Breaking News

မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၄)



မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၄)
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၁

၆။ ဝသပ ခေါ်  UWSP နှင့်ပတ်သက်သည့်ပြသနာ 
Legal Aid Network က AA အပစ်ရပ်ခြင်းနှင့်တွဲ၍ သုံးသပ်ထားသည့် ပြသနာတခုမှာ ဝသပ ဟု ရည်ညွှန်းသည့် UWSP/UWSA နှင့် ပတ်သက်သည့်အမြင်ဖြစ်သည်။ သူတို့၏သုံးသပ်ချက်မှာ UWSP သည် ၁၉၈၉ ခုနှစ် အပစ်ရပ်ပြီးနောက် ၎င်း၏အကျိုးစီးပွါးတခုတည်းကိုဆုပ် ကိုင်ပြီး တပ်မတော်နှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေခဲ့သည်။ ပြည်တွင်းရှိဖိနှိပ်မှုများကို မျက်ကွယ်ပြုထားသည်ဟု ဆိုပါသည်။ 

ဤအချက်နှင့်ပတ်သက်၍ ချဉ်းကပ်ကြည့်မြင်ရန် ဦးစွာအားဖြင့် ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီအား ဝ တို့ အာဏာမသိမ်းမှီ ဖြစ်ပေါ် လာသော ဝ တိုင်းရင်းသားတို့၏ စိတ်ခံစားချက်နှင့် အခြေအနေကို ဦးစွာသဘောပေါက်ရန်လိုပါသည်။ ပထမအချက်မှာ စစ်ပမ်းခြင်းစ်သည်။ ဝ ဒေသတွင်း ကွန်မြူနစ်ပါတီအခြေချပြီး အနှစ် ၂၀ ခန့် စစ်ပွဲဖြစ်ပွါးချိန်အတွင်း ဝ တိုင်းရင်းသားများသည် စစ်ပွဲအတွင်း ပါဝင်ခဲ့ကြသည်။ စစ်ပွဲကာလကြာရှည်လာသောအခါ ဝ ဒေသရှိရွာတိုင်းတွင် ကျဆုံးသည့်ရဲဘော်အိမ်ထောင်မရှိသည့်ရွာမရှိတော့ ။ ထို့ပြင် ဏ်ရာရ ဒုက္ခိတဖြစ်သည့် ရဲ ဘော်များမရှိသည့်ရွာမရှိတော့။ ထို့ပြင် စစ်ပွဲကာလအတွင်း နှစ်စဉ် အောက်တိုဘာလမှဧပြီလအထိ ပွင့်လင်းရာသီတွင် ရွာတိုင်းမှ အရပ်သားများသည် ရှေ့တန်းသို့လိုက်၍ ရိက္ခာ၊ ကျည်ဆံပို့၊ လူနာသယ်ရန် သွားကြရသည်။ စစ်ပွဲဖြစ်ပွါးရာအရပ်ရှိရွာများ ပျက်စီကြရသည်။ ဤစစ်ပွဲဒဏ်ကို အနှစ် ၂၀ ခန့် ခံလာရသောအခါ စစ်ပမ်းလာပြီး ငြိမ်းချမ်းသော အခြေအနေတရပ်ကို လိုလားလာကြသည်ကို‌တွေ့လာရသည်။ 

ဒုတိယအချက်မှာ ကွန်မြူနစ်ပါတီသည် ဝ ဒေသလွတ်မြောက်ပြီးနောက် အထူးသဖြင့် ၁၉၇၅ နောက် ပြည်မဒေသသို့ ထိုး‌ဖေါက်ရန်ပြင်ဆင်ပြီးတိုးချဲ့ရေးများပြုလုပ်ခဲ့သည်။ တပ်ဖွဲ့တွင် အဓိကပါဝင်သည်က ဝ ရဲဘော်များဖြစ်သည်။ ဝ နယ်မှ ထွက်ခွာ၍ ရှေ့တိုးချဲ့‌ရေးကာလ ရှည်ကြာလာသည်နှင့် တပ်လည်းပင်ပမ်းလာသည်။ အကျအဆုံးလည်းရှိလာသည်။ ထိုသို့သော အခြေအနေအောက် ဝ ရဲဘော်များကြားတွင် မေးခွန်းပေါ်လာသည်။ ထိုမေးခွန်းမှာ " ငါတို့ ဗမာတွေအတွက် ဘာကြောင့် အသေခံတိုက်ဖို့လိုလဲ" ဟူသည့်မေးခွန်းဖြစ်သည်။ ဤမေးခွန်းသည် ခွဲထွက်လိုသည့် ဝ ခေါင်းဆောင်များက စည်းရုံးလှုံ့ဆော်သည့်စကားမဟုတ်ပါ။ ၁၉၈၁ ခုနှစ်ကွန်မြူနစ်ပါတီ၏ရှေ့တိုးချဲ့ရေးကာလ အကျအဆုံးများ၊ ဒုက္ခသုက္ခများကြုံရပြီးနောက် အသက် ၁၈/၁၉ နှစ်အရွယ် ဝ ရဲဘော်များတွင် ပေါ်လာသည့် မေးခွန်းဖြစ်သည်။ ဤသို့ကြည့်မြင်လာခြင်းသည် သေနင်္ဂဗျူဟာအမြင်ချို့တဲ့သည်ဟု အပစ်တင်၍ ရကောင်းပါသည်။ သို့သော် သူ့ဒေသ ၊ သူ့လူမျိုးအပေါ် အခြေခံစဉ်းစားသည်ကိုတော့ ပစ်ပယ်၍မရပေ။ ဝ တိုင်း ရင်းသားတို့၏ ပုန်ကန်မှုသည် ဤခံစားမှုများ စုပုံလာသည့် နောက်ပိုင်းမှဖြစ်လာခြင်းဖြစ်သည်။ထိုအကျိုးဆက်များဖြစ်‌ပေါ်သည့်နောက်ပိုင်း နှစ်တချို့ကြာသောအခါ ဝ တိုင်းရင်းသားများ ခွဲထွက်ကြခြင်းဖြစ်သည်။ 

ဤအချက်မှတွေ့ရသည်မှာ သူတို့အနေနှင့်သူတို့ဒေသတွင် ငြိမ်းချမ်းစွာနေလိုသကဲ့သို့ သူတို့ဒေသအကျိုးစီးပွါးကိုသာ ရှေ့ရှုမည်ဟုခံယူသည်ကိုတွေ့မြင်နိုင်သည်။ လက်တွေ့ကျသည့်အမြင်ဖြစ်သည်။ တိုင်းရင်းသားပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ မိမိတိုင်းရင်းသားလူ မျိုးနှင့် ဒေသအား ကိုယ်စားပြုဖွဲ့စည်းထားကြခြင်းဖြစ်သည်။ တပြည်လုံးအားကိုယ်စားပြု ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ တပြည်လုံးအား ကိုယ်စားပြုရန်သော်၎င်း၊ တပြည်လုံးအား ပြောင်းလဲအုပ်ချုပ်ရန်သော်၎င်း ဆန္ဒမရှိပေ။ ထို့ပြင် တပြည်လုံးနှင့်ပတ်သက်၍ တာဝန်ရှိသည်ဟုလည်း မခံယူပေ။ ပြည်ထောင်စုကြီးအတွက်အားလုံးမှာတာဝန်ရှိသည်။ ပြည်ထောင်စုကြီးအတွက်အားလုံးဝိုင်းဝန်းကြိုးပမ်းရမည်ဆိုသည့် "ပြည်ထောင်စု" အမြင် ဆိုသည်ကို သူတို့မယုံကြသည်ကို သတိပြုရန်လိုသည်။ တဖက်တွင်လည်း တိုင်းရင်းသားအဖွဲ့အစည်းဆိုသည်မှာ သူတို့တိုင်းရင်းသားလူမျိုးထောက်ခံမှုဖြင့်ရပ်တည်ကြခြင်းဖြစ်သည်။ ပြည်ထောင်စုကို ကိုယ်စားပြုသည့် ထောက်ခံမှုရကြသူများမဟုတ်ပေ။ ရပ်ခံချင်တောင်မှ ရပ်ခံရန် မဖြစ်နိုင်ပေ။ 

တဖက်ကကြည့်လျင် ဤအမြင်သည် ကျဉ်းမြောင်းသည်ဟု စွပ်စွဲနိုင် သည်။ Legal Aid Network ကတော့ ဤသို့ကျင့်သုံးခြင်းသည် အစစ် အမှန် တရားဝင်သည့်အုပ်ချုပ်ရေးမရဟုဆိုသည်။ တပ်၏အခြားပြည်သူများအပေါ်ဖိနှိပ်မှုအား မျက်ကွယ်ပြုနေသည်ဟုဆိုသည်။ ဝ တို့အနေနှင့် သူဒေသသည် ဥပဒေအရ တရားမဝင်ဆိုသည်ကို ကောင်းစွာသိသည်။ ဝ တို့သည် လက်ရှိအခြေအနေကို လက်နက်ကိုင်အင်အားနှင့်တည်ဆောက်ထားခြင်းဖြစ်သည်။ လက်ရှိအခြေအနေကို လက်နက်ကိုင်အင်အားနှင့်သာ ကာကွယ်ရမည်ကို ကောင်းစွာသိကြသည်။ ဤအခြေအနေကို အစိုးရနှင့်ဆွေးနွေးဖြေရှင်းရမည်ဆို သည်ကို သိသကဲ့သို့ ဆွေးနွေးဖြေရှင်းရန်လည်း ပြုလုပ်နေသည်။ သူအား ထောက်ခံသည့် အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရမည်ကို ကောင်းစွာသိသည်။ ဆွေးနွေးပွဲမအောင်မြင်ပါက ပြန်၍တိုက်ခိုက်ရမည်ကိုလည်း ကောင်းစွာသိသည်။ တဖက်ကဆိုလျင် တပ်မတော်အနေနှင့်လည်း လက်ရှိ ဝ တပ်ဖွဲ့နှင့် ဝဒေသသည် သူ့အတွက် စိတ်ချလက်ချထား၍ရသည့်ဒေသ မဟုတ်ပေ။ တပ်များဆိုင်ထားပြီး ‌မပြတ်စောင့်ကြည့်ထားရသည့်ဒေသ ဖြစ်သည်။ လက်ရှိ  ဝ ဒေသရပ်တည်မှုသည် နိုင်ငံရေး အာဏာ သေနတ်ပြောင်းထဲကထွက်သည်ဆိုသည့်အခြေခံပေါ်က ရပ်တည်နေခြင်း ဖြစ်သည်။ ဥပဒေအရ ရပ်တည်နေခြင်းမဟုတ်ပေ။ ထိုအပြင် Legal Aid Network ရည်ညွှန်းသည့် UWSP တည်ရှိမှု တရားမဝင်ဆိုသည့် ဥပဒေမှာလည်း ၂၀၀၈ အခြေခံဥပဒေဖြစ်နေပေရာ ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့ဟုဆိုရမည်။

ထို့ပြင် တဖက်မှကြည့်လျင် ဝ တို့အနေနှင့် သူနယ်မြေသူ့အုပ်ချုပ်ပြီး သူ့နယ်မြေထိလျင်တော့မခံဟူသည့် မူနှင့်ရပ်တည်နေခြင်းသည် ကျန်မြန်မာအပါအဝင် မည်သည့် တိုင်းရင်းသားကိုမှ မထိပါးချေ။ ထို့ပြင် သူ၏ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်သည်။ လုပ်ဆောင်ခဲ့သည်။ ဤအတွက် သူလူမျိုး၏ထောက်ခံမှုရသည်။ ကျန်တိုင်းရင်းသားလူမျိုးများကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေရချိန်တွင် တိုင်းရင်းသားလူမျိုးတမျိုးအနေနှင့် သူလူမျိုးသူဒေသအား လွတ်လပ်စွာအုပ်ချုပ်ခွင့်ရပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်သည်ကို မုဒိတာပွါးသည်ကလည်း တမျိုးကောင်းသည်ထင်ပါသည်။ တိုင်းရင်းသားလူမျိုးပါတီများ၊ လက်နက်ကိုင်အဖွဲ့များသည် သူလူမျိုး၊ သူ့ဒေသအား ကိုယ်စားပြုဖွဲ့စည်းထားပြီး သူတို့လူမျိုး၏ထောက်ခံမှုဖြင့် ရပ်တည်နေခြင်းဖြစ်သည်ကို နားလည်ပေးရန်လိုသည်။ သူ့လူမျိုးအား အခြေပြုပြီးသူ့လူမျိုးအကျိုးစီးပွါးအတွက်ရပ်တည်သည်ကို နားလည်ပေးရန်လိုသည်။ သူတို့ နှစ်ပေါင်းများစွာတိုက်ပွဲဝင်နေရချိန်၊ ထိခိုက်ဆုံးရှုံးမှုများ ကြုံနေရစဉ်က သူတို့အား ကူညီမဲ့သူမရှိဘဲ ကြံ့ကြံ့ခံရပ်တည်ခဲ့ကြရသည်ကို သ ဘောပေါက်ရန်လိုသည်။အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပုန်ကန်မှုများကို မြန်မာဒီမိုကရက်တစ်တို့ကူညီပါဝင်ခဲ့သည် သမိုင်းမရှိခဲ့သည့်အပြင် ပစ်တင်ရှုံ့ချခဲ့သည်များသာ ရှိခဲ့သည်ကို သတိပြုရန်လိုပေသည်။

ထို့ကြောင့်လည်း တိုင်းရင်းသားအဖွဲ့များအတွက် ပြည်ထောင်စုသည် မေးခွန်းထုတ်ဖွယ်ဖြစ်သည်ကို နားလည်ပေးရန်လိုသည်။ 

ထို့ပြင် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်အဖွဲ့အစည်းများသည် နှစ်ပေါင်းများစွာ စစ်တိုက်လာကြရာ သူတို့လူမျိုးဒေသနှင့်သူတို့၏လူမျိုးများစစ်ဘေးစစ်ဒဏ်သင့်သည်ဒဏ်ကို နှစ်ပေါင်းများစွာခံစားရသည်ကို ကောင်းစွာသိကြသည်။ စစ်ပွဲဖြစ်သည်နှင့် သူတို့ဒေသရှိ သူတို့တိုင်းရင်း သားရွာများပေါ်သို့ ဗုံးများကျလာပြီး ရွာများပျက်စီးပြီး စစ်ဘေးစစ်ဒဏ်ခံရမည်ကိုကောင်းစွာသိကြသည်။ ဤသို့သောအခြေအနေအောက်တွင် စစ်ပွဲကို မဖြစ်မနေ နောက်ဆုံးအခြေအနေတွင်မှ ရွေးချယ်စဉ်းစားလာကြသည့်စဥ်းစားမှုမျိုးရှိသည်ကို တွေ့လာရသည်။ ၂၀၀၉/၂၀၁၀ ခုနှစ်များက နအဖနှင့် UWSP/UWSA တင်းမာစဉ်က UWSP/UWSA သည် အကြီးအကျယ် စစ်ပြင်ခဲ့သည်။ မြန်မာပြည်တွင် ဝ ဒေသနှင့် တပ်မတော်ရင်ဆိုင်ထားသည့် ခံစစ်ကြောင်းတလျောက်တွင်သာ အခိုင်အမာ ကွန်ကရစ်ဘန်ကာများဖြင့် ခံစစ်စခန်းများတည်ဆောက်ထားသည်ကို တွေ့နိုင်ပေလိမ့်မည်။ 

ထို့ပြင် ယနေ့ကာလတွင်လည်း UWSP သည်တကယ်တိုက်နေသူများထဲက သူလက်လှမ်းမှီသော တိုင်းရင်းသား မဟာမိတ်များကိုတော့ လိုအပ်သည့်အကူအညီပေးနေသည်သာဖြစ်သည်။ သူ့လက်ခံအောင် စည်းရုံးပြောဆိုခြင်းနှင့် လက်တွေ့လုပ်ဆောင်ပြခြင်းတို့ကပို၍အရေးကြီးပေလိမ့်မည်။ ဤသို့သော အခြေအနေအောက်တွင် သူဖါသာသူရပ်တည်နေပြီး ကိုယ့်အားအနှောက်အယှက်မပေးသည့်သူအပေါ် မလိုလားအပ်သည့် ပစ်တင်ရှုံ့ချမှုပြုလုပ်ခြင်းသည် သင့်လျော်သည့်ကိစ္စတရပ်တော့မဟုတ်ပေ။ မလိုအပ်ဘဲ ရန်သူများအောင်လုပ်သကဲ့သို့ဖြစ်နေပေလိမ့်မည်။ 

ဆက်လက်ဖေါ်ပြပါမည် 
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar