Breaking News

သားကြီးမောင်ဇေယျ — မစိုးရိမ်ပါနဲ့ဗျာ

သားကြီးမောင်ဇေယျ — မစိုးရိမ်ပါနဲ့ဗျာ

(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၂


သေနာပတိကြီး၏ လုပ်ရပ်များကို ထောက်ခံဂုဏ်ပြုလိုသဖြင့် ဗာရာဏသီ မြို့လယ် အားကစားကွင်းတွင် သေနာပတိကြီးရုပ်ထုကို ထုလုပ်ထားရှိရန် ဗာရာဏသီ စည်ပင်က လေလံခေါ်သည်။

ပထမ ကုမ္ပဏီက ဆယ်ပေအမြင့်ရှိ ရုပ်တုကြီးကို ဆောက်လုပ်ပေးပါမည်။ ကုန်ကျငွေ သိန်းတစ်သောင်းသာ ကျပါမည်။ ခန့်ညားထည်ဝါမှု၊ ခိုင်ခံ့မှုများကို အာမခံပါသည်။ စရန် တဝက် ချပေးသည့် ရက်မှ စတင်ကာ တနှစ်အတွင်း ပြီးအောင်တည်ဆောက်ပေးပါမည်ဟု ရေးတင်လိုက်သည်။

ဒုတိယကုမ္ပဏီက အမြင့်ပေနှစ်ဆယ်ရှိသော သေနာပတိရုပ်တုကို ဆောက်လုပ်ပေးပါမည်။ ကုန်ကျငွေ သိန်း နှစ်သောင်း ကျပါမည်။ ခန့်ညားမှု၊ ခိုင်ခံ့မှု အာမခံပါမည်။ စရန်တဝက် ချပေးသည့်နေ့မှ စတင်ကာ ၆ လ အတွင်းပြီးအောင် တည်ဆောက်ပေးပါမည်ဟု ရေးတင်လိုက်သည်။

တတိယကုမ္ပဏီက ပဲရစ်မျှော်စင်လောက်မြင့်သော သေနာပတိရုပ်တုကြီးကို ၇ ရက်အတွင်းပြီးအောင် တည်ဆောက်ပေးပါမည်။ ကမ္ဘာပေါ်မှာ အကြီးဆုံး အခိုင်ခံ့ဆုံး အကောင်းဆုံးဖြစ်ဖို့ အာမခံပါသည်။ ကုန်ကျငွေမှာ ညှိနှိုင်းဈေးသာဖြစ်ပါတယ်။ မအောင်မြင်လျှင် သုံးဆပြန်လျော်မည်ဟု ရေးတင်လိုက်သည်။

လေလံခေါ်သူ ဗာရာဏသီ စည်ပင်က ချက်ချင်းဆိုသလို တတိယကုမ္ပဏီကို ငွေသိန်းငါးသောင်းပေးကာ အလုပ်အပ်လိုက်ကြသည်။

ပထမနှင့်ဒုတိယ ကုမ္မဏီ။ ။ ရုပ်တုကြီးကို ၇ ရက်အတွင်း မပြီးရင် ခင်ဗျားဘယ်လိုလုပ်မှာလဲ။ စိုးရိမ်တယ်ဗျာ။

လေလံအောင်သော တတိယကုမ္ပဏီ။ ။ မစိုးရိမ်ကြပါနဲ့ အပေါင်းအသင်းတို့ သူတို့က ၇ ရက် တောင်ခံမှာ မဟုတ်ဘူးလေ။

သားကြီးမောင်ဇေယျ
(၂၁၊၁၊၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar