မိုးမခအက်ဆေး - လွင်(ဘော်တွင်း) '' ရာခိုင်နှုန်းတွေထဲမှာ ''
'' ရာခိုင်နှုန်းတွေထဲမှာ ''
လွင်(ဘော်တွင်း)
ကိုဗစ် တတိယလှိုင်းကတော့ မြန်မာနိုင်ငံက လူထက်ဝက်လောက် ကူးစက်ခံရပြီး ဖျားကြနာကြတယ်ထင်ပါရဲ့။ ဘယ်မိတ်ဆွေ၊ ဘယ်ဆွေမျိုးကိုပဲ မေးမေး၊ ဖျားနေတယ်၊ ဖျားပြီးပြီ ဆိုတာချည့်ပဲ။ ကိုယ်တိုင်လည်း တမိသားစုလုံး ဖျား၊ ကိုယ့် အိမ်နားနီးချင်းတွေလည်း ဖျား။ သိတဲ့ သူတွေလည်း ဖျား၊ မသိတဲ့ သူတွေလည်းဖျား၊ ဖျားလိုက်ကြတာ ဆိုတာများ။ ပြီးတော့ သေလိုက်ကြတာ။ အိမ်နားလေး၊ လမ်းထဲ၊ ရပ်ကွက်ထဲတင် ဟောတယောက် ဟောတယောက်နဲ့ ရန်ကုန်က သုဿန်တွေမှာ မနိုင်မနင်းတွေတောင် ဖြစ်လိုက်ကြရသေးတာ။ ဘယ်တုန်းကမှ မကြုံဖူးတဲ့အခြေအနေပဲ။
နာလန်ထလာတော့ လူတွေ ဘယ်လောက်များတောင် သေကြရပါလိမ့်လို့ စူးစမ်းချင်လာတယ်။ ဒါနဲ့ ဂူးဂဲ ခေါက်ကြည့်ရတာပဲ။ WHO အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတွေကိုသေစေတဲ့ရောဂါတွေထဲ နံပါတ် ၁ ချိတ်တာ မွေးကင်းစကလေး သေဆုံးမှုဖြစ်နေတာကတော့ ဝမ်းနည်းစရာကောင်းလှတယ်။ နံပါတ် ၂ က အသက်ရှုလမ်းကြောင်း (အောက်ပိုင်း) ပိုးဝင်ခြင်းတဲ့။ (အဆုတ်ပိုးဝင်ခြင်းဆို ပိုမှန်မလား မသိ)။ ကိုဗစ်က နံပါတ် ၂ ထဲမှာ ပါမှာပေါ့။ ဒါနဲ့ပဲ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းကိုထပ်ရှာကြည့်တယ်။ ကပ်ရောဂါအသွင်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ သေနှုန်းအမြင့်ဆုံးတော့မဟုတ်ဘူး။ ၁၉၁၈ ခုနှစ်လောက်ကဖြစ်ခဲ့တဲ့စပိန်တုပ်ကွေးက သေဆုံးနှုန်း ၂.၅ % ရှိသတဲ့။ ဆေးပညာတွေ ခုလောက်မတိုးတက်သေးလို့ဖြစ်မယ်။ COVID-19 ကတော့ ၂.၀၉% တဲ့။
တတိယလှိုင်းကိုဗစ်က ပထမလှိုင်း ဒုတိယလှိုင်းထက် ကူးစက်မှုပိုမြန် ပိုများလို့ ပိုဖြစ်ကြတာလို့ ကောက်ချက်ဆွဲသူကလည်း ရှိသေးတယ်။ အရင်လှိုင်းတွေတုန်းက ပေးရှန့် ဇီးရိုး (Patient Zero) ကိုပါ တွေ့အောင်ရှာခဲ့တာ။ တွေ့သမျှ ကျူခဲ့တာ။ အတူနေမိသားစုတွေကို တခြားထိတွေ့မှုမရှိအောင် ကျူနိုင်ခဲ့တာ။ ဒါတွေကို မေ့လိုက်ကြသူတွေလည်း ရှိရဲ့။ ခုတတိယလှိုင်းက ကူးမှာပေါ့။ ဖြစ်နေပါပြီဆို ကျောင်းတွေက တော်တော်နဲ့မပိတ်။ ATM တွေမှာလည်း လူတွေတိုးကြိတ်နေရ။ ဖျားနေသူရှိတဲ့အိမ်ကလည်း မကျူနိုင်။ ကျူဖို့လည်း ဘယ်သူကမှ မကူညီနိုင်။ နည်းတောင်နည်းသေးတယ်လို့ပြောရမှာ။
ဖျားတော့ဘာဖြစ်လဲ။ တချို့သူတွေအဖို့ ဆယ့်ငါးရက်လောက် ဖျားပြီး ပြီးသွားပေမဲ့ တချို့ကျတော့ အသက်ပါပေးလိုက်ရတာ။ တချို့က အဖျားမကြီးဘဲ ငွေ့ငွေ့ကလေးဆိုတော့ ခပ်ပေါ့ပေါ့ရယ်။ သွားမြဲ၊လာမြဲ၊ လည်မြဲ။ ကိုဗစ်ဟုတ်မဟုတ်ကို အနံ့ပျောက်တာနဲ့ပဲ တိုင်းတာလေ။ ဘယ်သူကမှ တကူးတက စစ်ကြည့်မနေဘူးရယ်။
အောက်စီဂျင် အောက်စီဂျင်ဆိုတာ မျက်နှာစာအုပ်ပေါ်မှာ မမြင်ချင်အဆုံး။ မျက်နှာစာအုပ်ဟာ နာရေးကြော်ငြာ စာမျက်နှာလိုဖြစ်သွားတဲ့ ကာလတခုတောင် ရှိသွားသေးတယ်။ ကွယ်လွန်လိုက်ကြတာဆိုတာ။ ပြည်သူတွေမှာတော့ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုပြီး ကိုယ့်ဘာသာ ထူကြရ။ ထကြရ။ မကြာသေးတဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်းကို ပြန်တွေးပြီး မေတ္တာတရားကို ပြန်တမ်းတကြရ။ ကိုယ်တွေဟာ မေတ္တာနဲ့ မထိုက်တန်သူတွေလား။
ဒီတခေါက် တတိယလှိုင်းမှာ မြန်မာနိုင်ငံအတွင်း သေဆုံးနှုန်းက VOA သတင်းတွေထဲမှာ တွေ့တာ ၂. ၆၄ % လောက်ရှိသတဲ့။ ဂျွန်ဟော့ကင်းတက္ကသိုလ်က ဝက်ဆိုက်ထဲဝင်ကြည့်တော့ နောက်ဆုံးတင်ထားတဲ့ ဂဏန်းတွေမှာ ၃.၈ % လောက် သေဆုံးနေပါရောလား။ ပိုးတွေ့- ၄၀၆၀၉၉၊ ကွယ်လွန်- ၁၅၆၀၀ (https://coronavirus.jhu.edu/data/mortality) ဆိုသကိုး။ တရာမှာ လေးယောက် နီးနီး သေဆုံးတာပေါ့။ ဒီနိုင်ငံမှာလေ။
ကိုယ်လည်း ကာကွယ်တာပဲ။ ပထမလှိုင်းကတည်းက နှာခေါင်းစည်းမပါဘဲ အပြင်ထွက်တယ်ဆိုတာ မရှိဘူး။ ဆေးလိုက်ရတဲ့ လက်။ လဲလိုက်ရတဲ့ အဝတ်။ ဖြန်းလိုက်ရတဲ့ ဆေး။ လက်နဲ့ထိတာတွေ အရက်ပျံနဲ့ သုတ်ရတာလဲ အမော။ ဒါပေမဲ့ ကူးပြီးဖျားပြီဆိုတော့ ဖျားပြီပေါ့။ သီးသန့်နေဖို့ကြိုးစားပေမဲ့ ဘယ်လိုလုပ်မလဲ။ လူ ရယောက်ရှိတဲ့ ကိုယ်တို့အိမ်ဟာ တယောက်နဲ့တယောက် လွတ်အောင်တောင် မနည်းရှောင်နေရတာ။ မကြာပါဘူး။ တပတ်လောက်နေတော့ တအိမ်လုံးဖျားရော။
ကိုယ်စဖျားပြီဆိုတာ သိလိုက်တာနဲ့ အောက်စီဂျင်ရော၊ ဆေးဝါးရော စီစဉ်တော့တာ။ ဘိုင်အိုဂျက်ဆစ်က တတိယလှိုင်းအသံ သဲ့သဲ့ကြားကတည်းက တကဒ်ဝယ်လိုက်၊ သုံးကဒ်ဝယ်လိုက်နဲ့ ကြုံတိုင်းဝယ်ထားလို့ အိမ်မှာဆယ်ကဒ်လောက် ရှိရဲ့။ (အလုံး ၁၀၀ ဆိုပါတော့)။ နောက်တော့ လိုင်းပေါ်မှာ ပါရာစီတမော ရောင်းတာတွေ့လို့ အလုံးတရာပါ တဗူးဝယ်လိုက်သေးတယ်။ တအိမ်လုံးဖျားတာဆိုတော့ အကုန် ကုန်တာပါပဲ။ သောက်လိုက်ရတဲ့ ပါရာစီတမောဆိုတာ။ ဓါတ်ဆားထုတ်ကတော့ အထုတ် ၂၀ လောက်ရှိတာ။ ကိုယ်သောက်တာနဲ့ ကုန်ရော။ ဒါနဲ့ လိုင်းပေါ်ကနေထပ်ဝယ်တယ်။ နောက် ဖြစ်ကာမှ ဝယ်ရတဲ့ဆေးတွေဆိုတာ သောက်သောက်လဲ။ ဝယ်လို့ရတာကိုတော်သေးတယ်လို့ယူဆရတဲ့ဘဝ။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဝိုင်းကူညီကြလို့အဆင်ပြေသွားတယ်။ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားထက် ပိုပြီးကျေးဇူးတင်မိတယ်။
တကယ်တော့ ဘယ်သူသိနိုင်မှာလဲ။ ဟိုးတုန်းကရေးဖူးတဲ့ အများအပြားပေါက်ဖွားတတ်တာတွေကို လျော့ချပေးတတ်တဲ့ ဂေဟ စနစ် ဆိုတာကို ပြန်တွေးမိတယ်။ ဒီလိုကပ်ရောဂါမျိုးနဲ့ တတိတိလျော့ချတာမျိုးကြတော့ ဂေဟစနစ်ကြီးက ရက်စက်ရာမကျဘူးလား။ လူလုပ်ဘေးအန္တရာယ်ကြောင့် တတိတိလျော့ကျရတာမျိုးဆိုရင် ပိုပြီးတော့ ရက်စက်တာပေါ့။ ကပ်ရောဂါကြောင့်သေကြရတာရယ်၊ လူလုပ်ဘေးအန္တရာယ်ကြောင့် သေကြရတာရယ် ပေါင်းလိုက်ရင် မြန်မာနိုင်ငံရဲ့သေဆုံးနှုန်းဟာ ကြောက်ခမန်းလိလိဖြစ်နေမှာပဲ။ ဒီရာခိုင်နှုန်းတွေထဲမှာ ကိုယ်တွေက ဘယ်နားမှာလဲ။
ဟိုးတုန်းက ကျန်းမာရေးပညာပေးအစီအစဉ်တခုမှာ လေးစားရတဲ့ အကိုတစ်ယောက် ပြောတဲ့ပုံပြင်ကို သတိရမိတယ်။ သူက သင်တန်းလာရောက်သူတွေကို ပင်လယ်ပြင်အပျော်ခရီးထွက်မဲ့အကြောင်း၊ လှေအစီးတရာ ရှိတာမို့ အုပ်စုလေးတွေခွဲပြီး လှေပေါ်တက်ကြရမဲ့အကြောင်း၊ စိတ်ကူးထဲမှာ ကိုယ့်အုပ်စုနဲ့ ကိုယ် လှေပေါ်တက်ကြရတာပေါ့လေ။ ပြီးတော့ ပင်လယ်အပျော်ခရီးထွက်ခဲ့ကြတာပေါ့။ သူက သာယာကြည်နူးစရာလေးတွေပြောသေးတာ။ ပင်လယ်လေညင်း၊ စင်ရော်ငှက်၊ ကောင်းကင်ပြာ၊ စသဖြင့်ပေါ့။ ပြီးတော့မှ ရုတ်တရက်မုန် တိုင်းကျပါရော။ လှေ ၉၉ စင်းမြုပ်ပြီး တစီးသာ လွတ်မြောက်သတဲ့။ ကိုင်း၊ ခင်ဗျားဘယ်လှေပေါ်မှာလဲလို့ မေးခွန်းထုတ်လိုက်တော့ နားထောင်နေတဲ့သင်တန်းသားတွေမှာ ဟာခနဲဟင်ခနဲပေါ့။ အားလုံးက ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်တဲ့လှေပေါ်မှာ လို့ ထင်ချင်ကြတာ။ အဲသလိုပေါ့လေ။
၃.၈ ဆိုတဲ့ရာခိုင်နှုန်းထဲမှာ ကိုယ့်ဖခင်သဖွယ် ချစ်ခင်လေးစားရတဲ့ ဦးလေး ပါသွားပါတယ်။ နောက်၊ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ပြီးတော့ လေးစားရတဲ့အနုပညာရှင်တွေ ပါသွားပါတယ်။ တကယ်တမ်းတော့ ရာခိုင်နှုန်းက အဲဒီထက် မကလောက်ဘူး။ ရပ်ကွက်ထဲမှာတင်ကို နည်းနည်းနောနောမှ မဟုတ်ဘဲ။ အသက်ကြီးသူတွေတင်မက တချို့သက်လတ်ပိုင်းတွေပါ ပါသွားကြတာကိုး။ တချို့ဆို တအိမ်ထဲ နှစ်ယောက်သုံးယောက်လောက်ကို ဆုံးရှုံးလိုက်ကြရတာ။ မျက်ရည်ကျရတာလဲ အခါခါ။ ကြောက်လိုက်တာလဲ ပြောမနေပါနဲ့တော့။
ဖြစ်ပြီဆို ဆေးရုံသွားစရာလည်းမရှိ။ ပုဂ္ဂလိက ဆေးရုံတွေကလည်း လက်မခံ။ ကိုဗစ်မှန်းသိနေတော့ အပြင်ဘက် လူတွေကြားထဲလည်း မသွားချင်ဘူး။ တခြားသူတွေကူးမှာစိုးလို့ပါ။ တချို့ဆေးခန်းတွေကတော့ ဖွင့်ပါတယ်။ တုံကင်ယူရတယ်လို့ ကြားရတယ်။ တကယ်အောက်စီဂျင်ကျပြီး အပြင်မထွက်နိုင်တော့ ဘယ်ဆရာဝန်၊ ဘယ်သူနာပြုမှ မရှိဘဲ ကိုယ့်မိသားစုပဲ တတ်သမျှ မှတ်သမျှ ကျဲကြရတော့တာ။ အယ်လ်ဂျာဇီးယားက သတင်းဆောင်းပါးထဲမှာပါသလို တကယ့် hopeless and helpless ပဲ။ ကူကယ်ရာမဲ့ ဘဝတွေ။
အောက်စီဂျင်အတွက် ပရဟိတအဖွဲ့တွေက နေ့မနား ညမအား၊ မကြောက်မရွံ့ လုံးပန်းပေးကြလို့ အထိုက် အလျောက်အဆင်ပြေရတော့ ကျေးဇူးအထပ်ထပ် တင်မိတယ်။ မကြောက်မရွံ့ဆိုတာ သူတို့တွေ ရောဂါကိုလည်း မကြောက်ဘူး။ လက်နက်ပြပြီး အနိုင်ကျင့် ခြိမ်းခြောက်နေတဲ့ သူတွေကိုလည်း မကြောက်ဘူး။ လုပ်စရာရှိတာ ရအောင်လုပ်ပေးကြတာ။ တကယ်လေးစားမိပါတယ်။ လိုင်းပေါ်ကနေ ဆွေးနွေးအကြံပေးကြတဲ့ဆရာဝန်တွေကိုလည်း ကျေးဇူးတင်လှတယ်။ နို့မို့ ဒီတိုင်းစင်းစင်းကြီးအသေခံရုံပဲရှိတော့တာ။ စေတနာ့ဝန်ထမ်း ဆေးဝယ်ပေးတဲ့ကလေးတွေလည်း ကျေးဇူးတင်ရပါရဲ့။ ဖုန်းဆက်ပြီး လိုအပ်တာလေးတွေဝယ်ခိုင်းရင် ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျနဲ့ရအောင် လုပ်ပေးရှာတယ်။ ဘယ်သူဘယ်ဝါမှန်းတောင် မသိဘူးရယ်။ ကျေးဇူးဆပ်ချင်တာတောင် ဘယ်လိုဆပ်ရမှန်းမသိဘူး။
မိဘတွေအတွက် စိတ်ပူနေပေမဲ့ တကယ်တမ်း သူတို့ဖျားတော့ ကိုယ်က အောက်စီဂျင်ကျလို့ ပိုက်တန်းလန်းနဲ့ မှောက်ရက်နေရတဲ့အချိန်။ ဟောဟဲလိုက်ပြီး စကားတောင် မနည်းပြောနေရတဲ့အချိန်။ မိဘတွေများ အပြင်း အထန်ဖြစ်ခဲ့ရင် ကိုယ်ဘာမှလုပ်ပေးနိုင်မယ်မဟုတ်ဘူး။ ၂ ရာခိုင်နှုန်းပဲ ဖြစ်ဖြစ်၊ ၃ ရာခိုင်နှုန်းပဲဖြစ်ဖြစ် ဒီရာခိုင် နှုန်းထဲမှာ ကိုယ်တို့ အိမ်ကလည်း ပါသွားနိုင်တာပဲ။ ကိုယ်ကိုယ်တိုင်လဲ ပါသွားနိုင်တာပဲ။ ဒါပေမဲ့ ကံကြမ္မာကအဆန်းသား။ လေဖြတ်ထားဖူးတဲ့အဖေက သုံးရက်လောက်ဖျားပြီး ပြန်ကောင်းသွားလို့ အံ့ဩရတယ်။ အမေက ရက်ကြာရှည်ဖျားပေမဲ့ တရက်လောက်ပဲ အောက်စီဂျင်ကျတယ်။ ကိုယ်က အခုထိမကောင်းသေး။ မောတုန်း။ ဘာမှသိပ်မလုပ်နိုင်သေး။ ကျန်တဲ့သူတွေ အကုန်ကောင်းနေပြီ။
တရားရသလားဆိုတော့ မရပါဘူး။ အသည်းအသန်ဖြစ်နေတုန်းကတော့ ရသလိုလိုရှိသား။ ခုနေ သေသွားခဲ့ရင် ဆိုတာမျိုးခဏခဏတွေးမိတာကိုး။ ခုတော့ တောင်ကို ကျော်နိုင်ခဲ့ပြီမို့ သေသွားခဲ့ရင်ဆိုတဲ့ အတွေးတွေကို မေ့စပြုပြီ။ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အသက်ကိုမနည်းရှူနေရတုန်းက တရားမှတ်တဲ့အလုပ်ကို လုပ်မှဖြစ်မယ်ဆိုတာလဲ ခုတော့ သတိမရပါဘူး။ မျက်နှာစာအုပ်မှာလည်း နာရေးသတင်းတွေ လျော့စပြုပြီဆိုတော့ ကိုယ်ဟာ ရာခိုင်နှုန်းတွေကိုပါ မတွေးတော့ဘူးလေ။
တကယ်တော့ ဒီကိုဗစ်တတိယလှိုင်းရဲ့ ရာခိုင်နှုန်းမှာ မပါသေးဘူးဆိုလည်း တခြားရာခိုင်နှုန်းတခုခုမှာတော့ ပါသွားမှာပဲ။ မွေးကတည်းကသေမဲ့ရက်ကို တလှမ်းချင်းလှမ်းလာခဲ့တာပဲမဟုတ်လား။ နံပါတ် ၁ အကြောင်း ရင်းဖြစ်တဲ့ မွေးကင်းစမှာ မသေခဲ့လေတော့ ဘယ်နံပါတ်နဲ့ သေမလဲ ဆိုတာ ရင်ဆိုင်ရဦးမှာပေါ့။ အသက်ဉာဏ်စောင့် ဆိုတဲ့စကားလေးကိုးကားပြီး ရှောင်နိုင်သမျှတော့ ရှောင်ဖို့ ကြိုးစားမှာပေါ့။ ကိုယ့်ကိုယ်ကိုယ်တော့ လွတ် မြောက်လာတဲ့တစီးတည်းသော လှေပေါ်မှာ လိုက်ပါခဲ့တယ်လို့ပဲတွေးတာကိုး။
လွင်(ဘော်တွင်း)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar