၅ နှစ်နီးပါးအကြာမှာ ဝန်ကြီးဌာန တချို့လျှော့ချ ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၈ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၉ ၊ ၂၀၂၅
၅ နှစ်နီးပါးအကြာမှာ ဝန်ကြီးဌာန တချို့လျှော့ချ ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ
၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ကို ၅ နှစ်နီးပါးအကြာမှာ ဝန်ကြီးဌာနတချို့ လျှော့ချပြီး ဝန်ကြီးအချို့ ရာထူးတာဝန် ပြောင်းလဲတာ၊ ရာထူးတိုးမြှင့်တာနဲ့ အချို့သော ဝန်ကြီးတွေ တာဝန်မှ အနားယူတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းက NUG အစိုးရ ပြုပြင်ပြောင်းလဲရေး အစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာလူကိုယ်တိုင်နဲ့ ဗီဒီယိုကွန်ဖရင့်ပေါင်းစပ်ကာ ဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနတခုက ဖေါ်ပြခဲ့ပြီးနောက် ၃ လ ကျော်အကြာမှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လူအများ မျှော်လင့်ကြတဲ့ NUG ပြုပြင်ပြောင်းလဲရေးက အခုလို နေရာအနည်းငယ် ရွှေ့ပြောင်းတာ၊ အဓိကမကျတဲ့ ဝန်ကြီးဌာနအချို့က ဝန်ကြီးတွေကို တာဝန်ပြောင်းလဲမှု လုပ်တဲ့ အတိုင်းအတာမျိုး ပြုပြင်ပြောင်းလဲမှုမျိုး မဟုတ်ပါဘူး။
နွေဦးတော်လှန်ရေး ထောက်ခံသူ လူအများက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးလို အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ ဝန်ကြီးဌာနတို့လို ဌာနတွေကို အခုထက်ပိုပြီး ကျွမ်းကျင် အတွေ့အကြုံရှိသူတွေနဲ့ အစားထိုး လဲလှယ်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် အခုထွက်ရှိလာတဲ့ ကြေညာချက်အရ အဆိုပါ ဝန်ကြီးဌာနတွေကို လဲလှယ်ခြင်း၊ အစားထိုးခြင်း မတွေ့ရတာကြောင့် ပြုပြင်ပြောင်းလဲမှုလို့ မခေါ်ဆိုနိုင်ကြောင်း သတင်းဖော်ပြမှုတွေ အောက်မှာ မှတ်ချက်ပြု ရေးသားနေကြတာ ဖြစ်ပါတယ်။ လူအများက ကာကွယ်ရေးဝန်ကြီးဌာနလိုမျိုးကို စစ်ရေး အတွေ့အကြုံရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက စစ်ရေးကျွမ်းကျင်သူလိုမျိုးကို တာဝန်ပေးဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ လူအများရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ NUG အနေနဲ့ လက်တွေ့မှာ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေသလဲ ဆိုတာ မသိပေမယ့် NUG ကို တိုင်းရင်းသားလက်နက်ကိုင် အားလုံး မဟုတ်သည့်တိုင် အဓိကကျတဲ့ အင်အားကောင်းတဲ့အဖွဲ့တွေနဲ့ တပ်ပေါင်းစုသဖွယ် စုစည်းပြီး ဗျူဟာတခုတည်းအောက်မှာ စစ်ရေးလုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ အာဏာရှင်စစ်တပ်ကို စစ်ရေးနည်းလမ်းနဲ့ အဆုံးတိုင် အောင်နိုင်ဖို့ တိုက်ခိုက်ကြရာမှာ တဖက်က တစုတစည်းတည်း၊ အမိန့်တခုတည်းအောက်က လက်နက်ကိုင် တပ်ဖြစ်နေပေမယ့် နွေဦးတော်လှန်ရေး ဘက်တော်သား လက်နက်ကိုင် အဖွဲ့တွေက အမိန့်တခုတည်း၊ မဟာဗျူဟာ တခုတည်းအောက်မှာ ရှိမနေကြတဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် တပ်ပေါင်းစု အနေအထားကို ရောက်ရှိဖို့လိုအပ်သလို အဆိုပါ တပ်ပေါင်းစုကို စစ်ရေးအတွေ့အကြုံရှိတဲ့ တပ်မှူးတွေက ဦးဆောင်စေလိုကြတာ ဖြစ်ပါတယ်။ ဒါက NUG အပေါ် လူအများက မျှော်လင့်ကြတဲ့ အဓိကကျတဲ့ အပြောင်းအလဲ လုပ်စေချင်တဲ့ ပထမဆုံး ဦးစားပေး အချက်ဖြစ်ပါတယ်။
နောက်တချက်ကတော့ PDF တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အခုလက်ရှိ အခြေအနေထက် ပိုပြီးတိုးတက်ကောင်းမွန်အောင် ပြည်ထဲရေး ဝန်ကြီးဌာနလိုမျိုးကိုလည်း အုပ်ချုပ်ပုံပြောင်းတာ စနစ်ပြောင်းတာ၊ တာဝန်ယူသူ ပြောင်းလဲတာတွေကို လူအများက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
အခုထုတ်ပြန်ချက် ပေါ်ထွက်လာရာမှာ လူအများက NUG ကို ပြုပြင်ပြောင်းလဲဖို့ မျှော်လင့်ထားတဲ့ အရာတွေကို ကြီးကြီးမားမား လုပ်ဆောင်ပြောင်းလဲတာ မတွေ့ရတဲ့အပေါ် လူထုအနေနဲ့ စိတ်ပျက် အားလျော့မှုတွေ ရှိနေကြတာ လူမှုကွန်ရက်က မှတ်ချက်တွေ အမြင်တွေကို ဖတ်ကြည့်ရင် သိရှိနိုင်ပါတယ်။
တော်လှန်ရေးကာလ စစ်ပွဲတွေ ဆင်နွှဲနေရတဲ့ကာလမျိုးမှာ စီးပွားကူးသန်းရောင်းဝယ်ရေးတို့လို၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့လို ဝန်ကြီးဌာနတွေ မလိုအပ်ဘဲ ဖွဲ့စည်းထားတာတွေကို NUG ကို ထောက်ခံသူတွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းကို အဓိက လမ်းစဥ်အဖြစ် မှတ်ယူထားခဲ့ရင် စစ်အောင်နိုင်ရေးကို အဓိကထားပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့ လူအများက မျှော်လင့်ကြတာ ဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းနဲ့ အောင်နိုင်ဖို့အတွက် စစ်ရေး အတွေ့အကြုံရှိတဲ့ သူတွေကို ကာကွယ်ရေးဝန်ကြီးလို ဌာနမျိုးမှာ ဦးဆောင်သူအဖြစ် ပါဝင်လာစေချင်ကြတာ လူအများစုရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ တကယ်လို့ စစ်ရေးနည်းလမ်းက အရန်နည်းလမ်းဖြစ်ပြီး သံတမန်ရေး၊ နိုင်ငံတကာ ဖိအားနဲ့ အာဏာသိမ်းစစ်တပ်ကို ဖိအားပေးပြီး အောင်မြင်အောင် လုပ်ဆောင်မယ့် လမ်းစဥ်မျိုး ချမှတ်ထားခဲ့တယ် ဆိုရင်တော့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးနဲ့ ပတ်သက်လို့ ပိုမိုအင်အားဖြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
NUG ပြုပြင်ပြောင်းလဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ခုထက်ပိုပြီး လက်တွဲလုပ်ကိုင်နိုင်မယ့် အစိုးရအဖွဲ့အစည်းမျိုး ဖြစ်အောင် မပြောင်းလဲနိုင်ခြင်းက ဘယ်အရာက အတားအဆီး ဖြစ်နေတာပါလဲ။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုယ်၌က NUG နဲ့ ထိတွေ့ဆက်ဆံခြင်း မပြုဖို့ ပြောဆိုထားတာကြောင့်လား။ ရှမ်းမြောက်ဒေသ တရုတ်နိုင်ငံနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကိုတော့ တရုတ်နိုင်ငံက NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ဖို့ ပြောဆိုမှုတွေရှိတာ ယမန်နှစ် သြဂုတ်လက UWSA အဖွဲ့ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်တို့ ရဲ့အစည်းအဝေးမှတ်တမ်းမှာ တွေ့ရှိကြရပါတယ်။
အဲဒီလို တရုတ်နိုင်ငံက ဖိအားပေးနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမဟုတ်တဲ့ မြန်မာနိုင်ငံ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက အခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေက တရုတ်ရဲ့ဖိအား မရှိတာကြောင့် အဆိုပါ ဒေသက Ethnic Revolutionary Organization တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရှိနေတာ ဖြစ်ပါတယ်။
KNU ၊ KNPP ၊ AA ၊ CNF နဲ့ KIA တို့အဖွဲ့တွေနဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ NUG ထဲမှာ အဆိုပါ အဖွဲ့တွေက ပါဝင်နိုင်ဖို့ ပိုပြီး ထဲထဲဝင်ဝင် ပြောဆိုစည်းရုံးကာ NUG ကို ပြုပြင်ဖွဲ့စည်းနိုင်ကြဖို့ လူအများက မျှော်လင့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ခြုံပြီး ကောက်ချက်ချရရင် ယခု ဒီဇင်ဘာ ၈ ရက်နေ့ နေ့စွဲနဲ့ ထွက်ပေါ်လာတဲ့ NUG အစိုးရပြုပြင်ပြောင်းလဲရေး အစီအစဥ်က သိသာတဲ့ ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်ဖွဲ့စည်းရေးလို့ ဆိုရခက်တဲ့ သာမန် အပေါ်ယံပြုပြင်ပြောင်းလဲမှု အစီအစဥ် တရပ်အဖြစ်သာ လူအများက ရှုမြင်နေကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar