Breaking News

ငြိမ်းအေးအိမ် - ၂၀၂၁ နွေဦးရာသီမြင်ကွင်းများ (၁၂၃)

ငြိမ်းအေးအိမ် - ၂၀၂၁ နွေဦးရာသီမြင်ကွင်းများ (၁၂၃)
(မိုးမခ) နို၀င်ဘာ ၂၈၊ ၂၀၂၁

◾️ စစ်မြေပြင်ရောက် လက်နက်များ
ပန်ဆိုင်း၊ ဟေမုံလုံ၊ မုံးကိုး၊ ဖေါင်းဆိုင်ဆိုတာ ၈၀ လွန်ကာလများက ကျွန်တော်တို့ နားရွက်ပြားအောင် အိပ်စက်ခဲ့ရဖူးတဲ့နေရာများပေါ့။ တောင်ကျချောင်းရေတွေလည်း အေးအေးလူလူ သောက်ခဲ့၊ ချိုးခဲ့ဖူးပေါ့။ အဲ့ဒီက္ကရာဇ်တွေမှာ ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လွတ်မြောက်ဒေသတွေလေ။ အဲ့ဒီကနေ နောက်တော့ သမိုင်းအလှည့်အပြောင်းမှာ စစ်တပ်က နေရာယူ တပ်စွဲထားခွင့်ယူသွားတာ။

အခု အဲ့ဒီဒေသမှာ MNDAA တစ်ဖွဲ့တည်းပဲ နာမည်ထွက် တိုက်ပွဲဆက်နေတယ်။ တကယ်က အဲ့ဒီမှာတင် ကေအိုင်အေ တပ်မဟာ ၆၊ သူ့အောက်ဘက်နည်းနည်းဆင်းရင် တပ်မဟာ ၄၊ အရှေ့တောင်ဘက်နားလောက်မှာ (လောက်ကိုင်ရဲ့ တောင်ဘက်ခြမ်း) တပ်မဟာ ၁၀ တို့ အထိုင်ရှိပြီးသား။

အနောက်ဘက်ကိုသွားရင် ဆယ်မိုင်ကျော်ကျော်လောက်မှာ မူဆယ်၊ မိုင် ၂၀ ကျော်လောက်မှာ နမ့်ခမ်း။ နမ့်ခမ်းတောင်ဘက်က တောင်ကျောမှာ TNLA တပ်မဟာ ၁ နဲ့ မင်းပေါင်းစုံညီတဲ့ အရပ်ပေပဲ။ ဒါပေမယ့် ခု မြေပုံထဲက တိုက်ပွဲခွင် (ပန်ဆိုင်း၊ မုံးကိုး၊ ဖေါင်းဆိုင်) မှာတော့ MNDAA တစ်ဖွဲ့ပဲ ဒိုင်ခံတိုက်နေတယ်။ KIA ၊ သူနဲ့တွဲ ဖက်ထားတဲ့ AA အနည်းငယ်နဲ့ TNLA ကတော့ ကွတ်ခိုင်မြောက်ဘက် (လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်အပါ) မှာ မထင်ရင် မထင်သလို ဝင်တိုက်နေတတ်တယ်။ တစ်ခုတည်းသော ထောက်ပို့လမ်းကိုလည်း ခြိမ်းခြောက်ထားနိုင်တယ်။ (ဖြတ်တောက်ထားတာမျိုး လုပ်နိုင်တာတော့ မတွေ့သေးဘူး)။

အဲ့ဒီ မုံးကိုးခွင်လေးထဲမှာကိုပဲ စကစဟာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေ၊ တပ်မတွေပြွတ်သိပ်ထည့်ထားတယ်။ သံချပ်ကာကားတွေပို့ထားတယ်။ သုံးနေတယ်။ လိုရင်လေယာဉ်တွေပါ တက်ပစ်တယ်။ တစ်ရက်တည်း လက်နက်ကြီးအလုံးရေ ထောင်ချီပစ်နိုင်အောင် (ပစ်လည်းပစ်နေတယ်) ခဲယမ်းစုပုံထားနိုင်တယ်။ ဒါပေမယ့် MNDAA ကိုတော့ ဒီနယ်ထဲ ဒီခွင်ထဲကနေ အပြီးတိုင် မောင်းမထုတ်နိုင်သေးတာ တွေ့ရတယ်။ အသာစီးလည်း ရပုံမပေါ်ဘူး။ ဒါ့ကြောင့်သာ သတင်းစာရှင်းလင်းပွဲမှာ အသံတွေထွက်လာတာ။ ကိုယ်ကသာ တစ်ပွဲကို လက်နက်ကြီးအလုံးထောင်ချီပစ်မယ်၊ ဟိုဘက်က လက်နက်ငယ်ထောင်ချီပစ်တာကျတော့ မင်းတို့ ဒီလက်နက်ခဲယမ်းတွေ ဘယ်ကရသလဲ သွားမေးတာ သိပ်တော့အထာမကျလှဘူးနဲ့တူတယ်။

MNDAAအစပြုရာ၊ လောက်ကိုင်၊ ကုန်းကြမ်းဒေသကို အလဲလဲ အကွဲကွဲနဲ့ ပြန်တိုက်ယူထားပြီး နောက်ပိုင်းမှာ ဒီအဖွဲ့ဟာ သံလွင်မြစ်ကိုအနောက်ဘက်ခြမ်းကို ကူးပြီး ပျောက်ကြားသဏ္ဍာန် စုဖွဲ့ခဲ့တယ်။ အချိန်ယူစုဖွဲ့ပြီးမှ အင်အားရှိလာတဲ့အခါ နေရာယူစစ်ပွဲတွေနွဲလာတာ၊ နယ်မြေတွေကို ထိုးဖေါက်တာတွေ လုပ်လာနိုင်တာ တွေ့ရတယ်။ သူ့အတွက် တပ်သားရေသောက်မြစ်က မခက်ဘူး။ ကိုးကန့်တိုင်းရင်းသားတွေများတာကိုး။ အခုဗမာပြည်အလယ်ပိုင်းက အနှိပ်စက်ခံ အညာသားတွေ အားလုံးလိုလို တော်လှန်ရေးတပ်သားတွေဖြစ်သွားကြသလိုပဲ၊ အညာထက်စောပြီး အသတ်ခံရ၊ ရွာဖျက်လုယက်ခံခဲ့ရတဲ့ ကိုးကန့်တိုင်းရင်းသားတွေလည်း ကိုးကန့်တပ်သားသစ်တွေဖြစ်လာတော့တာပဲ။

တပ်အင်အားတောင့်ဖို့ဆိုတာ လက်နက်အင်အားပါ တောင့်မှဖြစ်တာ။ လက်နက်ရလမ်း ဘယ်ကလဲ၊ လက်နက်တွေဘယ်လောက်တောင် စုစည်းသိုမှီးထားနိုင်ပြီလဲတော့ ကျွန်တော်တို့ မဆဝါးနိုင်ဘူး။ ဒါပေမယ့် ဗမာပြည်ကွန်မြူနစ်ပါတီခေတ်တုံးကတော့ သူ့ညီနောင်ပါတီက ထောက်ပံ့ထားတဲ့ လက်နက်ခဲယမ်းဆိုတာ ဂိုဒေါင်လိုက် သုံးမကုန်ယူမခမ်းရှိခဲ့ဖူးတယ်။ စကစဘက်မှာလည်း ကပစ (လက်နက်စက်ရုံတွေ) ဆယ်ချီရှိတာပဲ။ ထုတ်လည်း ထုတ် သုံးလည်းသုံးနေတာပဲ။ (နိုင်ငံခြားငွေမရှိတော့လို့ ကုန်ကြမ်းမဝယ်နိုင်ပဲ ဆက်မထုတ်နိုင်ရင်၊ စက်ရုံထဲက တပ်သားအင်အားတွေ ထွက်ပြေးကုန်လို့ လူမလောက်ပဲ ထုတ်လုပ်မှု ကျဆင်းနေရင်တော့ မပြောတတ်ဘူး)။

ခု သတင်းစာရှင်းလင်းပွဲမှာ ငိုချင်းချထားတာကို ကြည့်တယ်။ ကျည်ဆံပေါင်း နှစ်သိန်းနီးပါးတောင် သုံးသတဲ့။ သူ(စကစ)အဲ့ဒီဒေသကို စစ်ဆင်ရေးဝင်နေတာ ဇူလိုင်လကတည်းက။ ဖိဖိစီးစီးတိုက်နေတာက တစ်လကျော်သွားပြီ၊ ဖြစ်တဲ့တိုက်ပွဲပေါင်းက ရာချီနေပြီ။ အဲ့တော့ တိုက်ပွဲတစ်ပွဲမှာ ကျည်ဆံထောင်ဂဏန်းသုံးတာဟာ များတာမှမဟုတ်တာ။ (အညာက LPDF တွေကတော့ တိုက်ပွဲတစ်ပွဲမှာ ကျည်၆၀၀လောက်သုံးခွင့်ရရင်တော်ပါပြီဆိုပြီး အလှူခံနေတာ တွေ့ရတာပဲ)။ စီစီဝမ်တာပန်တိုက်ပွဲကာလက လားရှိုးကနေ တိုက်ပွဲခွင်ထဲ တက်လာမယ့် စစ်ကူတွေကို ဖြတ်တိုက်ထားဖို့ တပ်ရင်းတွေဖြန့်ခွဲတော့ (လမ်းဖြတ်အဖွဲ့တွေအတွက်) ကျည်တစ်သန်းလောက်တောင်ပေးလိုက်တယ်ဆိုတဲ့ မှတ်တမ်းတွေရှိတယ်။ အခု တိုက်ပွဲတွေမှာ ဒီလောက်ကျည်သုံးတာကို များတယ်လို့ မပြောသာဘူး။ ကိုယ့်ဆရာတွေက ကျည်တွေဆီတည့်တည့်ကြီးသွားသွားတိုးနေလေသလား၊ အရမ်းရမ်းကို ပစ်နေတာပဲဗျာ၊ မခံနိုင်တော့အောင်ပဲဆိုပြီး၊ ကိုယ့်ပါလာတဲ့ လက်နက်ဗုံးသီးတွေကို တွေ့ရာခြုံထဲပစ်ထည့်ခဲ့ပြီး နောက်ချည်းပြန်ပြန်ပြေးနေသလားတော့မသိ။ ကိုးကန့်သတင်းဌာနကတင်နေတဲ့ သတင်းဓာတ်ပုံတွေထဲမှာတော့ ရွံ့အလူးလူးနဲ့ စကစတွေဆီက ကျန်ခဲ့တဲ့ ချုံတွေထဲက လက်နက်တွေ ဗုံးသီးတွေရဲ့ ဓာတ်ပုံတွေ မကြာခဏတွေ့နေရတာပဲ။

ဗကပခေတ်က လက်နက်ကြီးဆိုလို့ ၁၂၀မမ လောက်အကြီးဆုံးသုံးရတာ။ လေးလံတယ်။ သယ်ရခက်တယ်။ သူ့ကို ကာကွယ်ဖို့ (အလွယ်တကူဖြုတ်သယ်ဖို့မလွယ်တော့) တပ်အင်အားသုံးရတာရှိတာကိုး။) ခု MNDAA တွေက အဲ့ဒီအစား ၁၀၇မမ ဒုံးသီးတွေ သုံးလာတယ်။ ဝန်ပေါ့တယ်။ ထိရောက်အားကောင်းတယ်။ စကစ ကလည်း ၁၀၅ အမြောက်ကြီးတွေသုံးနေတာပဲ။ ၁၀၇ မမ သုံးလို့ လက်နက်အင်အား ချိန်ခွင့်လျှာပြောင်းသွားတာမှမဟုတ်တာ။ ဘာတွေလာညည်းနေတာလဲလို့ မေးရတော့မယ်။ သူတို့က MNDAA ဖက်က ရှမ်းမြောက်တိုက်ပွဲမှာ လက်နက်ငယ်ကျည်ဆိုရင် ၂ သိန်းနီးပါး RPG ဗုံးသီး ၅၃၀၀ ကျော်သုံးခဲ့ပြီး ၁၀၇-မမ ဒုံးသီး ၄၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပြီး ဆို ငိုညည်းပြနေတာကိုး။

ငိုနဲ့ငိုနဲ့ တောင့်ထား၊ တိုက်ပွဲက အရှည်ကြီးကျန်သေးတယ်လို့ပဲ အားပေးရတော့မယ်။ ပြောချင်တာက စိနတိုင်းက ဒီလက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ မဝံ့မရဲ ဆိုချင်ပုံပဲ။ ရဲရဲ ကျယ်ကျယ်လည်း မပြောရဲတော့ ယိုင်ဒိုးလေးထိုးလိုက်တာနေမှာ။

ပြည်သူအပေါင်း ကပ်ဘေးကင်းကွာ၊ ကျန်းမာစွာ ရှိကြပါစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar