Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂)
(မိုးမခ) နို၀င်ဘာ ၂၉၊ ၂၀၂၁

ကိုယ့်အခက်အခဲဟာ တခြားသူတွေထက် ပိုခက်ခဲတယ်လို့ လူအများက ယူဆညည်းတွားလေ့ရှိကြပြီး လူတချို့ကတော့ အခက်အခဲမှန်သမျှကို အားတင်းကျော်ဖြတ်ကြပါတယ်။ ဒါကြောင့်လည်း ထင်ပေါ်ကျော်ကြားသူ၊ အောင်မြင်ကြီးပွားသူက လူနည်းစုဖြစ်နေရတာပါ။ ကိုယ့်မှာရှိသမျှ အားတွေမာန်တွေ အကုန်သုံးမယ်ဆိုရင် တပါးသူရဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေက မလွဲမသွေ လွန်မြောက်နိုင်ကြမှာပါ။ 


ပက်ထရစ် ဟင်နရီ

ဟစ်တလာနဲ့နာဇီဝါဒဟာ ကမ္ဘာမှာ ပျောက်ဆုံးသွားလိမ့်မယ်လို့ နာဇီကြီးစိုးတဲ့ခေတ်မှာ နေထိုင်ရသူတွေ အိပ်မက်တောင် မက်ဖို့မလွယ်ပါဘူး။ နာဇီဝါဒထူထောင်ရာမှာ တခြားဝါဒတွေရဲ့အငွေ့အသက်တွေ လွှမ်းမိုးလို့မရအောင်ကို စနစ်တကျ လုပ်ခဲ့တာပါ။ ဂျူးဝါဒ ကွန်မြူနစ်ဝါဒ အရင်းရှင်ဝါဒ ဆိုရှယ်လစ်ဝါဒတွေနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ အတွေးအခေါ်စာအုပ်တွေကို လူထုရှေ့မှောက် အကြိမ်ကြိမ် မီးရှို့ပစ်ခဲ့ပါတယ်။ အဲဒီလို စာအုပ်ပေါင်း သန်းချီအောင် မီးရှို့ပစ်တာတွေ ပိတ်ပင်တားဆီးတာတွေလုပ်ခဲ့၊ အကြမ်းကြုတ် အရက်စက်ဆုံး ဖိနှိပ်မှုတွေလုပ်ခဲ့ပေမယ့် ဒီကနေ့ နာဇီဝါဒနဲ့ ဟစ်တလာမျိုးဆက်ကို ဘယ်လိုရှာမလဲ၊ ဒါဟာ နိယာမသဘောနဲ့ ပကတိ အနေအထားပါ။ 

ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်ရေးရဖို့ အလွယ်ကလေး ဆောင်ရွက်ခဲ့ရတာ မဟုတ်ပါဘူး။ အမေရိကန်မြောက်ပိုင်း ကိုလိုနီနယ် ၁၃ ခုက အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရအောင် ကြိုးပမ်းတဲ့အခါ ကိုလိုနီအစိုးရကို ဆန့်ကျင်ပြောဆိုဖို့တောင် ခက်ခဲပါတယ်။ ဆန့်ကျင်ပြောဆိုသူဟာ ပိုင်ဆိုင်မှုတွေ အသိမ်းခံရနိုင်၊ အသက်ရန်ရှာခံရနိုင်ပါတယ်။ 

ဒီလို အခြေအနေမျိုးမှာပဲ ရဲဝံ့တဲ့ တော်လှန်ရေးသမားတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲ ပက်ထရစ် ဟင်နရီလည်း ပါဝင်ပါတယ်။ သူက ၁၇၇၅ ခုနှစ် မတ်လ ၂၃ ရက်မှာ အမေရိကန်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ "လွတ်လပ်ရေးပေးပါ။ ဒါမှမဟုတ် ကျွန်ုပ်ကိုသေခွင့်ပေးပါ" လို့ပြောရင်း ​သူ့မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းဟာ အမေရိကန်သမိုင်းမှာ အထင်ကရ ဖြစ်ခဲ့ပါတယ်။  အမေရိကန်ရဲ့ လွတ်လပ်ရေးတိုက်ပွဲ ခက်ခဲသလို အခွင့်အရေးတောင်းဆိုမှု တိုက်ပွဲတွေဟာလည်း စိန်ခေါ်မှုပေါင်းများစွာကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်စနစ်ဖျက်သိမ်း​ရေး၊ အသားအရောင်ခွဲခြားမှုပပျောက်ရေး၊ အမျိုးသမီးများ မဲပေးခွင့်ရရှိရေး၊ တန်းတူအခွင့်အရေးများ ရရှိရေး စတဲ့ တော်လှန်ရေးပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးမှ ဒီကနေ့ အမေရိကန်ပြည်ထောင်စု ဖြစ်ပေါ်ခဲ့ရတာပါ။ 

အခွင့်အရေးတိုက်ပွဲပေါင်း များစွာအနက် အမေရိကန်အမျိုးသမီးများရဲ့ အခွင့်အရေးတိုက်ပွဲများအကြောင်း စတင် ပြောပြလိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားတွေရဲ့ရပိုင်ခွင့်နဲ့ပတ်သက်လို့ အငြင်းပယ်ခံခဲ့ရတာ အာဖရိကနွယ်ဖွား လူမည်းများသာမဟုတ်ဘဲ လူဖြူအမျိုးသမီးတွေကိုယ်တိုင် ပါဝင်ခဲ့ရပါတယ်။ အမျိုး သမီးများအနေနဲ့ အမျိုးသားတွေနဲ့တန်းတူ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခွင့်၊ အစိုးရဌာနတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် မရှိပါဘူး။ တချို့သော စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို တက်ရောက်ခွင့်မရှိသလို တချို့အလုပ်တွေကိုလည်း ဝင်ရောက်လုပ်ကိုင်ခွင့် မရှိပါဘူး။ ဝင်လို့ရတဲ့အလုပ်ဆိုရင်လည်း အမျိုးသားတွေနဲ့ တန်းတူ လုပ်ခ မရကြပါဘူး။ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်မရှိသလို မဲပေးခွင့်လည်း မရှိပါဘူး။ 


နာဇီခေတ် စာအုပ်မီးရှို့ပွဲ

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက အချို့သော အချက်အလက်နဲ့ စာသားများဟာ အမျိုးသမီးများရဲ့ သဘောထားတွေ၊ အယူအဆတွေဖြစ်ပေမယ့် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူတွေထဲမှာ အမျိုးသမီးတစ်ဦးမျှ မပါခဲ့ပါဘူး။ အမျိုးသမီးများရဲ့ အခွင့်အရေးဟာ ရာစုနှစ်ချီအောင် ခွဲခြားပိတ်ပင်ခံခဲ့ရပါတယ်။ 

၁၈၄၀ ပြည့်နှစ်မှာ အမေရိကန်နဲ့ ယူကေက ဖျက်သိမ်းရေးဝါဒီများဟာ ကျွန်စနစ်ဖျက်သိမ်းရေးအတွက် လန်ဒန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန် တက်ကြွလှုပ်ရှားသူ ကိုယ်စားလှယ်အများစုက အမျိုးသမီးများပါ။ ဒါပေမယ့် ညီလာခံစီစဥ်သူတွေက အမျိုးသမီးတွေကို ညီလာခံမှာ စကားပြောဆိုခွင့်မပြုရုံသာမက ခန်းမအလယ်ကိုတောင် ဝင်ထိုင်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် အမျိုးသမီးတွေဟာ ကန့်လန်ကာ ကာထားတဲ့ ခန်းမနောက်ဘက်မှာပဲ ထိုင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ခွဲခြားဆက်ဆံခံရခြင်းရဲ့ ထင်ရှားတဲ့ ပြယုဂ်ဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အမျိုး သမီးအခွင့်အရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ 

၁၇၇၆ ခုနှစ်မှာ အမေရိကန် လွတ်လပ်ရေးရခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အစိုးရ ပေါ်ပေါက်လာခဲ့ပေမယ့် "အမျိုးသမီးများရဲ့အလုပ်ဟာ အိမ်ထောင်ထိန်းသိမ်းခြင်းဖြစ်တယ်" ဆိုတဲ့ အယူအဆအောက်မှာပဲ နေထိုင်ခဲ့ရပါတယ်။ ကျွန်စနစ်ဖျက်သိမ်းပြီး ကျွန်အဖြစ်က လွတ်မြောက်လာတဲ့ လူမည်းအမျိုးသမီးတွေကတော့ စိုက်ခင်းတွေမှာ အလုပ်ကြမ်းလုပ်ကိုင်ခြင်း၊ မိသားစုအတွက် စိုက်ပျိုးခြင်းတွေပါ လုပ်ဆောင်ခဲ့ရပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတွေအနေနဲ့ မြေယာအဆောက်အအုံ ငွေကြေးပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဂျူရီလူကြီးအဖြစ် ဆောင်ရွက်ခွင့်မရှိ၊ မိမိအတွက် ကိုယ်တိုင်ခုခံချေပခွင့်မရှိ၊ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိ ဖြစ်ခဲ့ရပါတယ်။ 

လူလတ်တန်းစားနဲ့ အထက်တန်းလွှာ မိန်းကလေး အများစုက အမျိုးသမီးပီသအောင် ဘယ်လိုနေရမလဲဆိုတဲ့ နေထိုင်တတ်ဖို့ သင်ကြားခဲ့ရပါတယ်။ သီချင်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရှေးစာပေတွေက ညွှန်ပြတဲ့ညွှန်ကြားချက် အကြံပြုချက်တွေကိုသာ လိုက်နာ သင်ကြားခဲ့ရပါတယ်။ နိုင်ငံရေးနဲ့ ပြင်ပလောကဟာ အမျိုးသားတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့သဘော နှစ်ပေါင်းများစွာ ကျင့်သုံးနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

လွတ်လပ်ရေးရပြီး ၁၄၄ နှစ်အကြာ ၁၉၂၀ ပြည့်နှစ်ကျမှ အမျိုးသမီးများ မဲပေးခွင့်ရရှိခဲ့ပြီး မဲပေးခွင့်ရရှိခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ပြည့်တဲ့ ၂၀၂၀ ပြည့်နှစ်ရောက်မှ ပထမဆုံး အမျိုးသမီးဒုသမ္မတ ပေါ်ပေါက်ခဲ့တာပါ။ ရာစုနှစ်နဲ့ချီအောင် အခက်အခဲပေါင်းများစွာ ဖြတ်သန်းပြီးမှရခဲ့တာမို့ လွယ်လွယ်နဲ့ ရခဲ့တာတော့မဟုတ်ပါဘူး။ မျိုးဆက်တစ်ခုပြီးတစ်ခု ခေါင်းဆောင်တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းဆင်နွှဲခဲ့လို့သာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ 

တာဝန်သိသူအဖို့ တာဝန်ရှိတယ်လို့ ခံယူရင် လုပ်သင့်လုပ်ထိုက်တာတွေကို လုံ့လထုတ် လုပ်ဆောင်ကြမှာပါ။ ဒီလိုလူတွေများလာတာနဲ့အမျှ ကောင်းမွန်တဲ့လူ့ဘောင်ကို ပိုမိုတည်ဆောက်လာနိုင်ပါလိမ့်မယ်။ ငါတို့နဲ့အတူ ငါတို့တွေ ရှိနေမယ်လို့ ယုံကြည်ထားဖို့က အဓိကပါ။ ။ 

ထိန်လင်း
၁၉၊ ၁၁၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar