ကမ္ဘာ့ဘဏ် အစီရင်ခံစာနဲ့ စစ်ပွဲကာလအတွင်း မြန်မာ့စီးပွားရေး
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၉ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၀ ၊ ၂၀၂၅
ကမ္ဘာ့ဘဏ် အစီရင်ခံစာနဲ့ စစ်ပွဲကာလအတွင်း မြန်မာ့စီးပွားရေး
ယခုနှစ်မကုန်ခင် သီတင်းပတ်အနည်းငယ် အလိုမှာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ် ရဲ့ စောင့်ကြည့်လေ့လာ အကဲဖြတ်ချက် ပေါ်ထွက်လာခဲ့ပါတယ်။ အကဲဖြတ်ချက် အရ မြန်မာ့စီးပွားရေး နာလန်ပြန်ထူလာတဲ့ လက္ခဏာတချို့ တွေ့လာရတယ်လို့ ဖော်ပြထားပါတယ်။ လာမယ့်ဘဏ္ဍာရေးနှစ်ကုန်မှာ မြန်မာနိုင်ငံ ပြည်တွင်း အသားတင် ထုတ်ကုန် ပမာဏ (ဂျီဒီပီ) ညွှန်းကိန်းဟာ ၂ ရာနှုန်းကျဆင်းလိမ့်မယ်လို့ ခန့်မှန်းပြီး ပြီးခဲ့တဲ့ နှစ်လယ်ပိုင်း စစ်ကိုင်းငလျင်ကြီးပြီးခါစ ခန့်မှန်းချက်ထက်စာရင် ဒသမ ၅ ရာနှုန်း မြင့်တက်လာတာဖြစ်ပါတယ်။
အခုလို ယခင်ခန့်မှန်းချက်ထက် ဒသမ ၅ ရာနှုန်းမြင့်တက်ခဲ့ခြင်း အကြောင်းရင်းတွေ အနက် ငလျင်ဘေးကြုံတွေ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့ ငလျင်ဘေးကို အဆိုးဆုံးကြုံတွေ့ခဲ့ရသူတွေကို ဦးတည်ထောက်ပံ့မှုတွေကြောင့် နဂိုခန့်မှန်းချက်ကို ပြင်ဆင်ခန့်မှန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီလမှ စက်တင်ဘာလအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး အတိုင်းအတာတခုထိ မြင့်တက်လာခဲ့တယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်စာမှာ ဖော်ပြထားပါတယ်။
ငွေကြေးဖောင်းပွမှုရှိနေဆဲ ဖြစ်ပေမယ့် ယခင်နှစ်တွေကနဲ့ စာရင် ၂၀၂၅ မှာ တနှစ်တာလုံး တည်ငြိမ်ပြီး ကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။ စိန်ခေါ်မှုတွေ အနေနဲ့ ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာရေး အရင်းအမြစ် ရှားပါးမှု၊ စစ်ပွဲတွေကြောင့် လုံခြုံရေးအားနည်းမှုနဲ့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၆ လတာ စောင့်ကြည့်အကဲဖြတ် အစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က သဘောတူမယ့် လက္ခဏာ မတွေ့ရသလို အချို့သော နိုင်ငံတကာ စီးပွားရေးပညာရှင်တွေကလည်း အစီရင်ခံစာဟာ အခြေအနေမှန်ကို မထင်ဟပ်ဘူးဆိုတဲ့ သဘောမျိုး မှတ်ချက်ပြုဝေဖန်တာလည်း တွေ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ စီးပွားရေး အနေအထားက ဆိုးရွားနေဆဲ အနေအထားတွေကို မထင်ဟပ်ဘူးလို့ ဆိုလိုချင်တဲ့ သဘော ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာနိုင်ငံထဲမှာ ၄င်းရဲ့ အချက်အလက် ကောက်ယူတဲ့ ဝန်ထမ်းနဲ့ ကျွမ်းကျင်သူ တချို့ထားရှိပြီး ဒီအစီရင်ခံစာကို ပြုစုတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအစီရင်ခံစာအရဆိုရင် မြန်မာ့စီးပွားရေးက အဆိုးဆုံး အခြေအနေတွေကနေ ကျော်လွန်လာခဲ့တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြားကုန်ထုတ်လုပ်နိုင်စွမ်းအားတွေ ကြီးကြီးမားမား ထိခိုက်ကျဆင်းနေချိန်၊ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းမှုကြောင့် လူငယ်တွေ နည်းလမ်းအမျိုးမျိုးနဲ့ နိုင်ငံပြင်ပထွက်ခွာနေကြပြီး လုပ်အားအရင်းအမြစ် ရှားပါးလာနေတာတွေကို ဒီအစီရင်ခံစာမှာ ထင်ဟပ်မနေဘူးလို့ ဆိုလိုကြတာ ဖြစ်ပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားသလို မြန်မာကျပ်ငွေ တန်ဖိုးဖောင်းပွမှု ၂၀ ရာနှုန်းထိရှိနေသည့်တိုင် ၂၀၂၅ ခုနှစ်ထဲမှာ တန်ဖိုးတည်ငြိမ်လာတယ် ဆိုတဲ့ ဖေါ်ပြချက်က အချက်အလက်အားဖြင့် မှန်ပေမယ့် ကျပ်ငွေတန်ဖိုး တည်ငြိမ်စေဖို့ ပြည်ပသွင်းကုန်တွေကို တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့တာကြောင့် လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းအဆမတန် မြင့်တက်ခဲ့တာ နေ့စဥ် စားသောက်ကုန် ဈေးနှုန်းတွေလည်း မြင့်တက်နေတာက နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကနေ နယ်စပ်ကုန်သွယ်ရေးနဲ့ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေနဲ့ ပုံမှန်ကုန်သွယ်ရေးက တဆင့်တင်သွင်းနေတဲ့ ဆေးဝါးတို့လို ကုန်ပစ္စည်းတွေကိုပါ ကန့်သတ်တားမြစ်လိုက်ခြင်းက နေ့စဥ် စားသုံးနေကြရတဲ့ ဟင်းချက်ဆီ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး နဲ့ ဆေးဝါး အသုံးအဆောင်တွေ ဈေးမြင့်တက်မှုတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ လဲလှယ်လိုအားကျဆင်းစေဖို့ အထက်ကလို ကုန်ပစ္စည်းတင်သွင်းမှုတွေကို ကန့်သတ်ခဲ့ပြီး ကျပ်ငွေ တန်ဖိုးကို အမေရိကန် ၁ ဒေါ်လာ မြန်မာကျပ် ၄၀၀၀ ဝန်းကျင်မှာ ရှိနေစေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ပေမယ့်လည်း သယ်ယူပို့ဆောင်ခ၊ လူနေမှုစရိတ်၊ စားသောက်ကုန် နဲ့ အထွေထွေ ကုန်ဈေးနှုန်းတွေက လျော့ကျခြင်းမရှိဘဲ မြင့်တက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
အမှန်တကယ်တော့ မြန်မာ့စီးပွားရေး အနေအထားက စစ်ပွဲကာလ စီးပွားရေး အနေအထားမျိုး ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၅၀ ရာနှုန်းကျော်နယ်မြေတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါ ဒေသတွေမှာ ပုံမှန် စိုက်ပျိုး၊ မွေးမြူတာ ကုန်ထုတ်လုပ်တာ၊ ကုန်ဖလှယ်တာတွေ လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးမဟုတ်ပါဘူး။ စိုက်ပျိုးပြီး ရိတ်သိမ်းခွင့်မရတဲ့ စိုက်ခင်းတွေ အများအပြားရှိနေပြီး၊ အချို့ဒေသတွေမှာတော့ ရိတ်သိမ်းနိုင်ပေမယ့် စိုက်ပျိုးထားတဲ့ စပါး၊ သီးနှံတွေကို ဝယ်ယူသူ မရှိတာ၊ ရသင့်ရထိုက်တဲ့ ဈေးနှုန်းမရတာ၊ နယ်စပ်ဖြတ်ကျော် တင်ပို့ခွင့်မရတာ စတဲ့ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လွယ်ကူစွာ တင်ပို့နိုင်ခြင်း မရှိတာကြောင့် ဆန်ကြမ်းတွေ စျေးမရတဲ့ ပြဿနာမျိုးကို ကြုံတွေ့နေကြရသလို၊ ရခိုင်ပြည်နယ်လို ဒေသက ထွက်ရှိတဲ့ စပါးနဲ့ ဆန်ကိုလည်း ပြည်မဘက်ကို တင်ပို့ဖို့ အတားအဆီး အခက်အခဲတွေ ရှိနေတာမျိုး ဖြစ်ပြီး စျေးမရတဲ့ အဖြစ်၊ ရောင်းမထွက်တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
အလားတူ ရှမ်းတောင်၊ ရှမ်းမြောက်တို့လိုဒေသတွေမှာ စိုက်ပျိုးတဲ့ ပြောင်းတွေကိုလည်း ခူးဆွတ်ချိန်ရာသီမှာ ကောင်းစွာတင်ပို့နိုင်ခြင်း မရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရလေ့ရှိတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေမှာ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ၊ ခရီးသွားလာမှုတွေက အတားအဆီးအမျိုးမျိုး၊ မတန်တဆ အခွန်အကောက်ပေးရတာမျိုး၊ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေ စတဲ့ အကြောင်းအချက်တွေက ကုန်ထုတ်လုပ်မှုနဲ့ ရောင်းချမှုတွေကို ကြီးကြီးမားမား သက်ရောက်မှု ရှိနေကြတာ ဖြစ်ပါတယ်။
အခုလိုစစ်ပွဲကာလ၊ လျော့ရဲတဲ့ အုပ်ချုပ်မှု သို့မဟုတ် ပုံမှန်မဟုတ်တဲ့ အုပ်ချုပ်မှုအောက်မှာ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး အဆိုပါ သယံဇာတ အလွန်အကျွံထုတ်ယူမှုက ရရှိတဲ့ ငွေကြေးတွေကလည်း မြန်မာနိုင်ငံ အသားတင်ထုတ်လုပ်မှုမှာ အရေးပါတဲ့ ပမာဏတခုအထိ ရှိနေလိမ့်မယ်လို့ ယူဆရပါတယ်။ စစ်ပွဲ ကျယ်ပြန့်လာတဲ့ ကာလတွေမှာပဲ မြေရှား၊ ရွှေ၊ ပတ္တမြား၊ ကျောက်စိမ်းနဲ့ ကြိုးဝိုင်းတွေ၊ ဘေးမဲ့တောတွေက သစ်ထုတ်လုပ်မှုတွေက အရှိန်အဟုန်နဲ့ မြင့်တက်လာနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ဖားကန့်၊ မိုးကုတ်၊ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း၊ ရှမ်းအရှေ့၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ အဆိုပါ အဖြစ်အပျက်တွေက ကျယ်ပြန့်စွာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီလို သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကနေ ရရှိတဲ့ အခွန်အခ အများစုက လုပ်ပိုင်ခွင့်ရှိသူ အာဏာရှိသူတွေရဲ့ တဦးချင်း အကျိုးစီးပွား၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ အကျိုးစီးပွားနဲ့ ပြည်တွင်းစစ်ပွဲ ပိုမိုအရှိန်အဟုန်နဲ့ တောက်လောင်ဖို့ လောင်စာတွေအဖြစ် ရောက်ရှိကုန်ကြပြီး အများပြည်သူတွေ အနေနဲ့ အကျိုးခံစားရတာမျိုး မဟုတ်ပါဘူး။
တရားမဝင် စီးပွားရေး လုပ်ငန်းတွေအနက် မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပေါ်မှီတည်နေတဲ့ ငွေကြေး ကိန်းဂဏန်းတွေ အခုလို စီးပွားရေး အစီရင်ခံစာတွေမှာ ပါဝင်ခြင်း မရှိသေးဘူးလို့ ယူဆရပါတယ်။ ဒီလုပ်ငန်းတွေက ရရှိတဲ့ ငွေကြေးအများစုကတော့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ၄င်းတို့ကို အကာအကွယ်ပေးတဲ့ စစ်တပ်၊ လက်နက်ကိုင်အဖွဲ့တွေဆီ စီးဆင်းသွားကြပြီး အချို့သော ဒေသခံတွေအနေနဲ့ ဒီလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ပြီး ပမာဏ တခုသော ဝင်ငွေရရှိကြတာလည်း ဖြစ်ပါတယ်။
ချုပ်ဆိုရရင်တော့ စစ်ပွဲကာလ၊ လက်နက်ကိုင် ပဋိပက္ခကာလ မြန်မာ့စီးပွားရေး အခြေအနေက နာလန်ထူလာတဲ့ လက္ခဏာအချို့ တွေ့ရတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဆိုတဲ့တိုင် သာမန်လူထုအဖို့မှာတော့ ကြီးမားတဲ့ လူနေမှုစရိတ်၊ တရားဝင်၊ တရားမဝင်တဲ့ အထွေထွေသော အခွန်အကောက်တွေက လည်ပင်းထိ ရောက်လုနီးပါးနဲ့ ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar