Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် "မောင်သင်းခိုင်နဲ့ ဘိုင်အိုမင်းသစ်"

Photo- Crd
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၂၊ ၂၀၂၁

"မောင်သင်းခိုင်နဲ့ ဘိုင်အိုမင်းသစ်"
ဝင်းမင်းခိုင်

"ဘိုင်အိုမင်းသစ်က စစ်ကိုင်းသားကွ ရှော့စတိုရီလေးတွေကောင်းတယ် မင်းလည်းဖတ်ဖူးသားပဲ"

"ဟုတ်တယ်အကိုကြီး ကျနော်ဖတ်ရတယ်လေ"

ကျနော်ကဗျာ စရေးကတည်းက အကိုကြီးမောင်သင်းခိုင်ရန်ကုန်သွားဖြစ်ရင်ခေါ်သွားတတ်ပါတယ်၊ တခါတလေမောင်လေးမွန်ပါတတ်ပြီး တခါတလေ ဇော်ပျဉ်းမနား မောင်ခိုင်မာတို့လည်း ပါတတ်တယ်။
ကဗျာဆရာနေသွေးနီက ကျနော်တို့ကိုတွေ့ရင် "ပျဉ်းမနားကဗော်ရှီဗစ်တွေလာပြီဟေ့ " လို့အော်ပြီးနှုတ်ဆက်တတ်ပါတယ်။ နောက်ပိုင်း သူငါးဆူတောင်ကိုပြောင်းသွားတော့လည်း ကျနော်တို့ သူ့ဆီအရောက်သွားကြတယ်၊ ချွေးသံတလုံးလုံးနဲ့တရားထိုင်နေတုန်းကျနော်တို့ရောက်သွားရင် ကျနော်တို့ကိုအားနာလို့ထင်ပါရဲ့ ထလာတတ်ပါတယ်။ ကဗျာအကြောင်း စာအကြောင်းရှေးဟောင်းနှောင်းဖြစ်တွေပြောပြီးပြန်ကြတာပါပဲ။ အကိုကြီးမောင်သင်းခိုင်ရဲ့လက်ရေးက သူ့ဆီက တုရေးတာပါ အားအလွန်ကောင်းပါတယ်။

လမ်းသင့်ရင်သင့်သလို ကိုအောင်ဇင်မင်းကိုဝင်ခေါ်ပြီး ဒေါင်းနွယ်ဆွေဆီလဲရောက်တတ်ပါတယ်။ အဲဒီတုန်းက ကဗျာဆရာ၊ စာရေးဆရာတွေ၊ အနုပညာသမားတွေက အနော်ရထာလမ်းပေါ်က ရွှေကြည်အေးလက်ဖက်ရည်ဆိုင်မှာထိုင်ကြပါတယ်။ ကိုအောင်ချိမ့်နဲ့ ကိုမုတ်သုန်တို့က ဆူးလေနဲ့ ဗိုလ်ချုပ်လမ်းထောင့် အခုထရိတ်ဒါးဟိုတယ်နားက "ရွှေလမင်း" လက်ဖက်ရည်ဆိုင်ထင်ပါရဲ့.. အဲဒီဆိုင်မှာထိုင်ကြတယ်။ သူတို့နဲ့စကားပြောချင်ရင် အဲဒီဆိုင်ကိုသွားရတယ်။

ကိုမင်းသစ်တို့၊ ဆရာမောင်သာနိုးတို့လည်း ဆူးလေအနားတဝိုက်မှာ ကျူရှင်ဖွင့်ကြတာမို့ အကိုကြီးရောက်မှန်းသိရင် စာသင်ပြီးတာနဲ့ ကိုမင်းသစ်က လိုက်လာတတ်ပါတယ်။
သုခလမ်းအဆုံး ညာဖက်ကိုကွေ့လိုက်ရင် ခြံအကျယ်ကြီးတခြံရှိပါတယ်။ အဲဒီခြံကျယ်ကြီးထဲမှာ ဘိုင်အိုမင်းသစ် ကိုယ်ပိုင်ကျောင်းဖွင့်တော့ ကချင်ပြည်နယ်က ကျောက်သူဌေးသား‌တွေ၊ ပိုက်ဆံကိုငုတ်ရိုက်ပြီး‌ရေတယ်ဆိုတဲ့သူ‌တွေ၊ ငါးပိငါးခြောက်ကုန်သည်တွေ၊ မော်တော်စက်လှေပိုင်ရှင်လူချမ်းသာ သားသမီးတွေ ကျောင်းအိပ်ကျောင်းစားလာတက်ကြတာ ကျောင်းသားတော်တော်များပါတယ်။
ကိုမင်းသစ်တို့မိသားစုအတွက်နေစရာတခုကျောင်းသားအဆောင်တခု၊ ကျောင်းသူအဆောင်တခု၊ အကိုကြီး‌မောင်သင်းခိုင်တို့အပါဝင် ကဗျာဆရာ၊ စာရေးဆရာ ပန်းချီဆရာတွေနေဖို့ကတခု အဆောင်တွေအများကြီးဆောက်ပြီး ကျွေးမွေးထားပါတယ်။

ဆရာမကြီးဒေါ်ခင်ဆွေဦး၊ ရာသက်ပန်(တောင်ငူ‌ဆောင်)၊ ခက်မာ(RFA)၊ စုထား၊ မောင်သင်းခိုင်၊ ဖုန်းမြင့်မန္တလေး၊ ကိုဒြပ်၊ ဟင်္သတမောင်နွယ်ထွဋ်၊ ပြည်က ကိုခင်‌မောင်လွင်၊ ပန်းချီကိုလေးအောင်၊ ၈၈ အ‌ရေးခင်းအပြီး‌ ရှောင်တိမ်းလာကြတဲ့ပုဂ္ဂိုတချို့၊‌ ဒေါ်ခင်‌ဆွေဦးရဲ့စပယ်ဖြူမဂ္ဂဇင်းကို ကိုမင်းသစ်ဆက်ထုတ်နေတာဆိုတော့ မဂ္ဂဇင်းအဖွဲ့သားတွေပါပေါင်းလိုက်ရင် ထမင်းစားချိန်ဆို အလှုကြီးပေးနေတဲ့အတိုင်းပါ။

တလတခါရောက်တတ်တဲ့ကျနော့်ကို သူ့ဆီမှာပဲနေခိုင်းသလို ကဗျာဆရာပြေမြင့်လဲမကြာခဏေ ရာက်လာတတ်ပါသေးတယ်။
နောက်ထပ်ရောက်လာတတ်တဲ့မျက်လုံးတစုံရှိပါသေးတယ်။ အေးမြတဲ့အကြည့်မျိုးတော့ အဲဒီမျက်လုံးတွေထဲ မတွေ့ရပါဘူး။
အကိုကြီးမောင်စိမ်းနီရဲ့သား လူထွန်းဆိုတဲ့နာမည်နဲ့ရုပ်ရှင်လာရိုက်တာလည်း သူ့ခြံထဲမှာကြုံခဲ့ရတယ်။

တနှစ်တနှစ်ကို ဘိုင်အိုမင်းသစ်ရတဲ့ပိုက်ဆံမနည်းပါဘူး။ ဘိုင်အိုမင်းသစ်ရတဲ့ငွေဟာ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ရုပ်ရှင်ပိုးကလေးရှိပြီး မာ့စ်ဝါဒကိုချစ်တဲ့ မာ့တ်စ်ဝါဒသမားစစ်စစ်လို့ သူ့ကိုယ်သူကြွေးကြော်တတ်တဲ့ကိုမင်းသစ်လက်ထဲမှာ စုမိဆောင်းမိမရှိလောက်ဖူးလို့ ထင်ပါတယ်။

ကားကိုဂျပန်ကားမစီးချင်ဘူး၊ ဥရောပကားကပိုဇိမ်ရှိတယ်လို့ပြောတတ်ပြီး သူ့ခြံထဲမှ ာအိမ်စီးကား၂ စီးကိုလည်းတွေ့မိပါတယ်။ မှတ်မှတ်ရရ ကျနော်ရုံးချုပ်ကိုလစာသွားထုတ်တော့ ကားအနီလေးတစီးနဲ့လိုက်ပို့ဖူးပါတယ်။
သူ့ဆီလာတက်တဲ့ကလေးတွေ ပိုက်ဆံဘယ်လောက်ပေါသလဲဆိုတော့ ဈေးဝယ်ဖို့မြို့ထဲကဆိုင်တွေကိုသွားရင် တရွက်ချင်းမကိုင်တတ် မရေတတ်လို့ နောက်ကလိုက်ထိမ်းပေးရတဲ့ ကိုလှထူးစံက သူတို့ထုတ်ပေးတဲ့အထပ်လိုက်ကို တဆင့်ပြန်ရေပေးရပါတယ်။
ကိုမင်းသစ်နဲ့သူ့ဇနီးမရှယ်လီသဘောကောင်းပုံ လူတွေကိုချစ်တတ်ပုံကလည်း ညီလှပါတယ်။
ကဗျာဆရာတွေအပါဝင် အနုပညာသမား၊ နိုင်ငံရေးသမားတွေကို နေစရာပေး ကျွေးမွေးနေရုံတင်မကဘူး၊ နေညိုလို့ ‌လေပြိုရင်လဲထုတ်ပေး၊ နေမကောင်းရင်ဆေးကုပေး၊ မြို့ထဲသွားရင် ခရီးစရိတ်ထုတ်ပေးနဲ့ သူတို့မွေးထားတဲ့ကလေးတွေကိုစောင့်ရှောက်သလိုစောင့်ရှောက်တတ်ပါတယ်။

ကျနော်လစာထုတ်ပြီးအပြန်တခေါက်က ကျနော်ပြန်ဖို့ပြင်နေတုန်း မရှယ်လီက ကြွတ်ကြွတ်အိပ်နဲ့အထုပ်ကြီးတထုပ်လာပေးပါတယ်။
ကိုဝင်းမင်းခိုင်၊ ခင်ဗျားအမျိုးသမီးသင်တန်းတက်နေတယ်ဆိုတော့ ကလေး၂ ယောက်နဲ့ချက်ပြုတ်မနေရအောင် ငါးကြင်းတွေအကွင်းလိုက်လှီးပြီး ကြော်ပေးလိုက်တယ် ယူသွားပါအုံး၊ တန်းစားရုံပဲဆိုပြီးပေးလိုက်ပါတယ်။
ခရီးသွားရင်းကြို့ပင်ကောက်ကိုဝင်လာတော့ ကျနော့်အမျိုးသမီးနဲ့တေဖူးချင်လို့ဆိုပြီး ကျောင်းဆင်းချိန်သွားကြို စကားတွေပြော စားသောက်ပြီးပြန်သွားကြပါတယ်၊ ညအိပ်ခိုင်းတာ ကလေးတွေစိတ်မချလို့အိပ်မသွားကြပါဘူး။

ကျနော့်အမျိုးသမီးကတော့ အသားလတ်လတ်သပ်သပ်ရပ်ရပ်နေတတ်ပြီး ခင်မင်လွယ်တဲ့ကိုမင်းသစ်ကို ရုပ်ရှင်မင်းသားကြည်စိုးလိုပုံမျိုးလို့ မှတ်ချက်ချပါတယ်။
ကျနော်စိတ်မကောင်းတာက ကုလသမဂ္ဂအကူညီတွေပြန်ရုပ်သွားတော့ စစ်အစိုးရလက်ထဲမှာ ကျနော်အလုပ်မလုပ်ချင်တာနဲ့အလုပ်ကထွက်ပစ်လိုက်တဲ့နောက်ပိုင်း ကိုမင်းသစ်တို့ဆီ မရောက်ဖြစ်တော့ဘူး။ သတိရလို့အကိုကြီးမောင်သင်းခိုင်ကိုမေးတော့ မေမြို့ပြောင်းသွားသလိုလိုကြားမိတယ်၊ ရန်ကုန်စာ‌ပေအသိုင်းဝိုင်းကကြုံတဲ့သူမေးကြည့်တော့လဲ ဘယ်မှာရှိတယ်ဆိုတာမသိရဘူး။
ဒီလိုနဲ့ပြီးခဲ့တဲ့နှစ်က ကိုမင်းသစ်ကွယ်လွန်တဲ့သတင်းကြားရတယ်၊ သူဆုံးပြီးတော်တော်ကြာမှ သိရတာပါ။
အကိုကြီးမောင်သင်းခိုင်နဲ့ကိုမင်းသစ်က ၁၉၇၀  လောက်ကထဲကတွဲလာကြတာပါ။
သူတို့မိသားစုနေထိုင်ခဲ့တဲ့ခြံကျယ်ကြီးဟာ တချိန်က မေတ္တာရွာလေးတရွာဖြစ်ခဲ့တယ်ဆိုတာ မောင်သင်းခိုင်လည်း ဝမ်းပန်းတသာလက်ခံလိမ့်မယ်ထင်ပါတယ်။

ချစ်တဲ့
ဝင်းမင်းခိုင်
၃၀.၈.၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar