Breaking News

ဆာသော်ဒိုး - '' တော်မဲလုံး''

Image- Crd

မိုးမခ
အောက်တိုဘာ ၁၅၊ ၂၀၂၁

'' တော်မဲလုံး''
ဆာသော်ဒိုး

     မောင်ညီမလေးတို့ရေ . . .
     ကြားနာဖူးခဲ့တဲ့ မြန်မာ့ရိုးရာပုံပြင်တွေထဲက ဖိုးသူတော်က ဇာတ်လမ်းစခဲ့တဲ့ပုံပြင်လေးပေါ့ကွယ်။
     ဒီလိုကွဲ့...တခါတုန်းက ရွာကြီးတရွာရဲ့အရှေ့ဘက်ယာကွက်တွေကြားထဲမှာ ဘုန်းကြီးကျောင်းကြီးတစ်ကျောင်းရှိသတဲ့။ ကျောင်းထိုင်ဆရာတော်ကြီးထံမှာလည်း ဦးပြည်းကတုံးဖွေးဖွေးအပေါ်ဖြူ အောက်ဖြူဝတ်စုံကြီးနဲ့ "တော်မဲလုံး" ဆိုတဲ့ ဖိုးသူတော်ကြီးတစ်ဦးလည်း ရှိသတဲ့။
     ဝတ်စုံကဖြူဖြူလွလွအသားကတော့ မည်းမည်းသည်းသည်းဆိုတော့ သူ့ကိုမြင်ရရင် နေရာတကာမှာထင် ရှားပြီး ထင်ပေါ်နေတာတော့အမှန်ပေါ့။ သူ့အကျင့်ကလည်း သူ့အသားအရောင်လိုညစ်ထေးပြီး သူ့နှုတ်ကထွက်လာသမျှစကားလုံးတွေဟာလည်း အလိမ်အညာတွေနဲ့ မထော်မနမ်း ကြမ်းကြမ်း တမ်းတမ်းတွေချည်းပဲပေါ့။
    ယာခင်းတွေပတ်လည်ဝိုင်းထားတဲ့ ဘုန်းကြီးကျောင်းကြီးမှာ ကောင်းပေ့ဆိုတဲ့ဆီဦးထောပတ်တွေချည်းကြိတ်နေရတဲ့ အဲသည် "တော်မဲလုံး" ဆိုတဲ့ ဖိုးသူတော်ကြီးဟာ အကျင့်မကောင်းတဲ့သူဆိုတော့ အပေါ့သွားချင်ရင် အလေးသွားချင်ရင် ကျောင်းထဲက ရေအိမ်မှာမသွားဘဲ ကျောင်းဘေးယာတွေထဲမှာပဲ အမြဲမပြတ်သွားတတ်တာကွဲ့။
     အဲသည်လိုမျိုး အပေါ့အလေး ချေးပါသေးပေါက်နေ့စဉ်ကိစ္စတွေကို သူတစ်ပါးရဲ့ယာတောတွေထဲမှာပဲ ဖြေရှင်းနေပြီး ကျေနပ်နေတာပေါ့။
တနေ့တော့ အကောင်းစားဆီဦးထောပတ်တွေကို အဝအပြဲ မတရားတရစပ်ကြိတ်ဝါးပြီးသူ့ဗိုက်ဖောင်းဖောင်းကြီးရစ်နာလာတဲ့အခါ ချေးယိုဖို့အတွက် ကျောင်းဝန်းအပြင်ဘက်ကို အပြေးထွက်လာခဲ့သတဲ့။
     ဒီနေ့ ဘယ်အခင်းမှာမစင်စွန့်ရမလဲလို့တွေးရင်းလှမ်းကြည့်လိုက်တော့ တစ်ကွက်ကျော်မှာပြောင်းခင်းကြီးကိုမြင်လိုက်ပြီး အကြံတခုလည်း
ရသွားတာပေ့ါ။ ဒါကတော့ချေးပါရင်း ပြောင်းဖူးလဲချိုးမယ်ပေါ့။
     သူများပြောင်းခင်းထဲမှာချေးပါပြီးတော့ အမြင်ချောလှတဲ့အဖူးကြီးတွေကိုမှရွေးပြီး ချိုးပါသတဲ့။
ကျောင်းကိုပြန်ရောက်တာနဲ့ ဖုတ်စားမယ် ပြုတ်စားမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။
     အားရပါးရချိုးပြီးတော့ အဖူးကြီးတစ်ဖူးကို ဖြဲကြည့်လိုက်တဲ့အခါ ဖိုးသူတော်ကြီး မျက်မှောင်ကြုတ်ပြီး အံ့သြသွားတယ်။ ပြောင်းဖူးကြီးထဲမှာ အစေ့ကကျိုးတိုးကျဲတဲ မပါသလောက်ပဲကိုး။ ဒါနဲ့မကျေနပ်ဘဲ နောက်တစ်ဖူးထပ်ဖြဲကြည့်ပြန်တဲ့အခါလည်း အဲသလိုပဲ အစေ့က ကျိုးတိုးကျဲတဲ။ ဒါနဲ့ နောက်အဖူးတွေကို အကုန်လုံး ဇိုးခနဲဇတ်ခနဲ ဖြဲဖြဲကြည့်လိုက်တော့လဲ အဖူးတိုင်းဟာ အဲသလိုတွေချည်းပဲတဲ့ကွဲ့။
     အဲသလိုမျို အစေ့မစုံတဲ့ပြောင်းဖူးတွေကိုတော့"ဖိုးသွားကျဲ" လို့ ခေါ်သကွဲ့။ ဖိုးသူတော်ကြီးလည်းပေါက်ကွဲပြီး ပြောင်းပင်တွေကိုရန်ရှာရင်း အပြစ် ဆိုတော့တာပေါ့။
    " မင်းတို့ပြောင်းဖူးတွေကလည်း အစေ့မပါ ဘာမပါ ကျိုးတိုးကျဲတဲနဲ့ အလကားဟာတွေ။ ဘယ်လိုလုပ်ပြီးတော့ စားလို့ရမှာတုန်းဟ . . . ယီးမှပဲ "
     ဖိုးသူတော့်ဒေါသစကားကို ကြားတော့ ပြောင်းပင်တွေက သည်လိုပြန်ပြောသတဲ့။
     " ဒီမယ် ဦးသူတော် . . . မြေကြီးကိုလဲ ငုံ့ကြည့်လိုက်ပါဦး။ ဒီလောက်ကြီး ပတ်ကြားအက်ပြီးခြောက်သရောင်းနေတာ။ ကျုပ်တို့ဟာ မြေဆီသြဇာ စိုပြေနေမှ အာဟာရဖြစ်ထွန်းပြီး ကောင်းကောင်းမွန်မွန်သီးနိုင် ပွင့်နိုင်ဖူးနိုင်တာဗျ "
     မြေကြီးကလည်း သူ့အပေါ်လွှဲချတဲ့ ပြောင်းပင်ရဲ့စကားကို ကြားရတဲ့အခါ ခေါင်းထောင်ထကြည့်ပြီး ဒီလို ပြောတော့တယ်ကွဲ့။
      " ငါတို့မြေကြီးဆိုတာမျိုးက အခုလိုမျိုးကြီးပတ်ကြားအက်ချင်လို့အက်နေတာ မဟုတ်ဘူးကွ။
မိုးကောင်းကောင်းရွာမှစိုပြီးတော့ မြေဆီသြဇာတွေတက်တာကွ။ အခုတော့ ကောင်းကင်ပေါ်က မိုးရေစက်တွေကျမလာတာ ဘယ်လောက်ကြာပြီလဲ တွေးကြည့်ဟ။ တခါလား ဖားသေးပေါက်သလောက်ကလေး ရွာသွားတဲ့ဟာ၊ ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ။ မိုး မကောင်းလို့ကွ "
     မိုးကလည်း သူ့ကိုအပြစ်တင်တဲ့စကားကိုကြားလိုက်ရတဲ့အခါ မနေသာတော့ပဲ "ဟူး" ခနဲ သက်ပြင်းကြီးကိုချပြီး သူ့နှုတ်ကနေ တုံ့ပြန်စကားစတွေထွက်လာတော့တာပေါ့။
    " အင်း . . မိုးမကောင်းလို့ မြေကြီးတွေပတ်ကြားအက်တယ်ဆိုတာတော့ လက်ခံပါတယ်။ ဒါပေမယ့် ငါတို့ မိုးဆိုတာမျိုးကလည်း ရွာချင်တိုင်းရွာလို့ရတာမဟုတ်ဘူးဟ။ သဘာဝပတ်ဝန်းကျင်ရဲ့အခြေအနေတွေ လူသားတွေရဲ့ စိတ်နေစိတ်ထားအခြေအနေတွေကိုလည်းကြည့်ရတယ်။ ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့မင်းရဲ့အကျင့်စရိုက် ကောင်းမကောင်းဆိုတာကိုလည်း ကြည့်ရတယ်။ သဘာဝပတ်ဝန်းကျင်လည်းကောင်းမယ်၊ လူတွေသူတွေလည်း သူ့နေရာနဲ့သူနေမယ်၊ အကျင့်စရိုက်တွေလည်းကောင်းမယ်၊ အုပ်ချုပ်နေတဲ့ မင်းလည်း မင်းကျင့်တရားနဲ့အညီအုပ်ချုပ်ပြီး ပြည်သူကို ရင်ဝယ်သား ကဲ့သို့ စောင့်ရှောက်တယ်ဆိုရင် ငါတို့မိုးသားတွေဟာ အားရပါးရကို ရွာရွာချပေးရတာကွ "
     မိုးလည်း သူ့အခြေအနေနဲ့ သူ့လုပ်ငန်းတာဝန်တွေကို ပြည့်ပြည့်စုံစုံရှင်းပြပြီး မောသွားပုံနဲ့ ခဏရပ်တယ်။
ပြီးတဲ့အခါ ဖိုးသူတော်ကြီး " တော်မဲလုံး " ကိုစေ့စေ့ကြည့်လိုက်ပြီး စကားတစ်ခွန်းပြောပါလေတော့သကွဲ့။
     "အင်း...အခုဖြစ်ရပ်ကိုပဲကြည့်။ တရားနဲ့ ဓမ္မနဲ့ အမြဲမပြတ်ထိတွေ့နေတဲ့ ခင်ဗျားလိုဖိုးသူတော်ကြီးကတောင်မှ "သီလ" မလုံခြုံဘဲ မစောင့်ထိန်းဘဲ သူတစ်ပါးအခင်းထဲက ပြောင်းဖူးတွေကို ပိုင်ရှင်မသိအောင် ဝင်ခိုးနေတဲ့အခါ ကျုပ်တို့မိုးက ဘယ်လိုလုပ်ပြီး ပုံမှန်ရွာပေးလို့ရပါတော့မလဲ တော်မဲလုံးရယ် "
     ဒီလိုနဲ့ နောက်ဆုံးတော့ ပြောင်းဖူးအစေ့ကျဲလို့ သူတစ်ပါးကို ရန်လုပ်ပြီး အပြစ်ဆိုခဲ့တဲ့ ဖိုးသူတော်ကြီးဆီကို မြှားဦးကပြန်လှည့်လာတာကြောင့် သီလမစင်ကြယ်သူ မသူတော်ကြီး "တော်မဲလုံး" လည်း ဘာမှမတတ်သာတာ့ဘဲ မည်းမည်း မည်းမည်းနဲ့ ပြောင်းခင်းထဲကထွက်လို့ ခေါင်းငိုက်စိုက်ချပြီး ကျောင်းကြီးဆီကို လက်ဗလာနဲ့ ပြန်သွားရရှာတော့သတဲ့။
     ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
     ကလေးတို့တွေလည်း ကိုယ်ကမှမမှန်ဘဲ သူတစ်ပါးကို နစ်နစ်နာနာ နင်ပဲငဆလက်ညှိုးထိုးအပြစ်ဖို့ကြတဲ့အခါ နောက်ဆုံးမှာ အပြစ်ရှိသူဟာ ကိုယ်ကိုယ်တိုင်ဖြစ်တတ်တယ်ဆိုတဲ့အကြောင်း ကောင်းကောင်းကြီးသဘောပေါက်ကြပြီလို့ ယုံကြည်ပါတယ်ကွယ်။    ။

ပုံပြောတဲ့ ဒိုးဒိုး
ဆာသော်ဒိုး
14-10-21(Thur) 5:13 Pm

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar