Breaking News

ထွန်းဝင်းငြိမ်း - ဒေါင်းနိမိတ်ရှင်းရှင်းနဲ့ ကောင်းအတိတ်သတင်းတွေကြောင့် ‌လောင်းရိပ်တော့ ကင်းစေချင်

Image - Crd
ဒေါင်းနိမိတ်ရှင်းရှင်းနဲ့ ကောင်းအတိတ်သတင်းတွေကြောင့်
‌လောင်းရိပ်တော့ ကင်းစေချင်
ထွန်းဝင်းငြိမ်း
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၂

ကမ္ဘာစစ်ကို
မကြုံဖူးပေမယ့်
ကမ္ဘာပျက်တာကို
ကြုံနေရတယ်။
ကြွေတာကိုက
ဝေဖို့ဆိုကြသလို
ပျက်တဲ့အဖြစ်တွေမှာ
ဟောင်းတဲ့အညစ်တွေအတွက်
ကောင်းတဲ့အသစ်တွေ
ပြောင်းကြရမှာပေါ့။
အဟောင်းကိုချေဖျက်မှ
အသစ်ကိုတည်ဆောက်လို့ရသတဲ့
ကြွေခဲ့တဲ့သစ်စေ့တွေက
အပင်သစ်တွေ မွေးဖွားသလိုမျိုး
သဘာဝတော်လှန်ရေးရဲ့
အလှတရားလေ။
အဟောင်းကိုဖက်တွယ်သူတွေက
ဆွေးမြေ့ပျက်စီးလွယ်ကြတယ်
အသစ်နဲ့ သံသရာတခုစာ 
လွဲခဲ့တာ မသိရှာကြ။
တော်လှန်ရေးရဲ့ သဘာဝကိုက 
ဓမ္မစေတီဝတ္ထုထဲမှာ 
ပုသိမ်စား ဗညားအိမ်ရဲ့ကြိမ်းသံကို
ဆရာကြီးမှိုင်း ရေးခဲ့သလို
သံသရာကို မမှုပေမယ့် 
ဒီတခါတော့ ဆွေမျိုးချင်း
ဝံသာမနုနိုင်ဘု ဆိုသလိုပ။
အတော်အတန်ဝေးတာတွေ
အခြေကျချင်ပေမယ့်
တော်လှန်ရေးက သရေမကျဘူး။
စိတ်ကောက်သလိုမျိုးကလည်း
အနိုင်မရဘူး။
အချိန်နဲ့အမျှ အားပြိုင်နေရတဲ့အခါ
ဝဇီပိတ်ဗျူဟာနဲ့ အသံတိတ်ဝင်္ကဘာမှာ
ရွာလည်နေကြတာ ရွာနာပါတယ်။
စိတ်ရင်းအခံ မှန်ပေမယ့်
အဆိပ်အတောက်နဲ့
ဖိတ်ဖိတ်တောက်ခဲ့ပြီး
အိတ်ပေါက်နဲ့ ဖားကောက်ခဲ့တာတွေ
သင်ခန်းစာ မထုတ်နိုင်ခင်မှာ
အသစ်သစ်သော တိုက်ရဲသူတို့နဲ့
စွန့်လွှတ်ခဲ့ကြသူ အာဇာနည်အပေါင်းတို့ရဲ့
မဟာသူရဲကောင်းဗိမာန်မှာ
နွေဦးတော်လှန်ရေးရဲ့
အောင်ပွဲခံတေးသံတွေက
ပျံ့လွင့်နေဆဲ
ပျံ့နေဆဲပေါ့။

၂၄၊ ၁၊ ၂၀၂၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar