Breaking News

ကိုသန်းလွင် - စကားထစ်သူများ

ကိုသန်းလွင် - စကားထစ်သူများ
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၁

(၁)
လီးရီစ် (Lee Reves) မှာ တိရစ္ဆာန်မွေးမြူရေးအလုပ်ကိုအလွန်ဝါသနာပါသည်။ တနေ့တွင် သူ့အိမ်နားမှ တိရစ္ဆာန်ဆေးရုံသို့ အလုပ်လျှောက်သည်။ ဆရာဝန်ကအလုပ်များနေ၍ မတွေ့နိုင်သေးကြောင်း သူ့ကို စာရေးမ ကပြောပြသည်။ ၃ နာရီခွဲခန့်ကြာအောင် စောင့်ဆိုင်းပြီးမှ အလုပ်ပြီးလာသော ဆရာဝန်ကိုတွေ့သည်။ ဆရာဝန် က သူ့နာမည်ကိုမေးရာ သူ့ဆီက ဘာသံမှထွက်မလာချေ။ သူ ၃ နှစ်သားအရွယ်ထဲက စကားထစ်သော ရောဂါ ကြောင့် စကားကို အနိုင်နိုင်ပြောခဲ့ရရာ ဆရာဝန်နှင့်တွေ့၍ပြောရန်စဉ်းစားသောအခါ အသံပျောက်သွားရသည်။

(၂)
လွန်ခဲ့သော အနှစ် ၂၀ အတွင်း အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်မှ ၁၀ နှစ်အတွင်းသိလာရသည်မှာ စကားထစ်ခြင်းသည် ဘိုင်အိုလိုဂျီနှင့်ဆိုင်သောကိစ္စတခုခုဖြစ်ကြောင်း အထူးသဖြင့် နျူရိုဆိုင်ရာတိုးတက်မှုတွင် မှားယွင်း ၍ဖြစ်ရခြင်းဖြစ်ကြောင်း သိလာရသည်။ ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၇၀ ကျော်မှာ စကားထစ်ကြပါသည်။ သူတို့ ပြသနာမှာ အသက်ငယ်ငယ်အရွယ် စကားပြောသင်စအရွယ်မှစ၍ ဖြစ်တတ်ပါသည်။ ကလေးတစ် ယောက်မှာ ငယ်စဉ်က ယာဉ်တိုက်မှုဖြစ်၍ ယာဉ်နှစ်စီး မီးလောင်သည်ကိုမြင်ကတည်းကစကားထစ်သွားခဲ့သည်။ သူက “ k” နှင့်စသည့်အသံထွက်များကို ပြော၍မရတော့ကြောင်း သိရသည်။

သုတေသနလုပ်သူများက ထိုဖြစ်ရပ်မှာ (Gene) ဂျင်းကြောင့်ဖြစ်ရကြောင်း တာဝန်ရှိသည့် ဂျင်းလေးခုကိုဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပြီး ကျန်ဂျင်းများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်းသိရပါသည်။ မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသည့် မီးသီးမှာ မီးသီးအတွင်းရှိ နန်းမျှင်များ မထိတထိဖြစ်နေခြင်းကြောင့်မဟုတ်ဘဲ တအိမ်လုံး မီးအားပေးသည့်စနစ်တွင် ဝါယာလျှော့ဖြစ်နေခြင်းကဲ့သို့ စနစ်ကခုလုံး ချို့ယွင်းနေခြင်းကြောင့်ဟု သိရပါပြီ။ ဤသို့ စကားထစ်ရသည်မှာ လူကြီးများ၏ ၁% ကလေးများ၏ ၅% ဖြစ်လေ့ရှိကြောင်း အသက်အရွယ်ရလာသည်နှင့်အမျှ ၈၀% မှာ ပြန်၍ကောင်းလာတတ်ကြောင်းသိရပါသည်။

သမ္မတဂျိုးဘိုင်ဒန်လည်း စကားထစ်ပါသည်။ သူသမ္မတအဖြစ် ကျမ်းကြိမ်သည့်ပွဲတွင် ကဗျာရွတ်ဆိုသူ၌ လည်း ထိုပြသနာရှိပါသည်။ ဘုရင်ဂျော့VI၊ သရုပ်ဆောင် ဆင်မြူရယ်ဂျက်ဆင်၊ မာရီလင် မွန်ရိုး၊ ဂျိမ်းဂျုံးနှင့် အမ်မလီဘလန့်တို့လည်း စကားထစ်ကြပါသည်။ ဂျက်ဆင်က သူစကားထစ်သည်ကို လူမသိစေရန် စကား ပြောလျင် ဆဲဆိုသောစကားများ၊ ကျိမ်ဆဲသောစကားများကိုပြောခြင်းဖြင့် ဖုံးကွယ်ရန် ကြိုးစားသည်ဟုဆိုသည်။

စကားထစ်ခြင်းကို ဉာဏ်နည်းပါး၍ဖြစ်သည်ဟု ထင်မှတ်မှားကြသည်။ နိုင်ငံခြားပညာတော်သင်ရွေးချယ် ရာတွင်လည်းကောင်း၊ အင်တာဗျူးများတွင်လည်းကောင်း စကားထစ်သူများကို ချန်လှပ်ထားခဲ့ကြသည်။ အကယ်စင်စစ်စကားထစ်ခြင်းမှာ ဉာဏ်နည်းပါးသည်နှင့် မဆိုင်ပေ။

ဂရိတွေးခေါ်ပညာရှင် အရစ္စတိုတယ်ကစကားထစ်ရသည်မှာ လျှာကပျင်းရိနေ၍ဖြစ်ကြောင်း လျှာကို အပြစ် ဖို့သည်။ သူက လူတို့၏ တွေးခေါ်မျှော်မြင်မှု မြန်ဆန်ခြင်းကို လျှာက မလိုက်နိုင်ဘူးဟုဆိုသည်။ ၁၉ ရာစုအလယ်ပိုင်းအထိ ဆရာဝန်များသည် စကားထစ်သည့် ပြသနာကို လျှာကိုခွဲစိတ်ခြင်း၊ အသံအိုးကို ပြုပြင်ခြင်းတို့ဖြင့် ပြုပြင်ရန်ကြိုးစားကြသည်။ စကားပြောဆရာ ဒီမိုစသီးနီးမှာ စကားထစ်သည်ကို ပြေပျောက်စေရန် စကားပြောလျှင် ကျောက်စရစ်ခဲများကို ငုံ၍ စကားပြောလေ့ရှိသည်ဟုဆိုသည်။

ပထမဆုံးစကားထစ်ခြင်းမှာ နျူရိုလိုဂျီသဘောတရားအရ ချို့ယွင်းမှုရှိ၍ ဖြစ်ရကြောင်း ၁၉၂၈ ခုနှစ်တွင် ဒေါက်တာ ဆင်မြူရယ်အော်တန် (Samuel Orton) နှင့် စကားပြောပညာရှင် (Speech expert) တို့က စုပေါင်း ကြေညာကြပါသည်။ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်း အချင်းချင်းအားပြိုင်ကြရာမှ စကား ထစ်ရခြင်းဖြစ်သည်ဟု သီအိုရီထုတ်ခဲ့သည်။ သူတို့သည် မှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်နေသော် လည်း သီအိုရီမှန်ကန်ကြောင်းပြသရန် စကင် (Scan) လုပ်သောပစ္စည်းကိရိယာများပေါ်ပေါက်လာသည့် ၁၉၉၀ ပြည့်နှစ်များသို့ရောက်အောင် စောင့်ခဲ့ရသည်။

မက်ဂွားရား (Maguire) နှင့်အပေါင်းအပါတို့က ပထမဆုံး (PET Positron Emission Tomography) ဦး နှောက်ကိုစကင်လုပ်၍ ၁၉၅၅ ခုနှစ်တွင် စာတန်းထွက်လာခဲ့သည်။ သူကစကားထစ်သူ ၄ ဦး၏ ဦးနှောက်စကင် ကိုကြည့်၍ ဘာသာစကားကိုထိန်းချုပ်သည့် ဦးနှောက်ဘယ်ဘက်ခြမ်းတွင် လှုပ်ရှားမှုနည်းပါးကြောင်းကို သတိ ထားမိကြသည်။ ထို့အပြင်ဘယ်ဘက်ခြမ်းတွင် နျူရိုစထရန်မစ်တာပစ္စည်း ဒိုပါမင် (Dopamin) ဓာတ်များပြားနေ ကြောင်းကိုတွေ့ရှိခဲ့ကြသည်။

သို့သော် ဒိုပါမင် အထွက်နည်းအောင် ဆေးများဖြင့်လူနာများကိုစမ်းသပ်ကြသောအခါ လူနာများ စကား ပြော အရည်အသွေးတက်လာကြောင်းတွေ့ရှိခဲ့ကြပါသည်။ သို့သော် ဒိုပါမင်ကိုထိန်းချုပ်သောအခါ လူ တို့၏ ရွှေ့ လျားမှုတွင် ထိခိုက်မှုရှိကြောင်းတွေ့ရှိကြရသည်။ မည်သို့ဆိုစေ မက်ဂွားရား အနေ ဖြင့် ၁၉၉၀ နှစ်များဆီမှာ စ၍ စကားထစ်ရခြင်းမှာ ဦးနှောက်ထဲတွင် တစုံတရာချို့ယွင်းနေ၍ဖြစ်ရကြောင်းကို ရှင်းပြသောအခါ ပရိတ်သတ်က လက်မခံနိုင်ဘဲ ဆူပူကြသောကြောင့် စင်ပေါ်မှဆင်းပေးခဲ့ရသည်။

ဘာသာစကားကို ဦးနှောက်၏ ဘယ်ဘက်ခြမ်းကတာဝန်ယူ၍ကိုင်တွယ်ပါသည်။ လူကြီးများတွင်စကား ထစ်သောသူ၌ဦးနှောက်ဘယ်ဘက်ခြမ်းမှာတက်ကြွမှုမရှိဘဲညာဘက်ခြမ်းတွင်သာလှုပ်ရှားမှုများစွာတွေ့ရသည်။ ဘယ်ဘက်ခြမ်းမှ တက်ကြွမှုနည်းသောနေရာကို (Ventral Premotor Cortex) ဟုခေါ်သည်။ စကားပြောစဉ်မှာ မီလီစက္ကန့်နှင့်အမျှ ဦးနှောက်ထဲတွင်တခုနှင့်တခု ဆက်စပ်နေသောနျူရုန်းများအချင်းချင်း ဆက်သွယ်ရန်လိုအပ် သည်။ လူတို့၏ စကားထစ်မှုသည် ထိုသို့နျူရုန်းတခုနှင့်တခုဆက်သွယ်ရာတွင် အားနည်းနေခြင်းကိုပြသည်။ 

ထိုအရာအားလုံးကိုဆက်သွယ်ပေးသောအရာကိုအဖြူရောင် (White Matter) ဟုခေါ်သည်။ ထိုအဖြူ ရောင်ကြိုးများသည်ဦးနှောက်၏ စကားပြောသောအရာအားလုံးကိုဆက်သွယ်ပေးသောအရာဖြစ်ပြီးထိုအရာများ တည်ဆောက်ပုံပေါ်တွင်မူတည်၍ စကားထစ်သူနှင့် မထစ်သူကို ကွဲပြားစေသည်။ ၎င်းက ဆက်သွယ်ပေးသော အရည်အသွေးကို (FA Fractional Anisotropy) နှင့်တိုင်းသည်။ FA တန်ဘိုးမြင့်ပါက ဆက်သွယ်မှုကောင်းပြီး စကားထစ်သူတို့၌ ဤတန်ဘိုးလျော့နည်းနေတတ်သည်။

စကားထစ်သည်ဆိုခြင်း၌ အဓိက ၃ မျိုးရှိပါသည်။ စကားကိုအကြာကြီးဆွဲထားခြင်း၊ (မမမ မသွားဘူး) စကားတလုံးကို ထပ်ခါထပ်ခါ ပြောခြင်း၊ (ကျွန် ကျွန် ကျွန် ကျွန်တော်) နှင့် စကားသံလုံးဝထွက်မလာခြင်း၊ ပိတ်ဆို့  နေခြင်းတို့ဖြစ်ပါသည်။

လူကြီးလူငယ်မရွှေးစကားထစ်သူများ၏ ဦးနှောက် ဘယ်ဘက်ခြမ်းမှာ လှုပ်ရှားမှုနည်းပြီး၊ ညာဘက်ခြမ်းမှာသာ လှုပ်ရှားမှုများပြားနေရခြင်းမှာ ဒေါ်လာ တစ်သန်းတန်သောမေးခွန်းဖြစ်ပါသည်။ သုတေသနလုပ်သူများ အနေဖြင့် အဘယ်ကြောင့် ဖြစ်ရသည်ကို မပြောနိုင်ကြပါ။

စကားထစ်သူများ၏ မျိုးရိုးကိုလိုက်သည်ဆိုခြင်းကို ဒီအင်အေနှင့်ဂျင်းများကို လေ့လာခြင်းဖြင့်ဖော်ထုတ်လျက်ရှိ ကြပါသည်။ ၄၂ % နှင့် ၈၅% ကြားတွင် မိဘကစကားထစ်ပါက ကလေးများတွင် စကားထစ်နိုင်သည်။ ဂျင်း ပေါ် တွင်မူတည်၍ဖြစ်ရသည်ဆိုသော်လည်း ဤရောဂါသည် ဆေးကုသ၍ရနိုင်ပါသည်။ လွန်ခဲ့သောအနှစ် ၂၀ ခန့်က သုတေသနလုပ်သူများသည် ပါကစ္စတန်သို့သွားရောက်ကြပါသည်။ ထိုနိုင်ငံ၌ ဆွေမျိုးချင်း လက်ထပ် သော အလေ့အကျင့်ရှိခဲ့ရာ ဂျင်းများမှာ ဆွေမျိုးခြင်းလက်ထပ်သောကြောင့် ပိုမိုခိုင်မာလာလေ့ရှိသည်။ သူတို့ သည်စကားကို ထစ်စေသော ပဉ္စမမြောက်ဂျင်းကို ရှာဖွေနိုင်ခဲ့ပါသည်။

စကားထစ်သူတို့အတွက် ကောင်းသောအစဉ်အလာတခုမှာ (Speech Therapy) ခေါ် စကားပြောလေ့ကျင့်ခြင်းပင်ဖြစ်သည်။ စကားပြောကျွမ်းကျင်သူများက သင်၏စကားထစ်ခြင်းကိုမဖြစ်အောင် စကားကိုချောမွေ့ စွာပြောနိုင်အောင် လေ့ကျင့်ပေးနိုင်ကြပါသည်။ စကိတ်စီးသင်သလို ပထမတွင် သင်သည်မတ်တပ် မရပ်နိုင်ဘဲ လဲပြိုမည်။ ချော်မည်မှာသေချာပါသည်။ သို့သော် အာရုံစိုက်၍ချော်လဲခြင်းကို ဘယ်လိုကာကွယ်ရမည်ဆိုသည်ကို လက်တွေ့သင်သောအခါတွင် သိသွားပါလိမ့်မည်။

(၃)
ဆောင်းပါးအစတွင် ဖော်ပြခဲ့သော လီးရီဖ်မှာ အမျိုးသားစကားထစ်သူများအသင်းကြီး၏ ဥက္ကဌကြီး ဖြစ်နေပါပြီ။ သူသွားတွေ့သောဆရာဝန်က ၃ ပါတ်ခန့်အကြာမှာ သူ့ကို ဖုန်းဖြင့်လှမ်းခေါ်၍ အလုပ်လာလုပ်နိုင်ပြီ ဖြစ်ကြောင်းအကြောင်းကြားခဲ့ပါသည်။ သူသည်အထက်တန်းကျောင်းနေစဉ်ကာလတစ်လျှောက်လုံးထိုတိရစ္ဆာန် ဆေးရုံတွင် အလုပ်လုပ်ခဲ့ပါသည်။ ထို့နောက် အနှစ် ၅၀ ကြာအောင် တိရစ္ဆာန်အငယ်ကလေးများ ပြုစုရေးဌာန တွင် အလုပ်လုပ်ခဲ့သည်။ စကားထစ်ခြင်းကြောင့်စိတ်ပျက်အားငယ်ခဲ့ရသော ကာလများမှာ လွတ်မြောက်သွား ပြီဖြစ်ကြောင်း ယခုအခါ သူကပြောပြပါသည်။ “အခုလည်း စကားထစ်တုန်းဘဲ မနေ့ကလည်းထစ်ခဲ့တယ်၊ ဒီနေ့ လည်းထစ်နေတယ် ကျွန်တော်မျှော်လင့်တာတော့ မနက်ဖြန်လည်း စကားက ထစ်ဦးမှာဘဲ ဒါဟာ ဘာကိုပြနေ သလဲဆိုရင် ကျွန်တော်ဟာ အသက်ရှင်နေမြဲ အလုပ်လုပ်နေမြဲဆိုတာကိုပြတာပါ”ဘဲဟုပြောပါသည်။

ကိုသန်းလွင်
Ref: The stuttering mind, by Lydia Demworth, Scientific American August 2021


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar