Breaking News

မောင်မောင်စိုး - ရှမ်းမှတ်စု (၄)

မောင်မောင်စိုး - ရှမ်းမှတ်စု (၄) 
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၁

◾️ ရှမ်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခြင်း 
ရှမ်းအမျိုးသားရေးအတွက် ဦးတည်ချက်တူသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား ပဋိပက္ခတစတစပြင်းထန်လာသည့်ဖြစ်ပေါ်မှုကို အနီးခေတ်တွင်  အောက်ပါအတိုင်းတွေ့ရသည်။ ရှမ်းမြောက်တွင် လှုပ်ရှားနေသည့် SSPP/SSA သည် ၁၉၈၉ မှစ၍ ၂၀၀၉ အထိ အပစ်အခတ်ရပ်စဲထားရာ အနှစ် ၂၀ ခန့် စစ်ရေးလှုပ်ရှားမှုများငြိမ်သက်နေခဲ့သည်။ ထို့ပြင် ၂၀၀၉ ခုနှစ်တွင် သီပေါအနီးရှိ SSA တပ်မဟာ ၃ သည် စိန်ဂျော့ပြည်သူ့စစ်အဖြစ် ၎င်း၊ SSA တပ်မဟာ ၇ သည် ကာလိပြည်သူ့စစ်အဖြစ်၎င်း အစိုးရ ပသစများအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသွားသဖြင့် SSPP/SSA အနေနှင့် အင်အားလျော့ကျသွားခဲ့သည်။ ထို့ပြင် ယခင် CPB ထိမ်းချုပ်နယ်မြေဖြစ်ခဲ့သော မန်ဟီးရိုး (မန်သျိုးဒေသ)၊ ၂၀၀၀ ခုနှစ်တွင် ဖျက်သိမ်းချေမှုန်းခံခဲ့ရသည့် မုန်ဆာလဦးစီးသည့် မုန်းကိုးအခြေပြု ဒေသတို့သာမက ရှမ်းမြောက်ရှိ PSLO/PSLA (တအာင်း-ပလောင်တပ်ဖွဲ့) မှာ ၂၀၀၅ ခုနှစ်တွင် လက်နက်အပ်လိုက်ရာ ရှမ်းမြောက်၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိမ်းချုပ်နိုင်သည့်နေရာများစွာ လျော့ကျသွားပြီး လေဟာနယ်တခုပေါ်ပေါက်ခဲ့သည်။ 

ဤသို့ ရှမ်းမြောက်တွင် SSPP နှင့် တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုမရှိသည့်အပြင် အင်အားလျော့ကျနေချိန်၌ ရှမ်းတောင်နှင့် ရှမ်းအရှေ့တွင် RCSS က နအဖ တပ်များနှင့်ပြင်းထန်စွာတိုက်ခိုက်ရင်း အင်အားနှင့် ဩဇာကြီးထွားလာနေသည်။ ၁၉၉၆ တွင် ခွန်ဆာ၏ MTA လက်နက်ချရာတွင် ပါဝင်ရန်ငြင်းဆန်ခဲ့သည့် စဝ်ရွက်ဆစ်နှင့်အင်အားစုများသည့် သံလွင်မြစ်အနောက်ဖက်သို့ကူး၍ ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားခဲ့သည်။ စဝ်ရွက်ဆစ်တပ်များအား မြန်မာ့တပ်မတော်က အင်အားအလုံးအရင်းသုံး၍ ၁၉၉၆ မှ ၁၉၉၈ ထိ ၃ နှစ်ကြာ ပြင်းထန်စွာထိုးစစ်ဆင်ခဲ့သည်။ ဖြတ်လေးဖြတ် ပြုလုပ်ခဲ့သည်။ သံလွင်အရှေ့ခြမ်းမှ မိုင်းပျဉ်းမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းမှ မြို့နယ် ၁၀ မြို့နယ်၊ ရွာပေါင်း ၁၄၇၈ ရွာမှ လူဦးရေ ၃ သိန်းနီးပါးအား ပြောင်းရွှေ့နေရာချထားခဲ့သည်။ (အစီရင်ခံတစောင်တွင် မြို့နယ် ၁၅ မြို့နယ်၊ ရွာပေါင် ၁၈၅၅ ရွာမှ လူ ၄ သိန်းခန့်အား ပြောင်းရွှေ့နေရာချထားခဲ့သည်ဟုလည်း တွေ့ရသည်) ထိုကာလများအတွင် ရှမ်းလူမျိုး ၈၀၀၀၀ ခန့် ထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့ရပြီး အသတ်ခံရသူ၊ သေဆုံးသူ၊ အတိဒုက္ခရောက်သူများစွာရှိခဲ့သည်ဟု ရှမ်းလူ့အခွင့် အရေးအစီရင်ခံစာများတွင် ဖေါ်ပြသည်ကိုတွေ့ရသည်။ သို့ရာတွင် တဖက်ကလည်း ရှမ်းလူထုအတွင်း အမျိုးသားစိတ်ပိုမိုနိုကြားလာပြီး စဝ်ရွက်ဆစ်တို့အပေါ်  ပြည်တွင်း ပြည်ပ ရှမ်းလူထု၏ ထောက်ခံမှုမြင့်တက်လာခဲ့သည်။ MTA လက်နက်ချရာတွင်ပါမသွားဘဲ ထိုင်းနိုင်ငံတွင်းခိုလှုံသွားသူများကလည်း ထောက်ခံလာကြသည်။ ထိုပြင် ရှမ်းပညာတတ်များကလည်း ထောက်ခံပါဝင်‌ပူးပေါင်းလာကြသည်။ ပြည်ပရောက်ရှမ်းများကလည်း ထောက်ခံမှု ကူညီမှုများပေးခဲ့သည်။ သို့နှင့် ၂၀၀၅ ခုနှစ် စိုင်းယီနှင့် SSNA တို့လာရောက်ပူးပေါင်း၍ RCSS ဖွဲ့စည်းပြီးနောက် တဟုန်ထိုးအင်အားကြီးထွားလာခဲ့တော့သည်။ 

သို့နှင့် အင်အားကောင်းလာသော RCSS သည် ရှမ်းမြောက်ရှိ ထိုဒေသများသို့ ထိုးဖောက်စိုးမိုးရန် ၂၀၁၀ ခန့်မှ စတင်ကြိုးပမ်းလာခဲ့ပြီး ၂၀၁၅ ခန့်မှစ၍ အလုံးအရင်းနှင့်ထိုးဖေါက်လာခဲ့သည်။ သို့သော် ထိုအချိန်ကာလတွင် ရှမ်းမြောက်တွင်ရှိသည့် တိုင်းရင်းသားအဖွဲ့အစည်းများအခြေအနေက ပြောင်းနေပြီဖြစ်သည်။ SSPP ကလည်း ၂၀၀၉ မှစ၍ နအဖနှင့်ပြန်လည်တိုက်ခိုက်ပြီး ဝမ်ဟိုင်းအားဗဟိုပြုပြီး သူ့အင်အားကို တည်ဆောက်နေပြီဖြစ်သည်။ တအာင်းပလောင်ကလည်း ၂၀၁၁ ကစပြီး TNLA အားပြန်လည်ဖွဲ့စည်းပြီး ရွှေလီချိုင့်ဝှမ်းဂွင်အား ဗဟိုပြု၍ သူ့အင်အားကို တည်ဆောက်နေပြီဖြစ်သကဲ့သို့ မုန်းကိုးဗဟိုပြုဒေသအားလည်း KIA နှင့် MNDAA တို့က ပြန်လည်ထိုးဖေါက်ဝင်ရောက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၅ မှစ၍ နယ်မြေထိမ်းချုပ်ရေးနိုင်ရေးနှင့်ပတ်သက်ပြီး TNLA နှင့် RCSS ကြားတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ နောက်ပိုင်း ၂၀၁၉ ခန့်မှစတင်၍ SSPP နှင့်ပါ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယခု ၂၀၂၁ တွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်လာသည်။ ရှမ်းမြောက်မှ RCSS အား အပြတ်အသတ် တွန်းထုတ်သောစစ်ပွဲဟု ဆိုကြသည်။ 

ဤသို့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား ပဋိပက္ခပြင်းထန်လာသည်မှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်စရာဖြစ်သည်။ ရှမ်းလက်နက်ကိုင်သမိုင်းအရ ရှမ်းနှစ်ဖွဲ့ ကွဲပြားခြင်းသည် ၁၉၆၀/၆၁ ကာလကထဲကဟုဆိုနိုင်သည်။ တချို့က ရှမ်းအကွဲအပြဲသည် ကွန်မြူနစ်များကြောင့်ဟုယူဆကြသည်။ မိုးဟိန်းသည် CPB တပ်ထဲဝင်ခဲ့ဘူးပြီးကွန်မြူနစ်‌တို့၏ ပေါ်လစီများကို မကြိုက်၍ထွက်လာသူဖြစ်ရာ ကွန်မြူနစ်ဆန့်ကျင်ရေးအမြင်ရှိသည်မှာ မဆန်းပေ။ သို့သော် ၁၉၆၀/၆၁ ကာလ နွမ်စစ်ဟန်မှ SSIA နှင့် SNUF ခွဲထွက်ဖွဲ့စည်းခြင်းမှာ ကွန်မြူနစ်များနှင့်မသက်ဆိုင်ပေ။ ရှမ်းကျောင်းသားပညာတတ်များနှင့် သမရိုးကျအမြင်ရှိသည့် လက်တွေ့ဝါဒီများကြားက ကွဲလွဲမှုဟုဟုသုံးသပ်ရသည်။ မည်သည့်လူမျိုးပညာတတ်မဆို အစဉ်အလာထုံးတမ်းနှင့် သမရိုးကျ စဉ်းစားမှုများမှ ခွဲထွက်စဉ်းစားလုပ်ကိုင်လေ့ရှိရာ အစဉ်အလာထုံးတမ်းနှင့်ဖက်တွယ်သူများ၊ လက်တွေ့ဝါဒီများနှင့် ကွာဟမှုရှိသည်။ ရှမ်းလက်နက်ကိုင်အဖွဲ့များ ကွဲပြားမှုသည် ထိုအခြေခံပေါ်မှ ကွဲလွဲကြခြင်းဖြစ်ပုံရသည်။ 

ထို့ပြင် ၁၉၆၉ ခုနှစ် SSA မှ မိုးဟိန်းအနေနှင့် SURA အဖြစ်ခွဲထွက်ခြင်းမှာ အရှေ့ မြောက်ကွန်မြူနစ်များနှင့်သက်ဆိုင်သည်ဟု ယူဆ၍မရပေ။ ၁၉၆၉ တွင် အရှေ့မြောက်ကွန်မြူနစ်များ သည် မုန်းကိုးဒေသနှင့် ကိုးကန့်ဒေသတို့ကိုသာ ထိုးဖေါက်နိုင်သေးသည်။ ဝ နယ်သို့ပင် မထိုးဖေါက်နိုင်သေးပေ။ ထို့ပြင် SSA ၏ နိုင်ငံရေးရှေ့ဆောင် SSPP ပင်မဖွဲ့စည်းရသေးပေ။ သို့ဖြစ်ရာ ၁၉၆၉ ခုနှစ် SURA ခွဲထွက်ခြင်းသည် ကွန်မြူနစ်တို့နှင့်မဆိုင်ဟုဆိုရပေမည်။ တကယ်တမ်း ကွန်မြူနစ်တို့ကြောင့် အကွဲအပြဲဖြစ်သည်ဟု ဆိုနိုင်သည်မှာ SSPP ဖြစ်သည်။ ၁၉၆၉ ခုနှစ် SURA ခွဲထွက်ပြီး ၂ နှစ်အကြာ ၁၉၇၁ တွင် SSA သည် နိုင်ငံရေးပါတီ SSPP ကိုဖွဲ့စည်းသည်။ ၁၉၇၃ ခုနှစ် အရှေ့မြောက်ကွန်မြူနစ်များနှင့် ဆက်ဆံရာမှ ကွန်မြူနစ်များနှင့်ပေါင်းခြင်းနှင့်ပတ်သက်ပြီး SSPP ခေါင်းဆောင်ပိုင်းတွင် ၁၉၇၅ ၌ ပြင်းထန်စွာ သဘောထားကွဲသည်။ လူများလဲကွဲကြသည်။ သို့သော်လည်း သဘောထားကွဲ‌သွားသော ခေါင်းဆောင်များက သီးခြားအဖွဲ့ထောင်သည်ကို မတွေ့ရပါ။ ထို့ပြင် အရှေ့မြောက်ကွန်မြူနစ်များ ပြိုကွဲခဲ့သည်မှာ အနှစ် ၃၀ ကျော်ကြာခဲ့ပြီဖြစ်ရာ သူတို့၏ ဩဇာသက်ရောက်မှုမှာ ယခုအချိန်တွင် မတွေ့နိုင်တော့ပါ။ ယနေ့ရှိနေသော ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့သည် ၁၉၆၀/၆၁ မှအစ ပြုသည် SSIA နှင့် SNUF နှစ်ဖွဲ့ အခြေခံပေါ်မှလာသည်ကိုသာ တွေ့ရသည်။ ထို့ပြင် လက်ရှိအခြေအနေတွင် RCSS တွင်လည်း ရှမ်းပညာတတ်များပါဝင်နေသည်ဖြစ်ရာ ပညာတတ်များနှင့် သမရိုးကျ ရှေးရိုးစွဲများကြား အမြင်မတူမှုဟုပြောဆို၍ မရနိုင်တော့ပေ။ သို့ဖြစ်ရာ ပြသနာကိုဖြေရှင်းနိုင်ရန် အခြားအဖြေရှာရန်လိုနေသည်ဟု သုံးသပ်ရပေသည်။ 

မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar