Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၉ လ ၂၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၂၁

◾️ သတင်းအချက်အလက်မှန်ရဲ့ တန်ဖိုး 
သတင်းအချက်အလက်မှန်ဆိုလို့ သတင်းတွေထဲပါရှိနေတဲ့ အချက်အလက်တွေက အားလုံးမှားနေလို့လား ဘာတွေ လွဲမှားနေလို့လဲဆိုတဲ့ မေးခွန်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒီမေးခွန်းကိုပြန်ဖြေရရင် သတင်းတွေထဲပါနေတဲ့ အချက်အလက်တွေက အားလုံးမမှန်နိုင်ပါဘူး။ သတင်းရင်းမြစ်တွေကိုယ်၌က အကျိုးစီးပွားတွေရှိနေခဲ့လို့ရှိရင် သတင်းထဲမှာပါဝင်နေတဲ့ သတင်းအချက်အလက်တွေက သာသာထိုးထိုးပြောထားတာ၊ အရေးကြီးပေမယ့်လည်း မပြောချင်တဲ့အချက်အလက်ကို ချန်လှပ်ထားလိုက်တာတွေ ဖြစ်နိုင်ချေ အစဥ်အမြဲရှိတာကြောင့် သတင်းတွေထဲပါရှိနေတဲ့ အချက်အလက်တွေနဲ့တင် အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ချမှတ်သူတွေ၊ အထူးသဖြင့် လှုပ်ရှားမှုကြီးတခုကိုဦးဆောင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအဖို့ သတင်းမီဒီယာထဲမှာ ပါရှိနေတဲ့အချက်အလက်တွေကိုသာ အားကိုးပြီး ဆုံးဖြတ်ချက်တွေကို ချမှတ်လို့မဖြစ်ပါဘူး။ 

သတင်းမီဒီယာရဲ့သဘောက အများပြည်သူအတွက် သတင်းအချက်အလက်တွေပံ့ပိုးပေးပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ လူမှုဘဝမှာ သိသင့်တဲ့အချက်အလက်တွေကအဓိကဖြစ်ပြီး၊ အားကစားလို အနုပညာလို တချို့သောသတင်းတွေက ဖျော်ဖြေမှုသဘောလည်း ဆောင်ပါတယ်။ ဒါက ယေဘုယျသဘောဆောင်တဲ့ပရိသတ်အတွက် သတင်းမီဒီယာရဲ့ ရည်ရွယ်ချက်တန်ဖိုးဖြစ်ပါတယ်။ 

အဲဒီလို ယေဘုယျပရိသတ်အတွက် တင်ဆက်တဲ့သတင်းတွေအပြင်ကို သတ်သတ်မှတ်မှတ် ပရိသတ်အတွက် တင်ဆက်တဲ့ သတင်းတွေ၊ အဖွဲ့အစည်းတခုထဲအတွက်ပဲ စုဆောင်းပြုစုတဲ့သတင်းတွေလည်း ရှိနေပါသေးတယ်။ 

ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်သူတွေအတွက်ဆို စီးပွားရေးနဲ့ပတ်သက်တဲ့ သတင်းတွေက အခမဲ့ ဘယ်သူမဆို ဖတ်ရှုခွင့်ပေးမထားပဲ စာစောင်ကို ဝယ်ဖတ်မှရနိုင်တာ၊ သူ့ဝက်ဆိုက်ကို အခပေးထားသူမှ သတင်းအကုန်လုံး ဖတ်ရှုခွင့်ရတာမျိုး ဖြစ်ပါတယ်။ 

ဒီထက်ပိုပြီး ပိုအာရုံစူးစိုက်ပြီး စီးပွားရေးဆိုင်ရာအချက်အလက်တွေ စုစည်းထားတဲ့သတင်းတွေ အစီရင်ခံစာတွေ အကဲဖြတ်ချက်လိုမျိုးကတော့ နိုင်ငံတကာကုမ္ပဏီကြီးတွေလို ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားလုပ်မယ့် ကုမ္ပဏီတွေက Public Relation လို ကြော်ငြာအေဂျင်စီကြီးတွေလိုကိုအပ်ပြီး ပြုစုစေပါတယ်။ အချို့သော နိုင်ငံတကာ အန်ဂျီအိုကြီးတွေလည်း အလားတူ အထူးပြုသတင်းအချက်အလက်ဆိုင်ရာ အစီရင်ခံစာတွေကို အေဂျင်စီတွေကို အပ်နှံကြရပါတယ်။ 

ဒါတင်မက နိုင်ငံတကာသံရုံးတွေ အဖွဲ့အစည်းကြီးတွေလည်း သူတို့ကိုယ်စားပြုတဲ့နိုင်ငံ အနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လွဲမှား ချွတ်ချော်မှုမရှိအောင် အထူးပြု စုဆောင်းတဲ့ အစီရင်ခံစာတွေ အပေါ် အခြေခံပြီး မူဝါဒတွေ ချမှတ်ကြတာဖြစ်ပါတယ်။ အချို့သော နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အန်ဂျီအိုတွေ ကူညီမှုစီမံကိန်း မူဝါဒ မဆွဲခင်မှာ ကျွမ်းကျင်တဲ့ သုတေသနကုမ္ပဏီတွေ အဖွဲ့တွေထံ အကဲဖြတ် အစီရင်ခံစာကို အရင်အပ်နှံပြီး အဲဒီအစီရင်ခံစာရရှိပြီးမှ မူဝါဒကို ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ 

ဒီအခင်းအကျင်းကိုကြည့်မယ်ဆိုရင် စီးပွားရေးလုပ်ကိုင်မယ့် ကုမ္ပဏီတခုတောင်မှ မှန်ကန်တဲ့အချက်အလက်ပေါ် အခြေခံပြီး စီမံချက်ကို ချမှတ်ရေးဆွဲကြတာမျိုးဖြစ်လို့ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေး ပါတီကြီးတွေ အစိုးရလို အဖွဲ့အစည်းတွေအနေနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ရရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ 

အစိုးရလို နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ သတင်းအချက်အလက်မှန်ရနိုင်ဖို့ သတင်းမီဒီယာ စာမျက်နှာပေါ် တီဗွီပေါ် ရေဒီယိုပေါ်က အချက်အလက်တွေနဲ့တင် အားပြုလို့မဖြစ်တာ သေချာပါတယ်။ သတင်းမီဒီယာရဲ့ သဘောသဘာဝက အများစိတ်ဝင်စားတဲ့ရှုထောင့်၊ သတင်းဖြစ်တယ်ဆိုတဲ့ရှုထောင့်ကနေကြည့်ပြီး သတင်းတင်ပြတာ၊ သတင်းဖြစ်မယ့်ခေါင်းစဥ်တွေ ရွေးချယ်တာတွေလုပ်သလို သတင်းရင်းမြစ်က ရပ်တည်ချက် အကျိုးစီးပွားရှိနေလို့ ချန်လှပ်ပြောတာ ချဲ့ကားပြောတာတွေရှိနိုင်သလို သတင်းဌာနကိုယ်၌က ရပ်တည်ချက် ဘက်ရှိခဲ့ရင် ချန်လှပ်တာ ချဲ့ကားတာတွေလည်းရှိနိုင်တာကြောင့် ပြည့်ပြည့်စုံစုံနဲ့ တခုလုံးခြုံငုံမြင်နိုင်တဲ့ မြင်ကွင်းမျိုး စစ်ဆေးအတည်ပြုပြီး အချက်အလက်မျိုးရဖို့ ခက်ခဲတာတွေလည်း ရှိမှာဖြစ်ပါတယ်။ 

ဒီအခြေအနေမျိုးမှာ အစိုးရလိုအဖွဲ့အစည်းမျိုးဆိုခဲ့ရင် ကိုယ်ပိုင်သတင်းအချက်အလက်စုဆောင်းတဲ့ စနစ် ယန္တရားထားရှိပြီး နေ့စဥ် အရေးကြီးတဲ့အချက်အလက်တွေ သတင်းတွေကို အတိုချုပ် စုစည်းထားတဲ့ အစီရင် ခံစာလိုမျိုး လိုအပ်မှာဖြစ်ပါတယ်။ အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေနဲ့ချည်း ပြုစုထားတဲ့ သတင်းလိုမျိုးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရင် လက်တွေ့လည်းမကျသလို အန္တရာယ်လည်း များပါတယ်။ သိသင့်တဲ့အကြောင်းအရာတွေဆိုရင် အဖွဲ့အစည်းတွေက ထုတ်ပြန်ချက်တွေကို အမှန်တကယ် လက်တွေ့ဖြစ်ပျက်နေတာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လက်တွေ့ကျတဲ့ သတင်းအချက်အလက် အစီရင်ခံစာတွေပေါ် အခြေခံဆုံးဖြတ်မှသာ မှားယွင်းတဲ့မူဝါဒတွေ လုပ်ငန်းလမ်းစဥ်တွေ မချမှတ်မိမှာ ဖြစ်မှာပါ။ 

ချုံ့ပြောရရင်တော့ နိုင်ငံရေးမူဝါဒ ချမှတ်နေတဲ့ အဖွဲ့ လက်တွေ့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းကြီးတွေအနေနဲ့ အများအတွက်ရည်ရွယ်တဲ့ ဝါဒဖြန့်သဘောဆောင်တဲ့ သတင်းမီဒီယာတွေပေါ်က သတင်းတွေချည်းအားကိုးမနေပဲ စိစစ်အတည်ပြုထားပြီးဖြစ်တဲ့ သတင်းအချက်အလက်တွေကို ရရှိအောင် လုပ်ဆောင်ထားရှိဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ယူဆပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar