Breaking News

ကိုအောင်မှိုင်း - ရင်ထဲကဆူး



ကိုအောင်မှိုင်း - ရင်ထဲက ဆူး

(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၂


ကဗျာဆရာရဲ့
အသံကုန် ဟစ်ကြွေးသံကို
လမ်းမပေါ်က ဝိညာဥ်တွေ ကြားတော့
ချက်ချင်း ကုန်းရုန်းထပြီး
အလေးပြုကြတယ်။

သူတို့ကိုယ်တိုင်လဲ
ကဗျာဆရာနဲ့အတူ
သံကုန်ဟစ်လိုက်ကြတယ်
ကမ္ဘာကြီးတောင် ပိုပြီးတိမ်းစောင်းသွားသလိုပဲ
မာရီယာနာတောင်ကမ္ဘာကြီးထဲ ပိုစူးဝင်သွားတယ်။

ကဗျာဆရာက
လက်သုံးချောင်း ထောင်လိုက်တယ်
ဘုရားသခင်ရှေ့မှာ ဒူးထောက်လိုက်တယ်
သစ္စာတရားတို့ အောင်ပါစေသားလို့ တိုင်တည်လိုက်တယ်။

သားသတ်သမားတွေ
ကြောက်ဒူးတုန် ဆွံ့အသွားကြပြီး
စစ်မြေပြင်က ကိုယ်လွတ် ထွက်ပြေးကြတယ်
ကျေးလက်က မြက်ရိုင်းပင်တွေ
တောဖြစ်ကုန်တယ်
မြို့ပြက တိုက်တာအိုးအိမ်တွေ
ဟောင်းလောင်းဖြစ်ကုန်တယ်
ရိုးမတွေကို ဖြတ်ကျော်ပြီး
ဘင်္ဂလားပင်လယ်အော်မှာ အဆုံးသတ်တယ်။

ကဗျာဆရာရဲ့
မျှော်လင့်ချက်ဟာ မီးတောင်ဖြစ်သွားတယ်
ပေါက်ကွဲသံစဥ်တွေက မီးပင်လယ်ကြီးတခုပေါ့
အနာဂတ်ကို ထုဆစ်မယ့်လက်တွေကို
ဓားလို သွေးလိုက်တယ်။

ဆုံးရှုံးစရာ နှောင်ကြိုးတွေကို
ဓားလိုထက်တဲ့ လက်နဲ့ တိုက်ဖြတ်လိုက်တယ်
အနာဂတ်ဟာ ပန်းတပွင့်ဖြစ်သွားပြီး
မုန်တိုင်းဟာ လေညင်းဖြစ်သွားခဲ့တယ်။

ကဗျာဆရာ ဟစ်ကြွေးလိုက်တာက
အေကေ ၄၇ တလက်လောက် လိုချင်တယ်။

ကိုအောင်မှိုင်း
ဇန္နဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ်။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar