Breaking News

မိုးချိုသင်း - အဖေသာ ရှိနေခဲ့သေးရင်

မိုးချိုသင်း - အဖေသာ ရှိနေခဲ့သေးရင်
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၂၂

ဒီတနှစ်အတွင်း တိုင်းပြည်အရေးက ကိုယ်၊ စိတ်၊ နှလုံး မချမ်းသာတာတွေ မြင်တွေ့နေရလို့ မပျော်ရွှင်ဘူး။ စိတ်ဖိစီးနေတော့ စာလဲမရေးချင်ခဲ့ဘူး။ ဇန်နဝါရီ ၂၂ ရက်က အဖေဆုံးတာ ၁၅ နှစ် ပြည့်တဲ့နေ့ပါ။ ကိုယ့်ကို စာရေးချင်ဖြစ်အောင် အားအပေးခဲ့ဆုံးက အဖေနဲ့အမေမို့ တခါတခါ သူတို့ရဲ့ နွေးတဲ့မေတ္တာတွေအကြောင်း တွေးမိရင် စာတိုပေစ ရေးမိတတ်ပါတယ်။ အခုတော့ တိုင်းပြည်အရေး ပူဆွေးနေမိတာမို့ အမှတ် တရစာ မရေးချင်ဘဲ ဖြစ်နေရပါတယ်။ 

တကယ်တော့ အဖေ့ကို ဒီနှစ်ထဲမှာ ပိုလို့တောင်လွမ်းနေမိတာပါ။ လွမ်းတဲ့စိတ်နဲ့ အလုပ်တွေ ပိုလုပ်မိပါတယ်။ တနေ့တနေ့ တက်လာတဲ့ သတင်းတွေ ဖတ်ရ ကြားရတိုင်း အဖေဆို ဘယ်လိုပြောမှာပါလိမ့် ဘယ်လိုရေးမှာပါလိမ့် အမြဲပဲစဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေဟာ ခံစားရသမျှ ကြုံလာသမျှကို အမြဲချရေးတတ်တဲ့ ကဗျာဆရာဖြစ်နေလို့ပါပဲ။ 

ကိုယ့်အဖေက ကဗျာဆရာပါ။ ကဗျာဆရာဆိုလို့ ကဗျာရေးလို့ ကဗျာဆရာလို့ လွယ်လွယ်ပြောလိုက်တာ မဟုတ်ရပါ။ သူ့ရင်ထဲ ထိခိုက်ခံစားရသမျှ ဘာလေးဖြစ်ဖြစ် ကဗျာလေးတွေ ရေးတယ်၊ မှတ်တမ်းအနေနဲ့လဲ ကဗျာရေးတယ် လို ကိုယ်ခံစားမိတာပါ။ တခါတခါ အဖေရေးခဲ့တာလေးတွေပြန်ဖတ်ပြီး အဲဒီအချိန်က ဘယ်လိုများခံစားခဲ့ရလို့ပါလိမ့်လို့ စာအုပ်လေးဘေးချ တွေးမိရတဲ့အခါတွေ ရှိခဲ့ပါတယ်။

ငယ်တုန်းကတော့ အဖေ ဒီလိုပဲ စာတွေရေးနေတယ်လို့ သိထားခဲ့ပါတယ်။ ဘယ်အချိန်မှာ သတိထားမိသွားတာလဲဆိုရင် အမေဆုံးတုန်းကပါ။ ညနေမှာ အမေဆုံး၊ နောက်နေ့ မနက်စောစောမှာ အဖေ့ကဗျာက အမေ့ယပ်တောင်လေးမှာ ရိုက်ဖို့ ပေးပြီးသွားပြီ။ အမေ့ အုတ်ဂူပေါ်မှာထွင်းထားတဲ့ "စန်းအတွက် အလွမ်းကဗျာ" ပါတဲ့။ 

"သင်းပျံ့စပယ်၊ နှမငယ်ကို
မပြယ်အချစ်၊ အမြဲ သစ်လိမ့်
လွမ်းရစ်ခဲ့ပြီ သင့် ဂုဏ်ရည်။"

အဲဒါကို ဆရာလူထုဦးစိန်ဝင်းက ထောက်ပြခဲ့ဖူးတာ မှတ်မိနေပါတယ်။ သူ့ဇနီးဆုံးချိန် ဒီအပူလောက်ကြီးတာ ရှိပါအုံးမလားတဲ့။ အဲဒီ အပူလောင်ဆုံးအချိန်မှာ ကဗျာဆရာဟာ ကဗျာရေးတဲ့အလုပ်ကို လုပ်နေခဲ့ပါတယ်တဲ့။ 

အမှန်ပါပဲ၊ အဖေက ခံစားချက်နဲ့ ရောပြွမ်းတဲ့အဖြစ်အပျက်တွေကို ကဗျာရေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ၈၈ အရေးတော်ပုံကြီး မစ ခင် အရိပ်အငွေ့တွေသန်းပြီး ကျောင်းသားလှုပ်ရှားမှုတွေ စနေချိန်မှာ ဒီလိုရေးပြီး အားပေးခဲ့တယ်။

"ခွပ်ဒေါင်းအောင်လံ၊ လွှင့်ထူပြန်
တော်လှန်သတိ၊ ရှေ့ နောက်ကြည့်
စွန့်စားဖို့က တို့သတ္တိ" ...တဲ့။

တခါ ကလိမ်ကညစ်ဉာဏ်နဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ စစ်ကောင်တွေက ဖန်တီးပြန်တော့ ဒီလိုကဗျာစပ်ပြန်တယ်။

"ငါ့ဘုရားမှ ငါ့ဘုရား
ငါ့တရားမှ ငါ့တရားဟူ၍
ကျဉ်းမြောင်းသော စိတ်ထားနဲ့
ဘုရား ရှိမခိုး" လို့ လူထုသဘောထားကို လှစ်ပြခဲ့တယ်။

အဲဒီအချိန်က နေ့စဉ်သတင်းစာဆိုတာ လူထုခေါင်းဆောင်ကို ပုတ်ခတ်တဲ့ စာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ အဲဒီတော့ ဒီလို နှစ်သစ်ဆုတောင်း ကဗျာကို ရေးခဲ့ပါသေးတယ်။

"သူက မမှန်၊ ငါက မှန်ဟု
တယူသန်စွဲ၊ စိတ်သေးဖွဲနှင့်
ငရဲဘဝမှလဲ လွတ်ပါစေ။
သူ့ဂုဏ်ကို ချ၊ ကိုယ့်ဂုဏ်ပြကာ
မာနစကား၊ တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ" တဲ့..။

သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်ရမယ့်အစား တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖလို့ ဆိုပြန်တော့ ဒီလိုစပ်ပြန်ပါရော။

"စစ်အာဏာရှင် သေနတ်ကိုကြောက်လို့
ငါတို့လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။...
အရူး ငပေါက်တွေကို
ဒူးမထောက်ကြနဲ့ဟေ့.."

တော်လှန်ရေးမှာ သတိပြု သတိထားစရာတွေကိုလည်း ရင်ထဲကဆန္ဒရှိတဲ့အတိုင်း ကဗျာစပ်လို့ သတိပေးခဲ့ပါသေးတယ်။

"လှေကြုံစီးသမားတွေက
ငွေပုံကြီး အနားမှာ
ရွှေဘုံထီးနဲ့ အလှမ်းကွာ။
အပျော်ကြံ မပြေးမိဖို့
တော်လှန်ရေး သတိရှိအောင်
မိမိကိုယ်ကို ဆုံးမပါ" တဲ့။

နောက်တော့ အဖေ့ရဲ့ မျှော်လင့်ချက်ကလေးကို ဒီလိုရေးခဲ့ပါတယ်။ ဒါဟာလဲ တတိုင်းတပြည်လုံးရဲ့ ဆန္ဒကို ပဲ့တင်ထပ်ခြင်းမျှသာ..

"စိတ်ဓာတ်မြင့်မား၊ ရိုးသားဖြူစင်တဲ့
ကြည်လင်တဲ့ လူကလေးရေ..
သားတို့တတွေ လာမယ့်လမ်း
သပြေပန်းနဲ့ ရေချမ်းနဲ့
ကြိုစမ်းပါရစေ လူကလေးရေ..."

အဲဒီတော့ သမိုင်းရိုင်း တဖန်ကျော့လေတဲ့ အခုလိုအချိန်မှာ အဖေ ဒါတွေမကြုံရတော့ဘူးလို့ သက်ပြင်းချမိတာလဲ အခါခါပါ။ ပြီးတော့ အဖေ အခုအချိန် ရှိနေအုံးမယ်ဆိုရင် ဘယ်လိုကဗျာမျိုး ရေးမှာပါလိမ့်လို့ အတွေးဆန့်မိပါသေးတယ်။ အဲလိုတွေးမိတော့ မိသားစု ပျော်ပျော်ရွှင်ရွှင် လူစုံစုံနေခဲ့ရတုန်းကအဖြစ်အပျက်ကို ပြောပြချင်စိတ်ပေါက်မိတယ်။ အကောင်းရေးနေတုန်း ဖောက်သွားပြန်ပြီလို့တော့ မထင်ပါနှင့်။

အဖေက ကျောင်းဆရာလဲဖြစ်သေးတာမို့ ဆယ်တန်းစာမေးပွဲနီးရင် အထူးထုတ်တွေ ထုတ်လေ့ရှိပါတယ်။ အဲဒီအခါ ကျောင်းဆရာပီပီ ကျောင်းသူကျောင်းသားတွေအတွက် ကဗျာလေးတပုဒ် စာအုပ်နောက်ကျောဖုံးမှာ ထည့်ပေးလိုက်လေ့ရှိပါတယ်။ အဲဒီအခါ ကလေးတွေကို သူတို့ရဲ့ ဘဝတဆစ်ချိုး ဆယ်တန်းစာမေးပွဲကြီးကို အောင်အောင်မြင်မြင် ဖြစ်သွားချင်စိတ် အင်မတန်ပေါက်ပုံရတယ်။ ဘာလို့လဲဆိုတော့ အဖေ့ကဗျာက စာကြောင်းတိုင်းမှာ "အောင်" စာလုံးပါနေတတ်တာပါ။ တနှစ်လဲ မဟုတ်၊ နောက်နှစ် ဆယ်တန်းရာသီ စပ်ပြန်တော့လဲ "အောင်" ပါပြန်တာပဲ။ အဲဒီတော့ ကိုယ့်အမလတ် မအေးက အဖေ အထူးထုတ်အတွက် ကဗျာစပ်နေပြီဆိုရင် အဖေ့ပခုံးပေါ်က ကျော်ကြည့်ပြီး သူ့ဖာသာသူ ပလွတ်ရွှတ်တွ လျှောက်အော် စပ်လိုက်တာပါ။ "အောင်ပန်းတွေ ဝေ၊ အောင်လမ်းကို လျှောက်၊ အောင်ဆုကို ယူ၊ အောင်ပန်း ကို ခူး၊ အောင် သားသမီးတို့၊ အောင်စည်တီး ပြီ၊ အောင်..အောင်..အောင်.." တဲ့။ အဖေလဲ ရှေ့ဆက် ကဗျာမစပ်နိုင်တော့ဘူး။ သူ့သမီးတွေ ကျီစယ်တာကို ရီလိုက်တာ မျက်စိကို ပိတ်လို့..

အခုလဲ အဖေသာရှိနေသေးရင် သူတို့ သေနတ်တချက်ဖောက်တိုင်း PDF တွေ ရာချီ ထောင်ချီ တိုးလာနေတာ၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တနှစ်ပတ်လုံး နိုင်ငံအနှံ့အပြား တရက်ကလေးတောင် ဆန္ဒပြပွဲတွေ မရပ်ခဲ့တာ၊ တတိုင်းပြည်လုံးကတဖက် စခတွေက တဖက် အရှက်သိက္ခာ ကုန်နေတာတွေ သိရရင် ငါတို့အောင်ကို အောင်တော့မှာမို့ အခုအချိန်မှာ "အောင်" ကဗျာတွေသာ စပ်နေမယ်လို့ တွေးမိကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar