ငါးနှစ် စီမံကိန်းများ
ဆိုရှယ်လစ်နိုင်ငံများ ကျင့်သုံးတဲ့ စီမံကိန်းကျ စီးပွားရေးစနစ်မှာ ငါးနှစ်-စီမံကိန်းများကို ရေးဆွဲလုပ်ဆောင်လေ့ ရှိပါတယ်။ ဆိုဗီယက်ယူနီယံက ၁၉၂၇ ခုနှစ်မှာ ပထမဆုံးသော-ငါးနှစ်စီမံကိန်းကို စတာလင်ခေတ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိလာတဲ့အခါ (အထူးသဖြင့်-ဆိုဗီယက်က ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်ရလိုက်တဲ့အခါ) ကမ္ဘာကျော်သွားပါတော့တယ်။ ဥရောပမှာ အလွန်ဆင်းရဲ ခေတ်နောက်ကျတဲ့ လယ်ယာလုပ်ငန်းနိုင်ငံကို နှစ်အနည်းငယ်အတွင်း (ငါးနှစ်စီမံကိန်း ၃-၄-ကြိမ်အတွင်း) ဥရောပရဲ့ နံပါတ် (၁) စက်မှုလုပ်ငန်း နိုင်ငံကြီးအဖြစ် ပြောင်းလဲလိုက်နိုင်ပြီး ပြည်သူလူထုရဲ့ နေထိုင်မှုဘဝကိုလည်း ဘက်စုံက လျင်လျင်မြန်မြန်နဲ့ တိုးတက်မှုရှိအောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဒါဟာ ဆိုရှယ်လစ်စနစ်ဟာ အရင်းရှင်စနစ်ထက် သာလွန်တယ်ဆိုတာ ပြသလိုက်ခြင်းပါ။ ဒါ့အပြင် ဆိုရှယ်လစ်စနစ်ကို တနိုင်ငံတည်းနဲ့ တည်ဆောက်နိုင်ပါ့မလားဆိုတဲ့ သံသယကိုလည်း ချေဖျက်ပေးလိုက်နိုင်ပါတယ်။ (၂၀) ရာစု မာက်စ်ဝါဒရဲ့ အောင်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ တကယ်လည်း ဆိုရှယ်လစ်နိုင်ငံက အစိုးရတွေ ကျင့်သုံးကြတဲ့ စီမံကိန်းကျ စီးပွားရေးစနစ်မှာ အားကောင်းချက်တွေရှိပါတယ်။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ (ဘာထုတ်လုပ်မလဲ၊ ဘယ်လို ထုတ်လုပ်မလဲ၊ ဘယ်သူ့အတွက် ထုတ်လုပ်မလဲ စတာတွေ) ကို အစိုးရက စီမံကိန်းချပြီး လုပ်ဆောင်တာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကိုလည်း ဗဟိုကပဲ ချုပ်ကိုင်ထားတာပါ။
အရင်းအမြစ်တွေ အားလုံးကို တနေရာတည်း (ဥပမာ-စက်မှုလုပ်ငန်း တည်ဆောက်ရေး) စုစည်း အသုံးပြုနိုင်တယ်။ ငါးနှစ်စီမံကိန်း ဆိုတဲ့ အလွန်သိပ္ပံနည်းကျတဲ့ စီးပွားရေးရည်မှန်းချက် (ဆန်စပါး-သံမဏိ ဘယ်လောက် ထုတ်လုပ်မယ်။) တွေ ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်တယ်။ ဈေးနှုန်းနဲ့ လုပ်အားခ တွေကိုလဲ အစိုးရကပဲ သတ်မှတ်တာ ဖြစ်လေတော့ စျေးကွက်တွေက တည်ငြိမ်တယ်။ ပြည်သူလူထု အကျိုးရှိရေးနဲ့ တန်းတူညီမျှရေးကို ဦးတည်ထားလို့ လူထုထောက်ခံမှုကိုရပြီး ပြည်တွင်းတည်ငြိမ်ရေးကို ရရှိစေတယ်။ ဒါတွေကြောင့်ပဲ ဆိုဗီယက်ယူနီယံရဲ့ အစောပိုင်း ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး ငါးနှစ်စီမံကိန်းတွေ အောင်မြင်ခဲ့ပြီး တကမ္ဘာလုံးက အဖိနှိပ်ခံ ပြည်သူတွေရဲ့ အားကျလေးစားမှုကို ရခဲ့တာပါ။
ဆိုရှယ်လစ်စနစ်ဟာ အဲဒီပြည်သူတွေရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပြီး ဦးတည်ရည်မှန်းချက်ကြီးလည်း ဖြစ်လာပါတော့တယ်။ ဒီလို အားကောင်းချက်တွေ အမြောက်အမြား ရှိသလို အားနည်းချက်အချို့လဲ ရှိပါတယ်။ ဗဟိုချုပ်ကိုင်မှုက တင်းကျပ်တာကြောင့် တခါတရံ အောက်ခြေ လိုအပ်မှုတွေနဲ့ ကွာလှမ်းသွားလို့ ကုန်ပစ္စည်းတွေ ပိုလျှံမှု-လိုအပ်မှုတွေ ပေါ် ပေါက်ပြီး အချိန်မီ မဖြေရှင်းနိုင်တာမျိုး၊ ဗျူရိုကရေစီစနစ် အားကြီးလာတာမျိုး၊ ဈေးကွက်ယှဉ်ပြိုင်မှု မရှိလို့ လူတွေမှာ ကြိုးစားလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ် အားနည်းတာမျိုး၊--စတာတွေရှိပြီး ဒါတွေကို အချိန်မီ ပြုပြင်နိုင်ခြင်း မရှိတာတွေကြောင့် အားနည်းချက်တွေ စုပုံလာပြီး နောက်ဆုံးမှာတော့ ဆိုဗီယက်ယူနီယံကြီး (ငါးနှစ်စီမံကိန်း ၁၃ ကြိမ်မြောက်) ၁၉၉၁ မှာ ပြိုကွဲသွားရပါတော့တယ်။ အဲဒီက အဆက်အနေနဲ့ အရှေ့ဥရောပက ဆိုရှယ်လစ်နိုင်ငံများလည်း အသွေးအရာင်တွေ ပြောင်းလဲသွားပါတော့တယ်။ (မှတ်ချက်။ ဒီအကြောင်း အပြည့်အစုံရေးပြီးပါပြီ။ လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၈) - MoeMaKa Media)။
ဒီ ဆိုဗီယက်တွေရဲ့ အားနည်းချက်တွေကို အစောဆုံး စမြင်ခဲ့တဲ့သူကတော့ ဥက္ကဋ္ဌ မော်ပါ။ ၁၉၅၇ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းအစည်းအဝေးကြီး တခုမှာ မော်ဟောပြောခဲ့တဲ့-ဆက်ဆံမှုကြီး (၁၀) ချက်ဆိုတဲ့ စာတမ်းမှာ ဒီအကြောင်းတွေ အရိပ်အမြွက် ပါနေပါပြီ။ ဒါ့အပြင် သူ့လူတွေကိုလည်း ဆိုဗီယက်လုပ်ရပ်တွေကို အလုံးစုံ ကူးချတာတွေ မလုပ်ဖို့နဲ့ စီမံကိန်းတွေရေးဆွဲပြီး အကောင်အထည်ဖော်တဲ့ အခါမှာ တဆင့်ချင်း တဆင့်ချင်း (၃ လ တကြိမ်-၆လ တကြိမ်) ပြန်လည်စစ်ဆေးတာတွေ၊ နိဂုံးချုပ်တာတွေ လုပ်ဖို့၊ တွေ့လာတဲ့ အမှားတွေ ချို့ယွင်းချက်တွေကို အချိန်မီပြင်ဖို့တွေ-ကိုလည်း သတိပေးထားပါတယ်။ (မှတ်ချက်-ဒီစာတမ်း ဘာသာပြန်ဆိုချက်များကို-မိုးမခမှာ တင်ထားပြီးပါပြီ။)
တရုတ်ပြည်အနေနဲ့ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စမ်းတဝါးဝါး ရှာဖွေရင်း အတက်အကျ အမျိုးမျိုး ဖြတ်သန်းပြီးနောက် ၁၉၇၈ ခုနှစ် နောက်ပိုင်းမှာ တိန့်ရှောင်ပင်ရဲ့ -ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ- လမ်းကြောင်းအောက်က-ဆိုရှယ်လစ် စျေးကွက်စီးပွားရေးစနစ်-ဆိုတာကို စမ်းသပ်လုပ်ဆောင်ရင်း တဖြည်းဖြည်းနဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တိန့်ရှောင်ပင်က ဒီလိုပြောပါတယ်။
"သူတို့အရင်းရှင်နိုင်ငံများက သူတို့အရင်းရှင်စနစ်ကြီး တိုးတက်စေရေးအတွက် -စီမံကိန်းကျ စီးပွားရေးစနစ်ကို သုံးနိုင်ရင် တို့များကလည်း တို့တွေရဲ့ ဆိုရှယ်လစ်စနစ်အတွက် သူတို့ရဲ့ လွတ်လပ်တဲ့ ဈေးကွက်စနစ်ကို ဘာလို့ ယူမသုံးနိုင်ရမလဲ" တဲ့။
ဒီမှာတင်-စီမံကိန်းကျ စီးပွားရေးစနစ် အောက်မှာ တင်းကျပ်စွာ ချုပ်ကိုင်ထားတဲ့ ကုန်ထုတ်လုပ်ရေး စွမ်းအားစုတွေကို ပြုပြင်ပြောင်းလဲရေးပေါ်လစီ အမျိုးမျိုးနဲ့ တစတစ လွှတ်ပေးလိုက်ပါတယ်။ အကြီးစားစီးပွားရေး စီမံကိန်းကြီးများ(Macro-economy) ကိုသာ ဗဟိုက ကိုင်ထားပြီး ကျန်လုပ်ငန်း အတော်များများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်တွေ ပေးထားပါတယ်။ ကိုယ် လုပ်နိုင်သလောက် လုပ်ပြီး ရသလောက် လွတ်လပ်စွာယူခွင့်ဆိုတဲ့ မက်လုံး (incentives)တွေ၊ ဈေးနှုန်းတွေ၊ လုပ်အားခတွေကိုလည်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်တွေ ပေးထားပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့်များကိုလည်း အတော်များများ ခွင့်ပြုလိုက်ပါတယ်။
ဒါဟာ အဲဒီကာလက ကမ္ဘာကြီးကို အရှိန်အဟုန်ကြီးမားစွာနဲ့ ဝင်ရောက်လာနေတဲ့ ဂလိုဘာလိုင်ဇေးရှင်း လှိုင်းကြီးအတွင်း တရုတ်ပြည်ကြီးက ဝင်ရောက် ကူးခတ်လိုက်တာပါပဲ။ ဒါပေမဲ့-ဒီစီးပွားရေးလုပ်ငန်းတွေ အားလုံးကို နိုင်ငံရေးအရ ထိန်းချုပ်မှုတွေ ရှိပါတယ်။ ဒီလုပ်ငန်းတွေ အားလုံးကို လုပ်ဆောင်ရာမှာ မူကြီး (၄) ရပ်ကို ကိုင် စွဲထားရမယ်" လို့ တရုတ်ကွန်မြူနစ်ပါတီက ညွှန်ကြားထားပါတယ်။
အဲဒီ မူကြီး (၄) ရပ်ကတော့
၁။ ဆိုရှယ်လစ်လမ်းကြောင်းကို လိုက်ရမယ်။
၂။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ခံယူရမယ်။
၃။ ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်ကို နာခံရမယ်။
၄။ မာက်စ်ဝါဒ-လီနင်ဝါဒ-မော်စီတုန်းအတွေးအခေါ်ကို ကိုင်စွဲထားရမယ် ဆိုတာတွေပါပဲ။
ဒီလိုနိုင်ငံရေးအရ ထိန်းချုပ်မှုအောက်မှာ ဈေးကွက်စနစ်ရဲ့ အားနည်းချက်များ (ဥပမာ-အမြတ်ငွေရရေးသာ အဓိကထားမှု၊ ဝင်ငွေကွာခြားမှု)ကို ပြုပြင်၊ ပြင်ဆင်ရင်း စနစ်တကျ သိပ္ပံနည်းကျ ငါးနှစ်စီမံကိန်းများ ရေးဆွဲပြီး လုပ်ဆောင်လာရာ ဒီနှစ်အကုန် (၂၀၂၅) မှာ ၁၄ ကြိမ်မြောက်-ငါးနှစ်စီမံကိန်း အောင်မြင်စွာ ပြည့်မီခဲ့ပြီး ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၁၅-၂၀၃၀) ကို ချမှတ်လိုက်ပြီး ၂၀၃၀ အကုန်မှာ တရုတ်ပြည်ကို အတော်အသင့် ကြွယ်ဝချမ်းသာတဲ့ အလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံဖြစ်ရေး ရည်မှန်းချက်ကို ကြေညာခဲ့ပါတယ်။
ဒီလိုနည်းနဲ့ တရုတ်ပြည်ဟာ တရုတ် ထူးခြားချက်လက္ခဏာနဲ့ ကိုက်ညီတဲ့ တရုတ်ဆိုရှယ်လစ်စနစ်ကို တည်ဆောက်နေရာမှာ (ဒီနေ့အထိ) ဖြည်းဖြည်းမှန်မှန်နဲ့ တဆင့်ပြီးတဆင့် တိုးတက်လာနေတာ တွေ့ရပါတယ်။
အခု တရုတ်က သူ့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေး လမ်းစဉ်အဖြစ် သုံးနေတဲ့ (မျိုးစပ်စနစ် hybrid system) အရင်းရှင်စီးပွားရေးစနစ်က ကောင်းမွန်တဲ့ အချက်အလက်တွေကို မိမိတို့ရဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးမှာ အသုံးပြုနေတဲ့စနစ်ကို တခြားနိုင်ငံများက အသုံးတည့်အောင်လည်း ကူညီလုပ်ဆောင်ပေးရင်း-အကျိုးစီးပွားတွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံကို တင်ပြီး ကျန်ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံများ (ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ)ကို စည်းရုံးပြီးကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ညီမျှပြီး တရားမျှတလာရေးအတွက် ကြိုးစားနေတာ တွေ့ရပါတယ်။ အောင်မြင်မလား ဆိုတာကတော့ အချိန်တခု စောင့်ကြည့်ရပါလိမ့်မယ်။
လှကျော်ဇော
(၆-၁၂-၂၀၂၅)
မှတ်ချက်
၂။ www.deepseek.com တို့မှ အချက်အလက်များ ရယူပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar