မောင်တူး - ကဗျာဆရာကြီးဦးတင်မိုးနဲ့ တွေ့ဆုံခဲ့ကြ အမှတ်တရတချို့
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၂၂
ဆရာရေ
၁၅ နှစ်ပြည့်ပြီနော်။
ဆရာမြင်ချင်တဲ့တိုင်းပြည်
မကြာမီ မြင်ရတော့မယ် ထင်ပါရဲ့။
(ကိုထိန်လင်း)
ကိုထိန်လင်းက သူနဲ့ ဆရာတင်မိုး ဆုံခဲ့ကြရတဲ့ အမှတ်တရ ဓာတ်ပုံလေးကို သူ့ရဲ့ဖေ့စ်ဘုတ်မှာတင်ပြီး အခုလို စာရေးတယ်။ “ဆရာရေ ၁၅ နှစ်ပြည့်ပြီနော်။ ဆရာမြင်ချင်တဲ့တိုင်းပြည် မကြာခင် မြင်ရတော့မယ် ထင်ပါရဲ့။” ဆိုပြီး ရေးထားတာပါ။ အမေရိကန်မှာ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ဆုံးပါးခဲ့တဲ့ ၁၅ နှစ်ပြည့် ဆရာတင်မိုး ကွယ်လွန်ခြင်းအကြောင်း စာရေးဖို့ကို ဘယ်ကစရမှန်းမသိဖြစ်နေတဲ့ ကျွန်တော်ဟာ ဒီမှာပဲ စရေးဖြစ်ပြီပေါ့။
ကိုထိန်လင်းရေ ကျေးဇူးပဲနော်။ အလားတူပဲ ဇန်နဝါရီ ၈ ရက်ကလည်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ကိုမိုးကြိုးက ထောင်တွင်းအတွေ့အကြုံတွေ ပြောပြခဲ့လို့ ရန်ကြီးအောင်ဦးစိန်ဝင်းအကြောင်းကို ဇန်နဝါရီ ၈ ရက်က ရေးဖြစ်ခဲ့ပါသေးတယ်။ ကိုမိုးကြိုးကိုလည်း အထူး ကျေးဇူးတင်ပါတယ်လို့ ကြုံတုန်းပြောလိုက်ပါတယ်ဗျာ။
ဧည့်သည်
ဝင်ရောက်ခိုနား
သူပျံသွားသော်
ကိုင်းဖြားသိမ့်ခါသတည်း။
မောင်ပေါက်စည် (မန်းတက္ကသိုလ်) (၁၉၅၈)
ဒီကဗျာလေးကို ဘီဘီစီ ရေဒီယို သတင်းကြေညာသူက ရွတ်ဖတ်ပြီး ခရစ်ယန် အင်္ဂလီကန် သာသနာပိုင်ချုပ် အင်ဒရူးမြဟန် ခေါ် ကဗျာဆရာကြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ကွယ်လွန်သွားကြောင်းကြေညာနေတယ်။ အဲ့သည်နေ့က ၂၀၀၆ ခုနှစ် မေလ ၃၁ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ နန်းတော်ရာဟောင်း ကျုံးဝင်းထဲက DVB ရုံးမှာပါ။ ဆရာကြီး ဦးတင်မိုးကလည်း ရုံးကိုရောက်နေချိန်မို့ “ဧည့်သည်” ကဗျာလေးကို ကျွန်တော်က ရွတ်နေမိတယ်။ “လာရောက်ခိုနား သူပျံသွားသော်” လို့ အမှတ်မှားမိတာကိုတောင် ဆရာက လာရောက်ခိုနား မဟုတ်ပဲ “ဝင်ရောက်ခိုနား” ဆိုပြီး ပြင်ပေးခဲ့တယ်။ အမှတ်တရပါ။ (မှတ်ချက်။ ဧည့်သည် ကဗျာကို မောင်ပေါက်စည်ကရေးခဲ့ပြီး ဧည့်သည်ကြီး ကဗျာကို ဆရာတင်မိုး က ရေးခဲ့ပါတယ်။ ဧည့်သည်နဲ့ ဧည့်သည်ကြီး ကဗျာ ၂ ပုဒ်က နောက်လူငယ်တွေ ရောထွေးနေတတ်ကြပါတယ်။) အဲ့သည်နောက် “အော် မောင်ပေါက်စည် ဆုံးရှာပါပကော” ဆိုပြီး သူ့မျက်နှာညှိုးသွားတာ သတိထားမိလိုက်လေရဲ့။ ညနေပိုင်း ချင်းမိုင်ကျုံးစပ်က စားသောက်ဆိုင်မှာ မောင်ပေါက်စည်အကြောင်း၊ မန်းတက္ကသိုလ် ကလောင်ရှင်တွေအကြောင်း၊ မောင်စွမ်းရည်၊ မောင်သာနိုး၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ကြည်အောင်၊ ဆရာမကြီးလူထုဒေါ်အမာ စတာတွေကို သူက တသီတတန်းကြီး ပြောပါတော့တယ်။ ကျနော်တို့က နားလည်တချက်၊ နားမလည်တချက်ပေါ့။ ဆရာတင်မိုးနဲ့ ဆုံသမျှ သူပြောသမျှ စကားတွေဟာ အကုန် အသံဖမ်းထားပြီး စာစီ စာအုပ်ထုတ်ရင် တအုပ်မက ဖြစ်လောက်တယ်ဗျ။ သူပြောတာ အသားချည်းပဲ။ အပိုမပါဘူး။ သူများမကောင်းကြောင်းမပါဘူး။ ပျော်စရာ ဟာသဖြစ်စရာတွေသက်သက်ပဲ။ ဗဟုသုတတွေနဲ့ နာစရာ စိတ်ညစ်စရာတွေကိုတောင် ပြုံးပြုံးလေးနဲ့ ဟာသဆန်ဆန် ပြောတတ်သူပါ။ ဒါပေမဲ့ စစ်အာဏာရှင် သရုပ်မှန်ကို အမြစ်လှန်တဲ့ ကဗျာတွေကိုတော့ သူက သေသေခြာခြာ ရေးထားခဲ့တယ်။ တပ်လှန့်သံတဲ့။ နွေဦးတော်လှန်ရေးအထိ ခရီးပေါက်တဲ့ကဗျာတွေပေါ့။
တပ်လှန့်သံ
တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေ၀င်းတဲ့
တို့တတွေရဲ့ သေမင်းပါပဲ၊
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။
တိုင်းရင်းသားတွေအပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်တို့တတွေ ထင်ရာစိုင်း
ရိုင်းသမျ ခံရတယ်။
အများအကျိုးအတွက်
တအားကိုးရမယ်မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓါးပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။
ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက်ရိုင်းတာ ရှိမယ်မထင်ဘူး။
ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။
ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲ၀င်ကြစို့။
သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။
ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။
(တင်မိုး) ၂၈-၁၁-၂၀၀၁ (အိမ်မက်တိုင်းပြည်ကဗျာစာအုပ်မှ)
ဆရာတင်မိုးရဲ့ ကဗျာတွေဆိုတာ များလှပါတယ်။ ကဗျာနဲ့ပဲ အမျိုးသားစာပေဆုရ ကဗျာဆရာ မဟုတ်လား။ ကဗျာတွေနဲ့ တော်လှန်ခဲ့လို့ ထောင်ဆု ၄ နှစ်တောင် ရခဲ့သေးပေါ့။ ဒါပေမဲ့ ဘာလို့ အထက်က “တပ်လှန့်သံ” ကဗျာကိုဖော်ပြသလဲဆိုတော့ အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ တပည့် သူခိုးဓားပြထက်ဆိုးတဲ့ မင်းအောင်လှိုင် တပ်ကို တော်လှန်ကြဖို့ နွေဦးတော်လှန်ရေး တပ်လှန့်ချိန်မို့ပါ။
သူ့ကဗျာ အဆုံးသတ်
သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။
ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့ ... ဆိုတဲ့ အဆုံးသတ်ပိုဒ်ကို အကြိုက်ဆုံးပါ။ ဒီနေ့မှာ အာဏာရှင် စစ်ကောင်စီ ဖက်သားတွေ အသက်ရှည်နေသရွေ့ ပြည်သူလူတုတွေ အခက်ပွေနေကြရဦးမှာပေါ့။ အားလုံး ဝိုင်းတိုက်ကြရမဲ့အချိန်နဲ့ သူ့ “တပ်လှန့်သံ” နဲ့က အံကိုက်ပဲပေါ့။ နောက်အမှတ်တရ တခု ဆက်ပြောပါမယ်။
ဧည့်သည်ကြီး
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ။ ။
ဒီ နာမည်ကျော် ထင်ရှားတဲ့ သူ့ ကဗျာလေးနဲ့ ပတ်သက်ပြီးတော့ သူ ပြောပြတာက နော်ဝေးနိုင်ငံမှာပါ။ အော်စလိုမြို့ DVB အသံလွင့်ရုံမှာပေါ့။ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အသံလွင့်ချိန်ပြီးလို့ စကားပြောကြတဲ့အခါသူက ပြောပြတယ်။ ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ပေးကြောင်း ဘီဘီစီက ကြေညာနေချိန် အင်းစိန်အိမ်မှာ ထောက်လှမ်းရေးက သူ့ကို ဝင်ဖမ်းတာတဲ့။ ခန လိုက်ခဲ့ပါပေါ့။ အဝတ်အစား ဆေးဝါးနည်းထည့်ပြီး လိုက်သွားရတယ်တဲ့။ စစ်ကြောရေးကြတော့လဲ သူများတွေလို လက်နက်တို့ ဗုံးတို့ ဘယ်မှာထားသလဲ မစစ်ဘူး။ ကိုယ့်ကဗျာတွေ ဖိုင်တွဲကြီးတွေနဲ့ သိမ်းထားဆိုပဲ။ ကိုယ်မှာ မရှိတော့တဲ့ ကိုယ့်ကဗျာတွေတောင် သူတို့မှာ ရှိနေသပ ဆိုပြီး ပြောြပတယ်။ နောက်တော့ ထောင်ထဲရောက်တော့မှ ....
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ ... ဆိုပြီး ထောင်နံရံတွေမှာ ရေးထားလိုက်ကြတာများလေ အော် ငါ့လက်ရာတွေ ထောင်ထဲရောက်နေတာကအလျင်၊ ငါကနောက်ကျနေသေးဆိုပြီး တွေးမိကြောင်း သူက ပြောပြခဲ့ပါတယ်။ ငါကတော့ စက္ကူစုတ်ကလေးမှာ ဘာရယ်မဟုတ် ၃ ကြောင်းလေးရေးမိလိုက်တာ အခုတော့ လူတွေက ဒီဟာကို တော် တော်ကြိုက်နေကြပါလားဆိုပြီး တွေးမိတဲ့အကြောင်း မကြာမကြာ ပြောလေ့ရှိပါတယ်။
ကဗျာဆရာ အညာလွမ်းချက် တမာခက်မြင် ရင်တွေခုန်
မလာလျှင်လွမ်း၊ လာလျှင်လွမ်း
အညာခွင်က တမာပင်တန်း
ပန်းတွေပွင့်ကြပေတော့မယ်။
တင်မိုး၏ “အညာလွမ်း” ကဗျာအစပိုဒ်
ရေဒီယိုအသံလွှင့်တဲ့ DVB ဌာနချုပ် အော်စလိုမြို့ကို ၁၉၉၉ ခုနှစ် ဆရာတင်မိုးရောက်လာတယ်။ သူ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ အထိ ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာချုပ်ဘဝက ထောင်ကျပြီးနောက် မိသားစုက ပြည်ပထွက် စေချင်တော့ သမီးမိုးမိုးနှင်းရှိရာ ဘယ်လ်ဂျီယံကို ရောက်တယ်။ အဲ့သည်ကမှ DVB ကိုလာတာပေါ့။ ဆေးလိပ်ဖွာ လျှက် လက်ဖက်ရည်ခွက်နဲ့ ကဗျာတွေ အမြဲရေးနေတာတွေ့ရတယ်။ ဗလာစာအုပ်တအုပ်နဲ့ ဘောပင်ကအသင့်။ ထမင်းစားခါနီးတော့ ဘာဟင်းလဲ ဗျလို့ သူကမေးတယ်။ သူဟာ သူ့ထက်ကြီးသူ ငယ်သူ မရွေး ကျနော် ခင်ဗျားသာ ပြောတယ်။ လူငယ်တွေကို ငါလူကြီးဆိုပြီး နှိမ်ပြီး မဆက်ဆံတတ်ပါ။ “ငါးပိတစ်” လို့ ပြန်ပြောသံကြားတော့ “ဟာ အညာပြန်ရောက် သလိုပဲ။ ရင်တောင်ခုန်သွားတယ်။” လို့ သူက ပြောတယ်။ ငါးပိကောင်ဟင်းကို အညာက ငါးပိတစ် ဟင်းလို့ ခေါ်ကြတယ်။ ဆရာဟာ အညာကိုလွမ်း တမ်းတလွန်းပနော်လို့ ဆိုရမှာပါ။ ငါးပိကောင်ကို ငရုတ်သီးစပ်စပ် ခရမ်းချဉ်သီးနဲ့ ချက်ထားတဲ့ အညာငါးပိတစ်ဟင်း မြိန်ရည်ယှက်ရည် သူစားတယ်။ ပြီးတော့ အော်စလိုစီးတီးကုန်တိုက်ကြီးကို ဘတ်စ်ကားနဲ့သွားကြတယ်။ ထိုင်း ကုန်စုံဆိုင်မှာ ငါး၊ ငါးပိ၊ ဟင်းရွက်တွေဝယ်ကြတော့ တမာခက်ကလေးတွေ တွေ့ကြလို့ ဝယ်ကြပြန်ရောပေါ့။ “အမလေး တမာခက်လေးတွေ တွေ့တော့ အညာကို သတိရလိုက်တာ ရင်တောင်ခုန်သွားတာ ဒိတ်ဒိတ်ဒိတ်ဒိတ်နဲ့” ဆိုပြီး ခနခန ပြန်ပြန် ပြောနေတတ်တယ်။ သူပြန်ချင်တဲ့ အညာကျေးလက်ကို ပြန်မရောက်လိုက်ရပါလားလို့ အခုတောင် ကျနော် တွေးနေမိပါသေးရဲ့။
“သားဆုံးပေမဲ့ တရားမမဲ့သူ”
ဆရာနဲ့ အမှတ်ရစရာတွေကတော့ များလှပါတယ်။ ၂ ခုပဲထပ်ပြောချင်ပါတယ်။ တခုက သူ့ရဲ့ တဦးတည်းသော သား မောင်ဉာဏ်မိုးစန်း ဆုံးတဲ့နေ့ စိတ်မကောင်းစရာနဲ့ နောက်တခုက သားရဲ့ရက်လည်ဆွမ်းကို အော်စလိုက ထိုင်းဘုန်းကြီးကျောင်းမှာ သွားကပ်ခဲ့ရင်း ပျော်စရာဖြစ်ခဲ့ကြပုံ။ ၁၉၉၉ ခုနှစ် သား မောင်ဉာဏ်မိုးစန်း အင်ဒိုနီးရှားက ကျွန်းတကျွန်းမှာဆုံးတယ်။ နိုဝင်ဘာ ၁၀ ရက်လို့ထင်တယ်။ အော်စလို DVB မှာ ဆရာတင်မိုးရှိနေချိန် ဒီသတင်းကြောင့် စိတ်မကောင်းကြဘူးပေါ့။ ဆရာ့သမီး မမိုးမိုးနှင်းဆိုလျှင် ဂျီအော်လော်ဂျီ ဘွဲ့ရသူ့မောင်လေး အလုပ်ရဖို့ခက်တော့ ရရာအလုပ် သင်းဘောသားလုပ်ရပြီ တိုင်းတပါးမှာဆုံး ကံဆိုးရတယ်ပေါ့ဆိုပြီး အစိုးရကို အပြစ်ပြောနေတယ်။ ဆရာတင်မိုးကတော့ သူများကို အပြစ်မတင်ပါနဲ့လေ လူငယ်တွေ ထောင်သောင်းချီ အလုပ်ထွက်လုပ်ကြပြီး ကိုယ်သားမှ ဒီလိုကြုံရတာကတော့ ကိုယ့်ကံပေါ့ကွယ်ဆိုပြီး သမီးကို နှစ်သိမ့်နေတယ်။ သူ့ကို ရန်သူလို့သတ်မှတ်ပြီး ထောင် ၄ နှစ်ချခဲ့တဲ့ စစ်အာဏာရှင်ကိုတောင်သူက အပြစ်မပြောသူပါ။
“သားကိစ္စ အရင်းပြု ချစ်မှုပေါ်လာ ကဗျာဆရာ”
သားရက်လည်ဆွမ်းက အော်စလိုမှာ ဗမာဘုန်းတော်ကြီးကျောင်းမရှိ။ မသီတာ အစီအစဉ်နဲ့ ထိုင်းဘုန်းကြီး ကျောင်းကို ထိုင်း ဗမာ အင်္ဂလိပ် စကား ၃ မျိုးနဲ့ သီလယူလိုက်ကြတယ်။ ပြီးတော့ ထိုင်းကျောင်းဒကာမတွေနဲ့ ထမင်းစားရင်း ၆၀ ကျော် ထိုင်းအမျိုးသမီးကြီးက ဆရာတင်မိုးကို လက်မလွှတ်တော့ဘူး။ သူနဲ့အတူနေရမယ်တဲ့ဗျာ။ I Love you တဲ့၊ မသီတာက I like you မဟုတ်ဘူးလားဆိုတာကိုတောင် ထိုင်းအမျိုးသမီးကြီးက I love you ချန်းရပ်ခွန်း (နင့်ကိုငါချစ်တယ်) ဆိုပြီး ပြောသေးတယ်။ အဲသည်အမျိုးသမီးကြီးက အသက် ၃၅ နှစ်မှာ ယောက်ျားသေတယ်။ သူ့သမီးကလည်း ၃၅ နှစ်မှာ လင်ဆုံးတယ်တဲ့။ သူတို့ အထီးကျန်နေကြသတဲ့။ ချောချောတွေပါပဲ။ ဆရာက သားကိစ္စအရင်းပြုပြီး ထိုင်းမြန်မာချစ်ကြည်ရေး အသက် ၆၀ ကျော်မှ ကံပေါ်တယ်ဆိုပြီး ပြန်သတိရတိုင်း ပြောလေ့ရှိပါတယ်။
ဒါတွေသတိရနေမိပါတယ်။ နော်ဝေးမှာ မဲဆောက်မှာ ဘန်ကောက်မှာ ချင်းမိုင်မှာ ဆုံခဲ့ကြတာတွေကတော့ တနှစ်တခါလောက်စီပေါ့။ ကိုထိန်လင်းပြောတဲ့အတိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှာတော့ ဆရာကြီး ခရီးရှည်ကြီးထွက်သွားတာမို့ ဆေးလိပ်အတို နေညိုညိုမှာ အိမ်ပြန်ပို့လိုက်ရတာ ၁၅ နှစ်ရှိပြီပေါ့။ နေမင်းကြီး ကွယ်သွားသော်ငြား နေရောင်ရှိန်ဝါတွေကတော့ လင်းနေဆဲပါ။ ဆရာ့ကဗျာ ဆရာ့စာတွေကတော့ ခေတ်မီဆဲ ဖတ်နေကြဆဲ ရွတ်နေကြဆဲပါ။ အခုနွေဦးတော်လှန်ရေးရဲ့ တနှစ်ကြာ ဆန္ဒပြပွဲတွေမှာ ခေတ်မီနေဆဲဖြစ်တဲ့ ဆရာ့ကဗျာရွတ်သံ တွေကတော့ လွင့်ပျံနေဆဲပါ။ ကဲ အဆုံးသတ်ပါပြီ။ ဆရာတင်မိုး ကွယ်လွန်ပြီး ၁၅ နှစ်မှာ သူ့ကဗျာတွေဟာ ခေတ်မှီနေဆဲ ဟုတ်မဟုတ်ဆိုတာကိုတော့ အောက်ကကဗျာပိုဒ်တွေကိုသာ ဖတ်ကြည့်ကြပါတော့ခင်ဗျာ။ ကျနော်မောင်တူးပါ။ ။
မျိုးမစစ်တဲ့ သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။
ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲ၀င်ကြစို့။
သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။
ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။
(တင်မိုး) ၂၈-၁၁-၂၀၀၁ (အိမ်မက်တိုင်းပြည်ကဗျာစာအုပ်မှ)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar