စစ်သားတွေအပြင် တရုတ်အစိုးရသစ် ကောင်းကောင်း မထိန်းချုပ်နိုင်သေးတဲ့ ယူနန်−မြန်မာ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေကိုပါ ထည့်သွင်းဖို့ မြင်ထားတယ်။ လွီကော်ချွမ်ရဲ့ တပ်တော် အင်အားဖြည့်တင်းဖို့ အင်ဒိုချိုင်းနားမှာ အထိန်းသိမ်းခံထားရတဲ့ တပ်တော် (၂၆) ရဲ့ စစ်သား သုံးထောင်ကို ပြန်လွှတ်ပေးအောင် ထိုင်ပေ က ဆောင်ရွက်ပေးဖို့ လီမီက အဆိုပြုတယ်။ ပြင်သစ်က ထိန်းသိမ်းထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟွမ်ကျယ်ရဲ့ တပ်တော်စုက စစ်သားတွေအပါအဝင် နောက်ထပ် စစ်သား ၂၇,၀၀၀ ကို ရအောင်တောင် မတောင်းပါဘူး။ ဟွမ်ကျယ် က လီမီထက် ပိုပြီး စီနီယာကျတာမို့လို့ တကယ်လို့ ဟွမ်ကျယ် လွတ်လာရင် လီမီနေရာကို အစားထိုးပြီး မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေကို ကွပ်ကဲခိုင်းတာ ဖြစ်လာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြင်သစ်ကတော့ သူ့တို့ထိန်းသိမ်းထားတဲ့ တရုတ်ဖြူစစ်သားတွေ လွှတ်ပေးမှာ မဟုတ်ဘူး။
လီမီ အတွက် စစ်သားရဖို့ သေချာတဲ့နေရာကတော့ နယ်စပ်ဒေသတွေမှာ လှုပ်ရှားနေတုန်းဖြစ်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေ၊ စော်ဘွားတပ်ဖွဲ့တွေ၊ မြင်းဝန်တင်အဖွဲ့တွေကို ကောက်သင်းကောက် သိမ်းသွင်းဖို့ပဲ ဖြစ်ပါတယ်။ ၁၉၅၀ နှစ်ကုန်ပိုင်းမှာ လီမီဟာ ပျောက်ကြားအဖွဲ့ ကိုးဖွဲ့ ဖွဲ့စည်းထားပြီး စုစုပေါင်း အင်အား ၁၂,၅၀၀ ရှိတယ်။ ဒါ့အပြင် နောက်ထပ် အင်အား ၃၄,၀၀၀ ရှိ ပျောက်ကြားအဖွဲ့ ၁၁ ဖွဲ့ ဖွဲ့ဖို့လည်း လုပ်နေတယ်လို့ ပြောတယ်။ ရနိုင်သေးတယ်ဆိုပြီး သူခန့်မှန်းထားတဲ့ ပျောက်ကြား အရေအတွက်နဲ့ အဲဒီလူတွေ အကုန်လုံးကို သူ့တပ်ထဲသွင်းဖို့ဆိုတာ ချဲ့ကားထားတာ ဖြစ်နိုင်ပါတယ်။ ၁၂,၅၀၀ ဆိုတဲ့ အင်အားကတော့ ဖြစ်နိုင်ပြီး ၁၉၅၁ ခုနှစ် ယူနန်ကို သူဝင်တိုက်ခဲ့တဲ့ စစ်သားအင်အားနဲ့ အတော်လေး နီးစပ်ပါတယ်။
သူ့လူတွေက စစ်သားစုဆောင်းရာမှာ အဆင်ပြေနေပေမယ့် လက်နက်တပ်ဆင်ပေးဖို့ လီမီ အကူအညီ လိုနေသေးတယ်။ ၁၉၅၀ မေလကနေ ဇူလိုင်လအထိ ဟောင်ကောင်မှာနေပြီး သူ့စီမံချက်ကို စိတ်ပူနေတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူနဲ့တွေ့တယ်။ တွေ့ပြီး ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုတော့ အသေးစိတ် မသိရဘူး။ ဒါပေမယ့် လီမီ ဟာ ရှူးထိုက် နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ထပ်တွေ့ကောင်း တွေ့နိုင်ပါတယ်။ ကောင်စစ်ဝန်ရုံးနဲ့ တွဲထားတဲ့ စစ်သံမှူးရုံးပုံစံမျိုးနဲ့ဖွင့်ထားတဲ့ အမေရိကန် ကြည်းတပ် ဆက်ဆံရေးရုံးက အရာရှိတွေနဲ့တော့ သေချာပေါက် တွေ့ခဲ့ပါတယ်။ သူနဲ့ အရှေ့တောင်အာရှက သူ့လက်ထောက် သုံးယောက်ဟာ ယူနန်နယ်စပ်ဒေသက ကွန်မြူနစ် ဆန့်ကျင်ရေး တပ်ဖွဲ့တွေကို ထိန်းချုပ်ဖို့ရှိနေပြီး ယူနန်ပြည်နယ် အခြေအနေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေဖို့ လီမီက အမေရိကန်တွေကို ပြောတယ်။
ဟောင်ကောင်ရှိ အမေရိကန် ကြည်းတပ် ဆက်ဆံရေးရုံးက အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်သံမှူးတွေကို လီမီ ကိုယ်တိုင် ဒါမှမဟုတ် လီမီက မိတ်ဆက်ပေးတဲ့ စာကိုင်လာတဲ့ လီမီ့လူတွေ ရောက်လာနိုင်တယ်လို့ အကြောင်းကြားပါတယ်။ ဆိုင်ဂုံက စစ်သံမှူးက အဲဒီလိုမျိုး စာတစောင်ကို အမေရိကန် သံကိုယ်စားလှယ် ဒေါ်နယ် အာရ်၊ ဟိ14 ကို ပြပါတယ်။ ဒါကြောင့် ဟိက အိမ်နီးချင်းနိုင်ငံတွေမှာ ရှိတဲ့ သံတမန်ရုံးတွေကို အကြောင်းကြားပြီး လီမီ သို့မဟုတ် သူ့လူတွေကို လက်ခံတွေ့ရန် လို မလိုကို ဝါရှင်တန်ဆီ မေးပါတယ်။ လီမီနဲ့ သူ့လူတွေနဲ့ ထိတွေ့ဆက်သွယ်ခြင်း မလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တွေအားလုံးကို ညွှန်ကြားတယ်။ တကယ်လို့ ဆက်သွယ်လာရင်လည်း ကျိုင်းတုံနယ်မှာ ရှိနေတဲ့ တပ်တွေ မြန်မာနိုင်ငံမှာ အထိန်းသိမ်းခံဖို့ အမိန့်ပေးရန် ထိုင်ပေကို ဝါရှင်တန်က တိုက်တွန်းကြောင်း၊ ဒီအမိန့်မျိုးကို မြန်မာနိုင်ငံက သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဩဂုတ်လ ၁၄ ရက်နေ့ မတိုင်မီ ထုတ်ပြန်ဖို့ လိုအပ်ကြောင်း ပြန်ရှင်းပြဖို့လည်း ညွှန်ကြားလိုက်တယ်။
အဲဒီအတောတွင်းမှာ သတင်းစာဆရာ တင်းကျုံးချန် ဟာ ဆိုင်ဂုံက အမေရိကန် သံကိုယ်စားလှယ်ရုံးကို ပေါက်ချလာတယ်။ လီမီရဲ့ အင်အား နှစ်သိန်းရှိတဲ့ ပျောက်ကြားတွေကို ထောက်ပံ့ပေးဖို့ ဆွယ်တယ်။ လီမီ ဟာ ဘယ်လောက်စွမ်းဆောင်နိုင်တယ် ဆိုတာကို သူကိုယ်တိုင် သက်သေပြနိုင်မှာသာ “အကြီးအကျယ်” ထောက်ပံ့ပေးသင့်ကြောင်း သံကိုယ်စားလှယ် ဟိ က သူ့အမြင်ကို ဝါရှင်တန်ဆီ တင်ပြတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒင်း အာချေဆန် ကိုယ်တိုင်က ချန်ကေရှိတ် အစိုးရကို သဘောမတွေ့တာကြောင့် ထရူးမင်း အစိုးရ အနေနဲ့ “လီမီရဲ့ အလုပ်မှာ ဝင်ရောက်ပတ်သက်ဖို့ မလိုလားကြောင်း” သတိပေးလိုက်ပါတယ်။ ဒါပေမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ တရုတ်က ကိုးရီးယားစစ်ပွဲမှာ ဝင်ရောက်စွက်ဖက်လာလို့ ဝါရှင်တန် အနေနဲ့ လီမီကို တိုက်ရိုက်ထောက်ပံ့ဖို့ စိတ်ကူးပေါက်လာပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar