Breaking News

သီအိုဇော် - မှားသူနဲ့တွဲမလား မှန်တဲ့သူနဲ့ထိုင်မလား ဆုံးဖြတ်နိုင်မယ့် ညီလာခံ


သီအိုဇော် - မှားသူနဲ့တွဲမလား မှန်တဲ့သူနဲ့ထိုင်မလား ဆုံးဖြတ်နိုင်မယ့် ညီလာခံ       
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၁

(၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ကုလသမဂ္ဂအပေါ်မြန်မာပြည်သူများရဲ့ ယုံကြည်ကိုးစားမှု့ အတိုင်းအတာကို  မှတ်ကျောက်တင်ပေးမယ့် ညီလာခံလို့လည်း ပြောလို့ရနိုင်ပါတယ်။ အစဥ်အဆက် ကြားနာခဲ့ရတဲ့ ဆုံးဖြတ်ချက်များ၊ ထုတ်ပြန်ချက်များအရတော့ အားမလိုအားမရမှုများစွာနဲ့ စက္ကူကျားသာသာ အဆင့်လောက်ပဲ သတ်မှတ်ချင်စိတ်ရှိစေခဲ့ပါတယ်။ မြန်မာ့အရေးအတွက် ထိထိရောက်ရောက် မစွက်ဖက်ပေးနိုင်ခဲ့တဲ့ ကုလသမဂ္ဂကို ယုံကြည်အားထားမှုတွေ လျော့ကျလာခဲ့ရတာ မြန်မာပြည်သူများကို အပြစ်ပုံလို့တော့မရ။  သုမနကျောမှာ ဒဏ်ရာတွေနဲ့ချည်းလို့သာဆိုပြီး ငိုချင်း ခဏ ခဏ ချနေရသူများဖြစ်တဲ့အတွက်ပါ။ ဒီတစ်ကြိမ်မှာတော့ အဖိနှိပ်ခံပြည်သူလူထုရဲ့ဆန္ဒနဲ့ကင်းကွာတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်မလာစေဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ တာဝန်အပြည့်ရှိပါတယ်။ 

ကုလသမဂ္ဂဟာ အရေးပါတဲ့အဖွဲ့ကြီးဆိုတာကတော့ ငြင်းပယ်လို့မရနိုင်တဲ့အချက်ပါ။ပြဿနာဖြစ်နေတာက အဖွဲ့ဝင်နိုင်ငံများရဲ့ အုပ်စုအသင်းအပင်းဖွဲ့ပြီး “ဤကိုကျွဲ” လို့ ဝိုင်းဝန်းဖတ်ကြမှု၊ မသိလိုက်ဖာသာ ခြံစည်းရိုးခွထိုင်ကြမှု၊ အမှန်တရားထက် အကျိုးစီးပွားကို ရှေ့တန်းတင် တိမ်းညွတ်ကြမှုတို့ ဖြစ်ပါတယ်။ အထွေထွေညီ လာခံဆုံးဖြတ်ချက်ကို အဓိကထား ရည်ညွှန်းပြောကြားနေတာဖြစ်လို့ P5 လို့ခေါ်တဲ့  ဗီတိုအာဏာပိုင်ရှင် (၅) နိုင်ငံရဲ့  အများသဘောတူတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဗီတိုအသုံးပြုပြီး တားမြစ်ပိတ်ပင်ခဲ့မှုများကိုတော့ ထည့်မပြောလိုတော့ပါ။ 

တကယ်တော့ ကုလသမဂ္ဂအထွေထွေညီလာခံဆိုတာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်ကို ‌လူသားတိုင်း ခံစားနိုင်ဖို့အတွက် အကူအညီပေးရမယ်လို့ ကုလသမဂ္ဂပဋိညာဥ်စာတမ်း အခန်း (၄)၊ အပိုဒ် (၁၃) မှာ အတိအလင်း ဖေါ်ပြတာဝန်ပေးအပ်ထားပြီးသား ဖြစ်ပါတယ်။

လူသားတယောက်ရဲ့ ရသင့်ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်ကိုသာမက မွေးရာပါအသက် ရှင်သန်နေထိုင်ခွင့်ကိုပါ ဆုံးရှုံးနေကြရတဲ့ မြန်မာနိုင်ငံသားများအတွက် ရင်နှစ်သည်းချာပမာ ကာကွယ်စောင့်ရှောက်ရင်း လုံခြုံမှုအပြည့်အဝပေးနိုင်မယ့် ပြည်သူကလိုလားတဲ့ ဒီမိုကရေစီအစိုးရကို (၇၆) ကြိမ်မြောက် ညီလာခံက ရွေးချယ်အသိအမှတ်ပြုပေးဖို့ အခွင့်အရေးရှိလာပါပြီ။ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ဒီညီလာခံဟာ ကုလသမဂ္ဂအတွက်လည်း အရေးကြီးတဲ့ဆုံးဖြတ်ချက်ချမှတ်ပေးရမယ့်ကာလဆိုရင်လည်း မမှားနိုင်ပါ။ ဓမ္မနဲ့အဓမ္မအားပြိုင်မှုမှာ မည်သည့်ဘက်က ရပ်တည်ဆုံးဖြတ်ခဲ့သလဲဆိုတာကတော့ ကမ္ဘာတည်သရွေ့ သမိုင်းတွင်ကျန်ရစ်သွားမှာဖြစ်ပါတယ်။

လက်ရှိညီလာခံအတွက် Credentials Committee အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကို ကုလသမဂ္ဂရဲ့ မူဝါဒများကို အခြေခံကာ ဖေါ်ပြခဲ့တဲ့ အငြင်းပွားစရာ အထက်ကအချက်တွေ ရှောင်ကြဥ်ပြီး ကုလသမဂ္ဂဥပဒေအကြံပေးအဖွဲ့ - The Office of the Legal Counsel (OLC) ရဲ့ အကြံပေးပြုစုထားချက်များအရ သမာသမတ်ကျကျ အဖြေရှာကြမယ်ဆိုရင်ဖြင့် NUG ကို ဦးစားပေး မရွေးချယ်နိုင်စရာအကြောင်းမရှိလို့ထင်ပါတယ်။ ဒီနေရာမှာ အဖွဲ့ဝင်နိုင်ငံများဆိုတာထက် အဖွဲ့ဝင်နိုင်ငံများရဲ့အစိုးရများဆိုရင် ပိုလို့သင့် တော်ပါလိမ့်မယ်။ သက်ဆိုင်ရာအာဏာရအစိုးရများရဲ့  အာဘော်များကိုသာ ထင်ဟပ်ဆုံးဖြတ်လေ့ရှိကြတဲ့ အတွက်ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ ဒီမိုကရေစီကို စံတန်ဖိုးတခုအဖြစ် သတ်မှတ်ထားပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ကတည်းက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ပြီး လူသားမျိုးနွယ်စုတရပ်လုံး လူ့ဂုဏ်သိက္ခာရှိရှိနဲ့ လူ့အခွင့်အရေးအပြည့်ခံစားရရှိနိုင်စေရေးကို တွန်းအားပေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း လည်းဖြစ်ပါတယ်။ ဒီညီလာခံအတွက် Credentials Committeeမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြန်မာနိုင်ငံထက် ပိုပြီး ပြည့်ပြည့်ဝဝ ခံစားနေရတဲ့၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်ရတဲ့နိုင်ငံများက အများစု ရွေချယ်ခံရစေလိုတဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒါမှသာ လက်ရှိမြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသမျှကို သူတို့ပြည်သူတွေ ရရှိခံစားနေရတာတွေနဲ့ နှိုင်းယှဥ်ကာ ကိုယ်ချင်းစာတရားထားရှိနိုင်မှာဖြစ်ပြီး စစ်ကောင်စီရဲ့တရားမဲ့ ပြုကျင့်မှုများဟာ ပိုထင်သာမြင်သာ ဖြစ်လိမ့်မယ်လို့ ယူဆမိတဲ့အတွက် ဖြစ်ပါတယ်။

Credentials Committee အဖွဲ့ဝင်နိုင်ငံများက ဘယ်လိုဘယ်ပုံ ဆုံးဖြတ်အဆိုပြုနိုင်တယ်ဆိုပြီး ဘက်ပေါင်းစုံက အသေးစိတ် ထင်မြင်သုံးသပ်တာမျိုးမဟုတ်ပဲ ဒီနိုင်ငံများရဲ့ နောက်ခံအချက်အလက်များနဲ့ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊သတင်းစာနယ်ဇင်းလွတ်လပ်ခွင့် အစရှိတဲ့ စံညွှန်းကိန်းများနဲ့ ချိန်ထိုးပြီး စူးစမ်းကြည့်ဖို့ ဒီဆောင်းပါးမှာ ရည်ရွယ်ထားပါတယ်။ ဒါတွေကမှတဆင့် အဲဒီနိုင်ငံတွေကအုပ်ချုပ်သူ အစိုးရတွေနဲ့ အုပ်ချုပ်ခံပြည်သူတွေရဲ့အနေအထားကို တစေ့တစောင်း မြင်နိုင်ကြမယ်လို့ ယူဆပါတယ်။ နှိုင်းယှဥ်လို့ရအောင် မြန်မာနိုင်ငံရဲ့ သတ်မှတ်ခြင်းခံရတဲ့ အဆင့်ကိုလည်း ဖေါ်ပြပေးထားပါတယ်။ Credentials Committee အနေနဲ့ဘယ်လို ဆုံးဖြတ်ချက်ချမယ်ဆိုတာ ကံသေကံမ မပြောနိုင်သေးပေမယ့် လာရာလမ်းကို သိထားခဲ့ရင်တော့ လားရာလမ်းကိုလည်း အနီးစပ်ဆုံး ခန့်မှန်းနိုင်ကြမှာဖြစ်ပါတယ်။ 

Table 1: World rankings of the Credentials Committee members and Myanmar in human freedom and press freedom.
 မှတ်ချက်: ဤသုတေသနအစီရင်ခံစာများတွင် ကမ္ဘာ့အမြင့်ဆုံးအဆင့်ကို (၁) ဟု သတ်မှတ်ထားသည်။

Table 2: Global freedom score of the Credentials Committee members and Myanmar. 
မှတ်ချက်: ဤသုတေသနအစီရင်ခံစာတွင် လွတ်လပ်မှုအပြည့်ဝဆုံးအဆင့်သည် (၁၀၀) ဖြစ်ပြီး လုံးဝလွတ်လပ်မှုမရှိသည့် အဆင့်သည် (၀) ဖြစ်သည်ဟု သတ်မှတ်ထားသည်။

အထက်ကဖေါ်ပြခဲ့တဲ့ စံနှုန်းစံထားတွေကိုသုတေသနပြုထားကြတဲ့ အဖွဲ့အစည်းများရဲ့အကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ မတူညီတဲ့အဖွဲ့အစည်း (၃) ခုရဲ့ သုတေသနစစ်တမ်းတွေ့ရှိချက်များကို ဖေါ်ပြထားပါတယ်။ တဖွဲ့တည်းရဲ့ တွေ့ရှိချက်ထက် ပိုမိုခိုင်လုံအားကောင်းစေဖို့ ရည်ရွယ်ပါတယ်။ အသေးစိတ်အချက်အလက်များနဲ့ စစ်တမ်းကောက်ယူတဲ့နည်းများကို ထပ်မံလေ့လာချင်သူများအတွက် ဆောင်းပါးအဆုံးမှာ ကိုးကားစာရင်း ပြုစုပေးထားပါတယ်။ ဇယား (၂) ခုကို အချိန်ခဏပေးပြီး လေ့လာကြည့်မယ်ဆိုရင် Credentials  Committee အဖွဲ့ဝင်နိုင်ငံတွေရဲ့အနေအထား ပိုလို့မြင်နိုင်ပါလိမ့်မယ်။ ဇယားပါတင်ပြချက်များကို ကိုယ်တိုင်လေ့လာနိုင်မှာဖြစ်တဲ့အတွက် အကျယ်ချဲ့ရေးသားဆွေးနွေးခြင်းမပြုတော့ပါ။

CATO institute ဟာ အမေရိကန်နိုင်ငံက ထင်ရှားတဲ့ Think Tank အဖွဲ့အစည်းတခုဖြစ်ပြီး ပြည်သူ့ရေးရာမူ ဝါဒများအပါအဝင် ပေါ်လစီချမှတ်သူများအတွက် သိမှတ်စရာ အကြောင်းအချက်များကို ၁၉၇၇ခုနှစ်မှစတင်ကာ သုတေသနလေ့လာ အကြံပေးနေပါတယ်။ The Human Freedom Index (HFI)-2020 ကို ကနေဒါနိုင်ငံက ထိပ်တန်း Think Tank အဖွဲ့အစည်း ဖြစ်တဲ့ Fraser Institute နဲ့ တွဲဖက်ပြုစုထားပါတယ်။ တဦးတယောက်စီရဲ့ လွတ်လပ်ခွင့်၊ စီးပွားရေးလွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားမှု အစရှိတဲ့ အချက်အလက်များပေါ်မူ တည် အမှတ်ပေးသုတေသနပြုထားတဲ့ ဆန်းစစ်လေ့လာချက်လို့ဆိုနိုင်ပါတယ်။

သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို ပြင်သစ်နိုင်ငံအခြေစိုက် Reporters Without Borders (RSF) က ပြုစုထားတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ယူနက်စကိုတို့ရဲ့ Consultative statusအဆင့်ရရှိထားတဲ့ NGO တခုလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၁၈၀) မှာ စစ်တမ်းကောက်သုတေသနပြုထားတာဖြစ်ပြီး ဘဟားမားစ်နိုင်ငံကတော့ ထုတ်ပြန်ထားတဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ မပါရှိတဲ့အတွက် ဇယား (၁) သတင်းလွတ်လပ်ခွင့်ကဏ္ဏမှာ ချန်လှပ်ထားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံက Freedom House အဖွဲ့ဟာ လူ့အဖွဲ့အစည်းတခုမှာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ပေတံနဲ့ တိုင်းတာပြီး Global freedom score ကို (၀) နဲ့ (၁၀၀) ကြား အမှတ်ပေးသတ်မှတ်ထားပါတယ်။ဩစတြေလျပါလီမန်ရဲ့ သုတေသနအချက်အလက် စာတမ်းများမှာ လူ့အခွင့်အရေးအဆင့် သတ်မှတ်တဲ့နေရာအတွက် Freedom House ရဲ့ Global freedom scoreကို ရည်ညွှန်းကိုးကား ထားပါတယ်။ Freedom Houseရဲ့ ဂုဏ်ထူးဆောင်ပူးတွဲဥက္ကဌလုပ်ခဲ့ဖူးသူ သမ္မတကတော် အဲလနော ရို့စဗဲလ်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ဦးဆောင်ပုံဖေါ်ခဲ့သူတဦးအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုထားပါတယ်။

‌ယေဘုယျအားဖြင့် ပြောရရင် ဒီညီလာခံရဲ့ Credentials Committee ကိုကျေနပ်လက်ခံနိုင်ပါတယ်။ ဇွန်လ (၁၈) ရက်နေ့က မြန်မာနိုင်ငံအပေါ် အထွေထွေညီလာခံဆုံးဖြတ်ချက်အတွက် မဲပေးခဲ့တဲ့ပုံစံကို ပြန်လေ့လာရရင် အခုအဖွဲ့ဝင်များအနက်  ဆွီဒင်၊ အမေရိကန်၊ နမီးဘီးယား၊ ချီလီတို့က ထောက်ခံခဲ့သူများပါ။တရုတ်၊  ရုရှားနဲ့ဘူတန်တို့ကကြားနေပါ။ ဘဟားမားစ်နဲ့ ဆီယာရာ လီယွန်းတို့က မဲမပေးခဲ့တာကို တွေ့ရပါတယ်။ အတတ် နိုင်ဆုံးမျှတမှုရှိအောင် ကြိုးစားရွေးချယ်ထားတယ်လို့ ဆိုရပါမယ်။
ရွေးချယ်ခံအလှည့်ကျ (၆) နိုင်ငံနဲ့ ပတ်သက်တဲ့အချက်တွေဆိုပေမယ့် ဆွီဒင်လူ့အဖွဲ့အစည်းလို ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးပြယုဂ်တခုအကြောင်းကတော့ အထူးရေးစရာမလို လို့ထင်ပါတယ်။ ဆွီဒင်နိုင်ငံလို လွတ်လပ်မှုနဲ့ လူ့ အခွင့်အရေး ချန်ပီယံနိုင်ငံတခုက ဦးဆောင်ပါဝင်တာကို ကြိုဆိုရမှာပါ။ ကမ္ဘာ့ပထမဆုံးနဲ့ ရှေးအကျဆုံး သ တင်းလွတ်လပ်ခွင့်ဥပဒေဟာ ဆွီဒင်နိုင်ငံကစတင်ခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ ဖြည့်စွက်ပြောလိုပါတယ်။ ၁၇၆၆ ခုနှစ်မှာပြဌာန်းခဲ့တဲ့ Freedom of the Press Act 1766 ဖြစ်ပါတယ်။ ဆင်ဆာမရှိတဲ့ လွတ်လပ်စွာပြော ဆိုရေးသားခွင့်ကို ဆွီဒင်နိုင်ငံသားတွေ အဲဒီအချိန်ကတည်းက ရရှိခံစားခဲ့တာပါ။ အကယ်၍သာ ဆွီဒင်နိုင်ငံရဲ့ ပေတံသက်သက်နဲ့ ကဏ္ဏအားလုံးကို တိုင်းတာခံရမယ်ဆိုရင်တော့၊ စစ်ကောင်စီဟာ သူ့အခြေအနေကို သူ သဘောပေါက်ပြီး ယှဥ်ပြိုင်ရွေးချယ်ခံစာရင်းကနေ  အလိုအလျောက်ရုပ်သိမ်းသွားနိုင်ပါတယ်။

ဒီ Credentials Committeeမှာ ပါဝင်လာတဲ့ နမီးဘီးယားနိုင်ငံအကြောင်းကတော့ စိတ်ဝင်စားစရာကောင်းပါ တယ်။ ၁၉၉၀ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့အတွက် ဒီအဖွဲ့ထဲမှာ လွတ်လပ်ရေးသက်တမ်းအနုပျိုဆုံးလို့ ဆို နိုင်ပါတယ်။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမနီ စစ်ရှုံးတော့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ဂျာမနီ ရဲ့ကိုလိုနီ ဖြစ်တဲ့ နမီးဘီးယားကို တောင်အာဖရိကနိုင်ငံက အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ South West Africa အ မည်နဲ့ ခေါ်ဝေါ်နေဆဲအချိန်ပါ။ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံ ပေါင်းချုပ်အသင်းကြီးဖျက်သိမ်းပြီး ကုလသမဂ္ဂဖွဲ့ စည်းပြီး တဲ့နောက် United Nations Trusteeship System ကိုဖေါ်ဆောင်ခဲ့ပါတယ်။ အရင်နိုင်ငံပေါင်းချုပ် အသင်း ကြီးရဲ့စီမံဆုံးဖြတ်မှုအောက်မှရှိခဲ့တဲ့နယ်မြေ၊ စစ်ရှုံးနိုင်ငံများရဲ့ကိုလိုနီ အစရှိတာတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး သို့မဟုတ် လွတ်လပ်ရေးလမ်းကြောင်းပေါ် ပို့ပေးဖို့  အစီအစဥ်ဖြစ်ပါတယ်။ ဒါပေမယ့် တောင်အာဖရိကနိုင်ငံက သဘောမတူတဲ့အတွက် ICJ နဲ့ ကုလသမဂ္ဂမှာ အငြင်းအခုံပြုကြရင်း ဇာတ်မျောနေခဲ့ပါတယ်။  

ဒီအတွက် လွတ်လပ်ရေးအတွက်ကြိုးပမ်းနေတဲ့ South West Africa People’s Organization (SWAPO) ဟာ လက်နက်ကိုင်တိုက်ပွဲဝင်ပါတော့တယ်။ SWAPOဟာ လက်ရှိနမီးဘီးယား အာဏာရပါတီဖြစ်ပြီး ပါတီစုံ စံနစ်ဖြစ်ပေမယ့် ၁၉၉၀ ခုနှစ် လွတ်လပ်ရေးရချိန်ကစလို့ အခုချိန်အထိ သူကပဲဆက်တိုက်အနိုင်ရတဲ့အင်အားကြီးပါတီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလိုပဲ နမီးဘီးယားနိုင်ငံမှာ ကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ များပြားလှပါတယ်။ တောင်အာဖရိကနိုင်ငံဆီက လွတ်လပ်ရေးရယူတဲ့ အချိန်ကာလမှာ ကုလသမဂ္ဂအဖွဲ့ကြီးက 
United Nations Transition Assistance Group (UNTAG) လို့အမည်ပေးထားတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ အစီအစဥ်နဲ့ အသွင်ကူးပြောင်းရေး အဆင်ချောမောအောင် ဝင်ရောက်ကူညီခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင်နိုင်ငံအဖြစ်လည်း (၁၉၉၉-၂၀၀၀)မှာ ဆောင်ရွက်ခဲ့ဖူးပါတယ်။ (၆၉) ကြိမ်မြောက်အထွေထွေညီလာခံမှာ Credentials Committee အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်ခဲ့ဖူးပြီး ဖြတ်သန်းမှုအ တွေ့အကြုံစုံလင်တဲ့ နမီးဘီးယားနိုင်ငံကို (၇၆) ကြိမ်မြောက်ညီလာခံမှာ ထပ်မံခန့်အပ်ခဲ့ခြင်းဟာ မြန်မာ့အရေးအတွက် အကြံပြုချက်ကောင်းများ ဆောင်ကျဥ်းလာနိုင်မယ်လို့ ယူဆတဲ့အတွက် ဖြစ်နိုင်ပါတယ်။

ချီလီနိုင်ငံနဲ့ ဆီယာရာလီယွန်းနိုင်ငံဟာ (၇၃) ကြိမ်မြောက်ညီလာခံမှာလည်း Credentials Committee အဖွဲ့ ဝင်ဖြစ်ခဲ့ကြပါတယ်။စစ်အာဏာရှင်ပီနိုရှေးရဲ့အောက်မှာ ရက်စက်ကြမ်းကြုတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ကြာမြင့်စွာခံစားခဲ့ကြရတဲ့ ချီလီလူ့အဖွဲ့အစည်းဟာ အခုတော့အဖက်ဖက်က တိုးတက်ပြောင်းလဲနေပါပြီ။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး စံချိန်စံထားများကလည်း အားကျရလောက်အောင် ပြည့်မီလာပါတယ်။ ကမ္ဘာ့အများဆုံးကြေးနီထုတ်လုပ်တဲ့နိုင်ငံဟာ အကျင့်ပျက်လာဘ်စား မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေနဲ့ လည်ပတ်ခဲ့တဲ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ပြီးနောက် လက်တင်အမေရိကရဲ့ စီးပွားရေးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်လာရပါတယ်။ ဇယား (၂) အရဆိုရင် အမေရိကန်နိုင်ငံနဲ့ နှိုင်းယှဥ်ရင် တောင် Global freedom score ပိုမြင့်လာတာလည်း တွေ့နိုင်ပါတယ်။ Credentials Committee မှာ ဒီလို သမိုင်းကြောင်းရှိတဲ့ နိုင်ငံပါဝင်လာတာကို  ကြိုဆိုရမှာဖြစ်ပါတယ်။

ဆီယာရာလီယွန်းနိုင်ငံကိုယ်တိုင်က (မေ၊ ၁၉၉၇) စစ်အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံလို အလားတူဖြစ်ရပ်ကြုံခဲ့ဖူးပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂက ဒီမိုကရေစီ နည်းလမ်းတကျ အာဏာရခဲ့တဲ့ အာဏာသိမ်းခံ သမ္မတ အာမက်တဂျန်ဂဘားရဲ့ ကိုယ်စားလှယ်ကိုပဲ ဆက်အသိအမှတ်ပြုခဲ့ပါတယ်။ ဒီအတွက် ဆီယာရာလီယွန်းနိုင်ငံဟာ အခုတခေါက်မှာ မြန်မာနိုင်ငံအပေါ်  ကိုယ်ချင်းစာနိုင်လိမ့်မယ်ထင်ပါတယ်။ ဒီအာ ဏာသိမ်းမှုဟာ ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ကာလမှာ ဖြစ်ခဲ့တာဖြစ်ပြီး (၁၁) နှစ်ကြာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပြီးဆုံးသွားပြီဖြစ်ကြောင်း အာဏာလက်ဝယ်ပြန်ရခဲ့တဲ့ သမ္မတ အာမက်တဂျန်ဂဘားက ၂၀၀၂ခု နှစ် ဇန်နဝါရီလမှာကြေညာခဲ့ပါတယ်။ ပြည်တွင်းစစ်နောက်ဆက်တွဲ ပြဿနာများအပြင် အီဘိုလာဗိုင်းရပ် (စ်) ကူးစက်ပျံ့ပွားမှုဒဏ်ကို ဆက်လက်ခံခဲ့ရတဲ့ ဆီယာရာလီယွန်းနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတခုအဖြစ် ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒါတောင်မှ Global freedom score နဲ့ သတင်းလွတ်လပ်ခွင့်မှာ စစ်ကောင်စီကို အစဥ်အဆက်အကာအကွယ်ပေးလေ့ရှိတဲ့ ဗီတိုအာဏာပိုင်ဆိုင်တဲ့ နိုင်ငံများထက် သာလွန်နေပါတယ်။ 

ဘဟားမားစ်နိုင်ငံဟာ ဆီယာရာ လီယွန်းနိုင်ငံလိုပဲ မြန်မာနိုင်ငံနဲ့ တရားဝင်သံတမန်ဆက်ဆံရေးမရှိဘူးလို့ သိ ရှိထားပါတယ်။ ၁၄၉၂ ခုနှစ်မှာ ခရစ်တိုဖာကိုလံဘတ် (စ်)  စတင်တွေ့ရှိခဲ့တယ်လို့ အဆိုရှိတဲ့ ကျွန်းပေါင်း (၇၀၀) ပတ်ဝန်းကျင်ပါဝင်ဖွဲ့စည်းထားတဲ့ကျွန်းစုနိုင်ငံပါ။ (၃၂၅) နှစ်ကြာ ကိုလိုနီအဖြစ်နေခဲ့ရပြီးနောက် ၁၉၇၃ခုနှစ်မှာ ဗြိတိန်နိုင်ငံဆီကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေ (၄) သိန်းဝန်းကျင်သာရှိတဲ့ ဗြိတိသျှဓနသဟာယနိုင်ငံတခုလည်းဖြစ်ပါတယ်။ သူ့အပိုင် ဂရင်းဘဟားမားစ်ကျွန်းမှာရှိတဲ့ Freeport city ဟာ ဖလော်ရီဒါ Palm beachနဲ့ မိုင် (၁၀၀) အောက်အကွာအဝေးမှာပဲရှိပါတယ်။ ကမ္ဘာအနှံ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုများ တွေ့မြင်နေရတာမဆန်းလှပေမယ့်၊ အမေရိကန်နိုင်ငံအတွက်တော့ သူ့ခြံနောက်ဖေးလို့တောင် ခေါ်ရမလို နီးကပ်နေတဲ့ Freeport city မှာ ဒေါ်လာ (၃) ဘီလီယံတန် ရေနက်ဆိပ်ကမ်းတခု အစပျိုး‌နေတာကို သတိနဲ့ စောင့်ကြည့်နေရတဲ့အခြေအနေပါ။ အမေရိကန်နဲ့တရုတ်တို့ရဲ့ အားပြိုင်မှု တစထက်တစ ပိုများလာနိုင်တဲ့ ကာရီဘီယံဒေသ ဖြစ်ပါတယ်။နှစ်နိုင်ငံလုံးဟာ The Organization of American States (OAS)ရဲ့  အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပြီး အမေရိကန်နိုင်ငံဟာ ဘဟားမားစ်ရဲ့ အကြီးဆုံးပို့ကုန်နိုင်ငံဖြစ်တဲ့အတွက် ဆက်ဆံရေးနီးကပ်ပါတယ်။ နိုင်ငံငယ်ဆိုပေမယ့် ဇယား(၁) မှာကြည့်ရင် Human Freedom Index အဆင့် သူ့ထက်မြင့်တာဆိုလို့ ကော်မတီ အဖွဲ့ဝင်နိုင်ငံများအနက်  ဆွီဒင်၊ အမေရိကန်၊ ချီလီ (၃) နိုင်ငံပဲရှိပါတယ်။ ဇယား (၂) ရဲ့ Global freedom score ကလည်းအလားတူပါပဲ၊ သူက အဆင့် (၄) လိုက်ပါတယ်။ ဒီလိုအဆင့်ရှိတဲ့အပြင် မြန်မာနိုင်ငံနဲ့လည်း တရားဝင် သံအဆက်အသွယ်မရှိတဲ့နိုင်ငံဆိုတော့ စစ်ကောင်စီဘက်ကို ဖေးဖေးမမ လုပ်ပေးစရာအကြောင်းမရှိလို့ ယူဆမိပါတယ်။

ဘူတန်နိုင်ငံဟာ ပထဝီဝင်အနေအထားအရ တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ရဲ့ အိမ်နီးချင်း ဟိမဝန္တာတောင်တန်း ပေါ်က ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်မတိုင်မီကတော့ တိဗက်ကိုလည်း အိမ်နီးချင်းနိုင်ငံအ ဖြစ်ထည့်သွင်းနိုင်ပါတယ်။ ဒီအနေအထားမှာ လူဦးရေ (၈) သိန်းပတ်ဝန်းကျင်သာရှိတဲ့ နိုင်ငံဟာ ဘယ်လောက် တောင် သတိကြီးကြီးနဲ့ ပါးနပ်စွာနေထိုင်ရမယ်ဆိုတာ စဥ်းစားကြည့်နိုင်ပါတယ်။ သံရုံးအဆင့်ထားရှိဆက်ဆံ တဲ့ လက်ချိုးရေလို့ရတဲ့ နိုင်ငံထဲမှာ အိန္ဒိယနိုင်ငံ ပါပါတယ်။နှစ်နိုင်ငံကြားနယ်နမိတ် အငြင်းပွားမှုတွေ ရှိနေဆဲ ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့တော့ တရားဝင်သံတမန်ဆက်ဆံရေးအဆင့် မရှိသေးပါဘူး။ ဒါ့ကြောင့် အိန္ဒိယက တရုတ် ထက် နိုင်ငံခြားရေးရာမူဝါဒတွေမှာ ပိုလွှမ်းမိုးမှုရှိနိုင်ပါတယ်။ 

ဘူတန်နိုင်ငံလို့ ဆိုလိုက်တာ နဲ့ တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံအကြောင်းကိုလည်း ဆက်ပြီးတော့သတိရမိပါတယ်။ Dr.မိုက်ကယ်အဲရစ် ဘူတန်တော်ဝင်မိသားစုကို စာသွားသင်ပေးတဲ့ အချိန်ကာလမှာ အခုလက်ရှိ ဘူတန်ဘုရင် ကိုမမွေးဖွားသေးပါ။ သူ့ရဲ့ဖခင် ယခင် ဘူတန်ဘုရင် Jigme Singye Wangchuck ကတော့ Dr.မိုက်ကယ်အဲရစ် နာမကျန်းဖြစ်နေချိန်မှာ အထူးဆုတောင်းပွဲတွေ သတိတရ ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဇွန်လ(၁၈)ရက်နေ့ အထွေထွေညီလာခံတုန်းက ကြားနေခဲ့တဲ့ ဘူတန်နိုင်ငံဟာ Let’s visit Bhutan ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ဖူးတဲ့ မြန်မာပြည်ရဲ့ လူထုခေါင်းဆောင်နဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံရဲ့အရေးကို ဒီတကြိမ်မှာ လေးလေးနက်နက် စဥ်းစားအဖြေရှာပေးလေမလားဆိုတာကိုတော့ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အမေရိကန်၊ တရုတ်၊ ရုရှားတို့ရဲ့ ရပ်တည်မှုကတော့ မြင်သာ၊ ထင်သာရှိတဲ့အတွက် အကျယ်မရေးတော့ပါ။ ပ ရိယာယ်ကြွယ်ကြွယ်နဲ့ ကစားကွက်အသစ် ပြောင်းကစားနိုင်သူ ရှိလာနိုင်ပေမယ့်၊ ခန့်မှန်းရေးသားရမယ့်အချိန်မကျသေးဘူးလို့ထင်ပါတယ်။ ပြီးခဲ့တဲ့ဆောင်းပါးတပုဒ်မှာ ရေးသားခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် နှစ် ကြိမ်တိုင်တိုင်ဖြစ်ခဲ့ဖူးသူ Harold Wilson (1964-1970, 1974-1976)ရဲ့ “ A week is a long time in politics” ဆိုစကားကိုပဲ ပြန်လည်ကိုးကားလိုပါတယ်။ ဒါအမှန်ပါပဲ၊ နိုင်ငံရေး အခင်းအကျင်းဆိုတာ နေ့ချင်း ညချင်း အချိန်ပိုင်းအတွင်းမှာ လျင်မြန်စွာပြောင်းလဲတတ်တာမျိုးပါ။ အဓိကပါဝင်သူများရော ဘေးကပတ်သက်သူများ ဘက်ကပါ နိုင်ငံရေးအမြင်ကျယ်ကျယ်၊ တော်လှန်ရေးသတိကြီးကြီးနဲ့ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဆက်ဆံနေ ကြရတာကိုလည်း သဘောပေါက်ထားရမယ်လို့ ထင်ပါတယ်။

မြန်မာပြည်သူများအတွက်တော့ စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာအဖြစ်ရဆုံး ကုလသမဂ္ဂညီလာခံလို့ ပြော နိုင်ပါတယ်။ မြန်မာပြည်သူအများစုလိုပါပဲ၊ NUG လည်းအစိုးရအဖြစ်အသိအမှတ်ပြုခံရ၊ ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာကိုလည်း ပြန်ရစေချင်ပါတယ်။ ဒါကတော့ အဖြစ်ချင်ဆုံး အလဲထိုး အနိုင်ရတဲ့ရလဒ်မျိုးပါ၊ တခုတော့ရှိပါတယ်၊ ပြိုင်ပွဲတခုရဲ့ရလဒ်ဆိုတာ အတိမ်းအစောင်း အနည်းငယ်တော့ ရှိ ကောင်းရှိနိုင်ပါတယ်။ အစိုးရအဖြစ်သတ်မှတ်ခြင်းလုပ်ငန်းစဥ်ကို ဒီညီလာခံမှာမဆုံးဖြတ်သေးပဲ ရွှေ့ဆိုင်း လိုက်ပြီး ဦးကျော်မိုးထွန်းကိုတော့ အမြဲတန်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ထားလိုက်တာမျိုးပါ။ ဒီရလဒ်ဆိုရင်လည်း စိတ်ပျက်မသွားစေလိုပါ။ အလဲမထိုးနိုင်ပေမယ့် အမှတ်နဲ့နိုင်လိုက်သလိုမျိုးဆိုတော့ ဘယ် လိုပဲဖြစ်ဖြစ် အနိုင်ကတော့အနိုင်ပါပဲလို့ စိတ်ထားသင့်ပါတယ်။

ဒီညီလာခံရဲ့ Credentials Committee အနေအထားအရ အများစုသဘောတူညီတဲ့ ဆုံးဖြတ်ချက်တခု ရယူနိုင် အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။။ အထွေထွေညီလာခံကြီးမှာ မဲခွဲဆုံးဖြတ်ဖို့ မလိုရလောက် အောင်၊ရှင်းလင်းပြတ်သားပြီး အများလက်ခံနိုင်မယ့် အကြံပြုချက်ကို ကျိုးကြောင်းခိုင်လုံစွာနဲ့ တင်ပြစည်းရုံး နိုင်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ကော်မတီလို့တောင် ထင်မြင်မိပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊မြန်မာ့နိုင်ငံရေးအ ခင်းအကျင်းများနဲ့ ဦးတည်ရာ လမ်းကြောင်းများပေါ်  မူတည်စဥ်းစားရရင် အမှတ်နဲ့အနိုင်ပေးခံရဖို့ အလား အလာ ပိုများနေမလားလို့ ယူဆမိပါတယ်။ညံ့ဖျင်းလှတဲ့ တတိယလှိုင်း ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးကို ပြန်ကြည့်ကာ ကပ်ရောဂါကာလ မပြီးဆုံးသေးသရွေ့တော့၊ မြန်မာပြည်သူတွေအတွက် အရေးပေါ် ဝင် ရောက်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရှိကောင်းရှိလာနိုင်သေးတယ်လို့ တွက်ချက်ပြီး တံခါးတချပ် လောက်တော့ ဆက်ဖွင့်ထားဖို့ ကမ္ဘာ့မိသားစုကြီးက စဥ်းစားထားနိုင်ပါတယ်။ တကယ်လို့အလဲထိုးပြီး အောင်ပွဲခံခွင့် ရခဲ့ရင်တော့ မြန်မာပြည်သူများက အတိုင်းမသိ ဝမ်းမြောက်ကြမှာပါ။

Credentials Committee ဟာ မျှော်လင့်ထားတာထက် ပိုကျေနပ်စရာကောင်းတယ်လို့ ထင်မိပါတယ်။ အများ စုက စစ်ကောင်စီ စိတ်ကူးထဲမှာတောင် မပါဝင်စေချင်တဲ့ နိုင်ငံများဖြစ်တယ်လို့ပြောရင် ပိုပြီးကွက်ကွက်ကွင်း ကွင်းမြင်မိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်စေ Credentials Committeeရဲ့အဆိုပြုချက်က နေ့ချင်းညချင်း ဖြစ်လာ အုံးမှာမဟုတ်တော့ ကိုယ့်အလုပ်ကို အာရုံမပျံ့လွင့်ပဲ ဆက်လုပ်နေကြရပါမယ်။ သတိချပ်ရမယ့် နောက်တ ချက်က ကုလသမဂ္ဂပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ်၊ သံခင်းတမန်ခင်း သဘောသဘာဝအရ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ဇန်နဝါရီ (၃၁) ရက်နေ့ကို နောက်ကြောင်းပြန်ရောက်သွားပြီဆိုရင်ပဲ၊ သူတို့တတွေရဲ့အား ထုတ်မှုဟာ ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်သွားပြီလို့ သတ်မှတ်ကြမယ်ဆိုတဲ့အကြောင်းပါ။ ပြည်သူများဘက်က တော့ အောင်မှတ်တောင် မပေးချင်တာ သေချာပါတယ်။

ဒီအတွက် ပြည်သူအချင်းချင်း ကိုယ်ချင်းစာတရား အပြည့်ထားရှိပြီး၊ တော်လှန်ရေးအင်အားစုများအကြား ညီညီညွတ်ညွတ် နားလည်မှုတည်ဆောက်ကာ၊ မိမိတို့တတ်နိုင်တဲ့ နေရာက အသိရှိရှိ၊သတိရှိရှိနဲ့ အသံမတိတ် အလံမလိပ် ဆက်လျှောက်နေကြမှသာ၊ ပြည်သူတရပ်လုံး လိုလားနေကြတဲ့ စစ်အာဏာရှင်စံနစ် လုံးဝဥဿုံ ကင်းမဲ့သော၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကားစာရင်း
- United Nations Charter
- CATO institute & Fraser Institute (2020). The Human Freedom Index. A Global Measurement of Personal, Civil, and Economic Freedom. 
- Reporters without borders (2021). World Press Freedom Index.
- Freedom House (2021). The freedom in the world: Countries and Territories.


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar