အောင်စံအေး - "ဗယ်မော့" စစ်ဆင်ရေး (သို့) နော်ဝေပြောက်ကျားသူရဲကောင်းများ
"ဗယ်မော့" စစ်ဆင်ရေး (သို့)
နော်ဝေပြောက်ကျားသူရဲကောင်းများ
အောင်စံအေး
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၁
တိုင်းပြည်နိုင်ငံတခုဆိုတာ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ စွန့်လွှတ်စွန့်စားပေးဆပ်သူတို့ရဲ့သမိုင်းဆိုတာ ရှိစမြဲပါပဲ။ ဒီကနေ နော်ဝေနိုင်ငံဟာ ကမ္ဘာအအေးချမ်းဆုံးနိုင်ငံတခုဆိုပေမဲ့ သူတို့တွေဟာလည်း ရုန်းကန်လှုပ်ရှားခဲ့ရ၊ ပေးဆပ်တိုက်ပွဲဝင်ခဲ့ရတဲ့ ကာလတွေရှိခဲ့ပါတယ်။ အခုဖော်ပြမှာကတော့ ဒုတိယကမ္ဘာစစ်အတွင်းကဖက်ဆစ်ဂျာမန်တွေကို ခုခံတိုက်ခိုက်ခဲ့ကြတဲ့ နော်ဝေပြောက်ကျားသူရဲကောင်းတွေရဲ့တိုက်ပွဲများစွာထဲက ကမ္ဘာကမှတ်တမ်းတင်ခဲ့ရတဲ့ ဂျာမန်တွေရဲ့ နျူးကလီးယားလက်နက်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ နော်ဝေနိုင်ငံမှာတည်ဆောက်ထားခဲ့တဲ့ ဗယ်မော့ရေအားလျှပ်စစ်စက်ရုံကြီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အကြောင် းဖော်ပြမှာဖြစ်ပါတယ်။
နော်ဝေနိုင်ငံကို အာဏာရှင်ဟစ်တလာက ၁၉၄၀ ဧပရယ်လ(၉)ရက်နေ့မှာ ကျူးကျော်သိမ်းပိုက်လိုက်ပါတယ်။ ဘုရင်နဲ့အစိုးရအဖွဲ့က အင်္ဂလန်ကိုထွက်ပြေးတိမ်းရှောင်ပြီး အဝေးရောက်အစိုးရအဖြစ် ဂျာမန်လက်ကလွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ရပါတယ်။ နော်ဝေမျိုးချစ်လူငယ်အများအပြားလည်း အင်္ဂလန်သွားခဲ့ကြ၊ စစ်ပညာတွေသင်၊ တချို့ အင်္ဂလိပ်သူလျိုလုပ်ပြီး ဂျာမန်တွေကိုခုခံတော်လှန်ကြပါတယ်။
ဂျာမန်တွေဟာ ဗယ်မော့ရေအားလျှပ်စစ်စက်ရုံကြီးကို တယ်လီမတ် Telemark အရပ်မှာတည်ဆောက်ပြီး ရေလေး (heavy water) ခေါ် နျူးကလီးယားလက်နက်ထုတ်တဲ့နေရာမှာ အဓိကလိုအပ်တဲ့ ဓတြ်ပစ္စည်းတမျိုး ထုတ်ဖို့ကြံစည်နေတာကို ဗြိတိသျှတွေက သူတို့ထောက်လှမ်းရေးကွန်ယက်ကတဆင့်သိသွားပါတယ်။ နောက်ပိုင်းမှာ အဲဒီပစ္စည်းတကယ်ထုတ်နိုင်ပြီဆိုတာ သိရှိသွားတဲ့အချိန်မှာတော့ ဒီစက်ရုံကို ဖောက်ခွဲဖျက်စီးဖို့ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ အမည်အမျိုးမျိုးနဲ့လုပ်ခဲ့ရတာပါ။
စစ်ဆင်ရေးက ပထမဆုံး နော်ဝေပြောက်ကျာ။ (၄)ဦး (ပျံလွှားလို့ အမည်ပေးခဲ့ကြပါတယ်)ကို ၁၉၄၂ ခုနှစ် အောက်တိုဘာ (၁၉ )မှာ လေထီးနဲ့ချပေးခဲ့ပါတယ်။ သူတို့ကိုချပေးတဲ့နေရာနဲ့ ဗယ်မော့စက်ရုံကြီးက အတော်ကိုဝေးပါတယ်။ အချိန်ကျရင်သူတို့က စကီးတွေနဲ့သွားကြပြီး တိုက်ခိုက်ကြမှာဖြစ်လို့ အချိန်ရနိုင်အောင်လုပ်ခဲ့တာပါ။
ဒုတိယအသုတ်ကိုတော့ (Freshmanအမည်ပေး) အဲဒီနှစ် နိုဝင်ဘာ ၁၉ ရက်မှာ နော်ဝေပြောက်ကျားတွေနဲ့ ဗြိတိသျှလေတပ်က အင်ဂျင်နီယာစစ်သားတွေအပါအဝင် လူပေါင်း(၄၁)ဦးကို ဂလိုက်ဒါလေယာဉ်နှစ်စီးနဲ့ ပို့ပေးခဲ့ပါတယ်။ ပထမလေယာဉ်က ဗယ်မော့စက်ရုံအနီးတဝိုက်မှာ သူ့လူတွေကို ချထားဖို့ပါ။ ဖြစ်ချင်တော့ ရာသီဥတုက အရမ်းဆိုးဝါးလွန်းတာကြောင့် အင်္ဂလန်ကို ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီဒေသက ကမ္ဘာ့အဆိုးဆုံးရာသီဥတုရှိတဲ့အရပ် ဒေသတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဆောင်းတွင်းဆိုတော့ နှင်းမုန်တိုင်းကလည်း အဆက်မပြတ်ပါပဲ။ ဒါကြောင့် လေယာဉ်ဟာအေးခဲပြီး ပျံသန်းမရတော့ပဲ ပျက်ကျသွားပါတော့တယ်။ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးသွားခဲ့ပါတယ်။
နောက်လေယာဉ်က အရမ်းဝေးတဲ့ကမ်းခြေဖက်ကိုရောက်သွားပြီး ကျောက်ဆောင်တခုကိုဝင်တိုက်လို့ပျက်ကျသွားပြန်ပါတယ်။ ကံကောင်းချင်တော့လေယာဉ်ပေါ်ပါသူတွေမသေပျောက်ကြပါဘူး။ ဒါပေမဲ့ ဂျာမန်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ကြရပြီး နောက်ပိုင်းမှာ ဂျာမန်တွေရဲ့နှိပ်စက်ခံရပြီး ကြိုးပေးအသတ်ခံသွားခဲ့ကြရပါတယ်။ စုစုပေါင်း (၄၁) ဦးပါ။
စစ်ဆင်ရေးအတွက် ပထမဆုံးရောက်ခဲ့ကြတဲ့ပျံလွှားအဖွဲ့ဟာ မသေမပျောက်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာပြင်း ထန်လွန်းတဲ့ရာသီဥတုအောက်မှာ အစားအသောက်မလုံလောက်၊ အဝတ်အစားမပြည့်စုံတဲ့ဘဝနဲ့ (၄)လကျော် နှင်းတောထဲမှာ သားသမင်တွေကို သတ်ဖြတ်၊ ပါလာတဲ့ ထောပတ်လေး အာလူးလေးတချို့့ကိုမှီဝဲ ကျင်လည်ကျက်စားပြီး စစ်ဆင်ရေးဖြစ်မဲ့အချိန်ကို ဇွဲနဘဲကြီးစွာ ယုံကြည်စွာစောင့်စားနေထိုင်ခဲ့ကြရပါတယ်။ (မကြာသေးခင်ကာလက BBC သတင်းဌာနက အဲဒီလူတွေ ဘယ်လိုအသက်ရှင်နေထိုင်ခဲ့ကြသလဲဆိုတာကို လက်တွေ့လေထီးတွေနဲ့ခုန်ဆင်းပြီး လေ့လာခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့က အစားအသောက်အပြည့်အစုံ ခေတ်မှီပစ္စည်းကိရိယာအပြည့်အစုံနဲ့ တပတ်လောက်နေကြည့်ကြတာပါ။ တယောက်ပဲ ညတညမှာ ပြောက်ကျားတွေလို ဝတ်စား ပြောက်ကျားတွေလို နှင်းတောထဲ ကျင်းတူးပြီးအိပ်စက်ကြည့်ပါတယ်။ ကောက်ချက်ကတော့ ဘယ် လိုများနေနိုင်ခဲ့သလဲဆိုတာစဉ်းစားလို့ကို မရပါဘူးလို့ဝန်ခံသွားခဲ့ရပါတယ်။ မျိုးချစ်စိတ်ရဲ့ အံ့မခန်းစွမ်းအားလို့ ဆိုရပါတော့မယ်။ )
ဒီလိုနဲ့ ဗြိတိသျှတွေက သူတို့ရဲ့ပျံလွှားအဖွဲ့ကတော့ အသက်ရှင်နေသေးတယ်ဆိုတာသိတော့ နောက်ထပ် နော်ဝေပြောက်ကျား (၆) ဦးကို ထပ်မံလို့ပို့ပေးဘဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၄၃ ဖေဖော်ဝါရီလ (၂၈)၊ ညသန်းခေါင် မှာ စစ်ဆင်ရေး(Gunnerside)လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ပြောက်ကျားအဖွဲ့ ဟာ ဗယ်မော့စက်ရုံကြီးအောက်ဘက်က ရေခဲနေတဲ့ မော်နာ (måna) မြစ်ပြင်ပေါ်ကနေ စကီးတွေစီးလာကြပြီး စက်ရုံကိုသွားတဲ့ ရထားလမ်းကနေတဆင့် စက်ရုံကို ဝင်းစီးကြဖို့ပါ။ တခုသိထားဖို့က ညသန်းခေါင်ပေမဲ့ ရေခဲတွေကြောင့် တကယ်ဆို လှုပ်ရှားမှုတွေက သတိထားရင် မြင်ရပါတယ်။ ရထားလမ်းကိုသုံးရတာကလည်း စက်ရုံဝန်းကျင်အားလုံး မိုင်းတွေထောင်ထားလို့ အဲဒီလမ်းကလွဲရင် ရွေးစရာမရှိလို့ စွန့်စားကြတာပါ။
သူတို့စက်ရုံကို အလွယ်တကူပဲ ဝင်စီးနိုင်ခဲ့ကြပါတယ်။ အပြင်မှာ အစောင့်ထားပြီး ရေလေး ( heavy water) ရှိတဲ့အခန်းကိုဝင် မိုင်းတွေဆင်ပြီး အလျင်အမြန်ပြန်ထွက်ကြပါတယျ။ နှစ်ယောက်ကို တောင်ပေါ်တနေရာမှာ ချန်ထားခဲ့ပြီး သူတို့တွေကတော့ စကီးတွေစီးလို့ မိုင် (၄၀၀) ဝေးတဲ့ ဆွီဒင်ကို ခရီးပြင်း နှင်သွားခဲ့ကြပါတယ်။ အကျအဆုံးမရှိခဲ့ပါ။ မိုင်းတွေကွဲတဲ့အချိန်မှာ ဂျာမန်တွေဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ကြရပါတော့တယ်။
ဂျာမန်တွေကလည်းဇွဲနဘဲကြီးသူတွေဆိုတော့ စက်ရုံကို ချက်ချင်းပြင်ကြပါတယ်။ ပြီးတော့ heavy water ပြန်ထုတ်ခဲ့ကြပါတယ်။ အဲဒီနှစ် နိုဝင်ဘာမှာတော့ ဗယ်မော့စက်ရုံကြီးကို မဟာမိတ်တွေက လေယာဉ်နဲ့ဗုံးတွေကျဲချပြီး အပြီးသတ်ဖြိုခွင်းလိုက်နိုင်ပါတယ်။
ဇာတ်လမ်းကမပြီးသေးပါဘူး။ ဂျာမန်တွေရဲ့ရသမျှအချိန်လေးမှာ ကြိုးပမ်းထုတ်ထားတဲ့ ရေလေး(Heavy Water) တွေက တိုင်ကီတွေနဲ့ထည့်ထားလို့ လွတ်သွားပါတယ်။ ဒီပစ္စည်းတွေကို ဂျာမန်မှာရှိတဲ့နျူးကလီးသား သုတေသနနဲ့ လက်နက်ထုတ်မဲ့စက်ရုံကိုပို့မယ်လို့ နော်ဝေပြောက်ကျားတွေ သတင်းအတိအကျရထားကြပါတယ်။ ဒီတိုင်ကီကြီးတွေကို ပုံမှန်ခရီးသယ်တင်ဖယ်ရီသင်္ဘောနဲ့ ရထားလမ်းရှိတဲ့မြို့ကို သယ်မယ်။ ပြီးတော့မှ ဂျာမန်ကိုပို့မှာပါ။ ဒီတခါတော့ ဒေသခံနော်ဝေပြောက်ကျားတွေက ဒီဖယ်ရီသင်္ဘောကို ဖောက်ခွဲမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါကြောင့် ဖယ်ရီထွက်တဲ့ ၁၉၄၄ ဖေဖော်ဝါရီလ (၂၀) မှာတော့ နော်ဝေဒေသခံပြောက်ကျားတွေက ဖယ်ရီသင်္ဘောကြီးကို မိုင်းခွဲပြီး Tinnsjø လို့ခေါ်တဲ့ တယ်လီမတ်ကအထွက်ပင်လယ်ပြင်မှာ ဖောက်ခွဲဖျက်စီးလိုက်ကြပါတော့တယ်။ ဒီသင်္ဘောပေါ်ပါတဲ့ ဂျာမန်လေးဦးနဲ့ နော်ဝေ (၁၄) ဦး အသက်ဆုံးပါးခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒီလုပ်ရပ်ဟာမှန်ရဲ့လားလို့ မေးခွန်းထုတ်မှုတွေရှိပါတယ်။ ဒါဟာ ဂျာမန်တွေ တကယ်ပဲနျူကလီး ယားထုတ်နိုင်တဲ့အခြေနေရှိရဲ့လား စစ်ကြီးအတွင်းဖြစ်နိုင်မလားဆိုပြီး ပရော်ဖက်ဆာတဦးက ဝေဖန်မှုပြုခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကြီးဖြစ်လို့ နှစ်ပေါင်း(၆၀)ကြာတဲ့အခါ ဖယ်ရီသင်္ဘောနှစ်မြပ်ခဲ့တဲ့နေရာကိုပြန်ဆယ်ကြပါပါတယ်။ ဒီအခါ မပျက်စီးသေးတဲ့တိုင်ကီတလုံးကို ပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။ စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲ နျူကလီးယားထုတ်ရာမှာအရေးပါတဲ့ heavy water တွေဆိုတာ တွေ့ကြရပါတော့တယ်။ နှစ်ပေါင်း (၆၀) ကျော်ကြာလို့ ဘီဘီစီအင်တာဗျူးမှာ အဲဒီတုန်းက ပါခဲ့သူတဦးဖြစ်တဲ့ Joachim ပြန်ပြောတာက " သူတို့အနေနဲ့ အဲဒီ့စစ်ဆင်ရေးဘယ်လောက်အရေးကြီးတယ်ဆိုတာ မသိခဲ့ပါဘူးတဲ့။ သူတို့သိတာကတော့ သူတို့မြေပေါ်ကျူးကျော်နေတဲ့ ဂျာမန်တွေ အထိနာမဲ့ကိစ္စဖြစ်ရင်ပြီးရောဆိုပြီး လုပ်ခဲ့တာပါတဲ့။ နောက် ဂျပန်မှာ အနုမြူဗုံးကျဲချတော့မှ ငါတို့လုပ်ခဲ့တာ အတော်ကြီးကျယ်ပါလားလို့ သိခဲ့တာပါတဲ့။"
ဒီစစ်ဆင်ရေးကြီးမလုပ်ဖြစ်လို့ ဂျာမန်တွေ နျူကလီးယားလက်နက်ထုတ်နိုင်ခဲ့မယ်ဆိုရင်တော့ ကမ္ဘာစစ်အခြေနေက ပြောင်းသွားမှာ အသေအချာပါပဲ။ ဒါကြောင့် မဟာမိတ်တွေက နော်ဝေပြောက်ကျားတွေရဲ့ ဒီစစ်ဆင်ရေးကိုအရေးကြီးပြီး အောင်မြင်တဲ့စစ်ဆင်ရေးလို့ သတ်မှတ်ခဲ့ကြတာပါ။ ဒီစစ်ဆင်ရေးကြီးက အခမဲ့အောင်နိုင်ခဲ့တာမဟုတ်ဘူးဆိုတာတော့ သမိုင်းက သက်သေထူနေပါတယ်။
အောင်စံအေး
ကိုးကား
- ပုံစာများပါ "ပျောက်ကျား"ကို "ပြောက်ကျား" ဟု ဖတ်ပါရန် ...
Hero of the Telemark (ရုပ်ရှင်)
http://no.wikipedia.org/wiki/Vemork-aksjonen
https://www.google.no/search?
http://en.wikipedia.org/wiki/German_occupation_of_Norway
စစ်ဆင်ရေးမှာပါခဲ့သူတွေစာရင်းကို ပူးတွဲဖော်ပြလိုက်ပါတယ်။
Agenten på innsiden av tungtvannsfabrikken
Einar Skinnarland (စက်ရုံအထဲက သူလျို)
Grouse/Swallow (ပထမဆုံးအဖွဲ့ ပျံလွှား)
Jens-Anton Poulsson (Leder av Operasjon Grouse)
Arne Kjelstrup (Nestkommanderende)
Knut Haugland (Radiotelegrafist)
Claus Helberg
Gunnerside (နောက်ဆုံးအဖွဲ့ )
Joachim Rønneberg (Leder av Operasjon Gunnerside)
Knut Haukelid
Fredrik Kayser
Kasper Idland
Hans Storhaug
Birger Strømsheim
(Leif Tronstad) (i Storbritannia, planlegger)
Tinnsjøaksjonen
«Bonzo» alias Knut Haukelid
Rolf Sørlie (fra den lokale motstandsbevegelsen)
Einar Skinnarland (radiooperatør)
Gunnar Syverstad (labratorieassistent på fabrikken)
Kjell Nielsen (transportleder på fabrikken)
(«Larsen») (ingeniør på fabrikken)
(NN) (skaffet tilveie bil og var sjåfør)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar