နိုင်ငံတကာ အာရုံစိုက်မှုခံရနိုင်တဲ့ အကြမ်းဖက်သတ်ဖြတ်မှု
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၅ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅
နိုင်ငံတကာ အာရုံစိုက်မှုခံရနိုင်တဲ့ အကြမ်းဖက်သတ်ဖြတ်မှု
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မကျေနပ်မှုတွေက လက်နက်ကိုင် တိုက်ခိုက်မှုတွေဆီ ဦးတည်စေခဲ့ပြီး စစ်အာဏာသိမ်းပြီး ၃ လခန့်က စတင်ခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုဟာ အခုဆို ၄ နှစ်ထဲ ဝင်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။ အစောဆုံး လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတွေက ကရင်နီပြည် မိုးဗြဲဒေသနဲ့ ချင်းပြည်နယ် မင်းတပ်တို့မှာလို့ ဆိုနိုင်ပါလိမ့်မယ်။
၄ နှစ်ပြည့်ကာလကို ရောက်ရှိလာချိန်မှာတော့ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ အကြမ်းဖက်သတ်ဖြတ်မှုတွေ ရာဂဏန်းမက ထောင်ဂဏန်းလောက် အရေအတွက်တွေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်နက်ကိုင် တပ်တွေ စစ်မြေပြင်မှာ တိုက်ခိုက်သေဆုံးကြရတဲ့ အရေအတွက်တွေလည်း ထောင်သောင်းနဲ့ ချီရှိနေမှာဖြစ်သလို အရပ်သားတွေကို လက်နက်ကိုင် တပ်ဖွဲ့ဝင် ဒါမှမဟုတ် ကူညီထောက်ပံ့ပေးသူ၊ သတင်းပေးသူလို့ စွပ်စွဲ သတ်ဖြတ်တာတဲ့ အဖြစ်တွေကလည်း လက်နက်ကိုင် တော်လှန်ရေး သက်တမ်း ၄ နှစ်အတွင်း ရာထောင်ချီ ရှိလာပြီ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ဝင် ဒါမှမဟုတ် ကူညီသူ၊ သတင်းပေးသူ စွပ်စွဲခံရခြင်း မရှိဘဲနဲ့လည်း ပစ္စည်းယူဖို့၊ သို့မဟုတ် ရန်ငြိုးနဲ့ သတ်ဖြတ်မှုတွေလည်း အခုလို တရားဥပဒေ မစိုးမိုးတဲ့ကာလတွေအတွင်း အများအပြားဖြစ်ပွားလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အများအပြားကို သိရှိကြရသလိုဘဲ တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ကိုင်ထားသူတွေ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေလည်း စစ်ကောင်စီတပ်တွေ ကျူးလွန်တာနဲ့ နှိုင်းယှဥ်စရာမဟုတ်ပေမယ့် အရေအတွက် တခုထိ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအနက် ၂၀၂၁ ခုနှစ် ခရစ်စမတ်အကြိုနေ့ ကရင်နီဒေသ ဖရူဆိုမြို့နယ်ထဲက မိုဆူကျေးရွာအနီးမှာ တိုက်ပွဲရှောင်လာတဲ့ အရပ်သား ၄၀ နီးပါးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပီး အရပ်သားတွေ အကြမ်းဖက် သတ်ဖြတ်ခံရမှု၊ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ ကျေးရွာသား ၂၈ ဦး အသတ်ခံရတဲ့အဖြစ်အပျက်တွေက ဖြစ်ရပ်တခုချင်းစီမှာ အရေအတွက် အများအပြား သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဖြစ်လို့ ထင်ရှားပါတယ်။ ဒိပြင် လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ရာနဲ့ ဆယ်နဲ့ ချီသေဆုံးမှုတွေလည်း သတ်သတ်စာရင်းပြုစုထားကြတာပါ။
အခု ရည်ညွှန်းလိုတဲ့ ဖြစ်ရပ်တွေကတော့ စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တွေက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ယင်းမာပင် မြို့နယ်ထဲက ဗိုလ်သံမဏိလို့ အမည်ပြောင်းထားတဲ့ ယခင် သပြေအေး ဆရာတော် ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အရပ်သားနဲ့ အခြားတော်လှန်ရေး လက်နက်ကိုင်တွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်က ပထမဆုံး လူသိများတဲ့ သတ်ဖြတ်မှု ဖြစ်ပါတယ်။ အဲဒီနောက် ယောနယ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ မိသားစုတစုနဲ့ ဧည့်သည် အပါ လူ ၆/၇ ဦးလောက်ကို ဖမ်းဆီး သတ်ဖြတ်လိုက်တဲ့ အဖြစ်အပျက် ဖြစ်ပြီး နောက်ထပ် ဖြစ်ရပ်တခုက ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ပလုံကောက်တဲ့ ကလေးငယ် အုပ်စုတစုကို သတင်းပေး ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးကာ မိန်းကလေးငယ်တချို့ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ် အလောင်းဖျောက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေက လူတဦးထက်မကတဲ့ သေဆုံးမှုတွေ ဖြစ်ပြီး လူသိများတဲ့ ဖြစ်ရပ်တွေဖြစ်ကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာကြောင့် လူသိကြရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပြီး လူမသိတဲ့ တဦးစ နှစ်ဦးစ အဖြစ်အပျက်တွေလည်း အများအပြားရှိနိုင်ပါတယ်။
ခုနောက်ဆုံး ဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကံကြီးတော ကျေးရွာက ကက်သလစ် သာသနာက ဘုန်းတော်ကြီး ဒေါ်နယ်မာတင် ကို လက်နက်ကိုင်တစုက သတ်ဖြတ်စွန့်ပစ်ထားခဲ့ကြတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ မြန်မာဘုရင်တွေ ခေတ်ကတည်းက နေထိုင်ခဲ့ကြတဲ့ ကက်သလစ် ခရစ်ယာန် ကိုးကွယ်တဲ့ ကျေးရွာတွေ အများအပြားရှိကြပါတယ်။ ယခုသတ်ဖြတ်ခံရတဲ့ ဘုန်းတော်ကြီး ဒေါ်နယ်မာတင် ဟာ အဆိုပါ ကျေးရွာမှာရှိတဲ့ ဘုရားကျောင်းမှာ သာသနာတာဝန်ထမ်းဆောင်နေတဲ့ ဘုန်းတော်ကြီးဖြစ်ပြီး ဓားနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစုက ဘုရားကျောင်းထဲဝင်ရောက်လာပြီး ဘုန်းတော်ကြီးကို ဓားနဲ့ ခုတ်ထစ်သတ်ဖြတ်ခဲ့တယ်လို့ သတင်းဖော်ပြထားကြပါတယ်။
သတ်ဖြတ်တဲ့ အကြောင်းရင်းကို မသိရှိကြရသေးပဲ မန္တလေး ကက်သလစ်သာသနာက ကြေညာချက် ထုတ်ပြန်ရာမှာ “Father Donald Martin ရဲနိုင်ဝင်းနှင့် အတူ အပြစ်မဲ့သူများစွာ၏ သွေးမြေကျကာ အသက်နှင့်ခန္ဓာပေးဆပ်ရခြင်းတို့သည် နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ဆက်ကပ်ပူဇော်ခြင်း ဖြစ်ပါစေ” လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့အပြင် “... အပေါ် ကျူးလွန်ခဲ့သော မတရားမှုသည် အလွယ်တကူ မေ့ပျောက်သင့်သော အရာတခု မဟုတ်ပါ။ ထို့ကြောင့် နောက်နောင် ဤကဲ့သို့ အမှုမျိုး ထပ်မံမဖြစ်စေရေးအတွက် တာဝန်ယူမှုပြည့်ဝစွာဖြင့် ကျူးလွန်သူတို့အား ထိုက်သင့်သော အရေးယူခြင်းနှင့် တရားမျှတမှုကို ဖော်ဆောင်ပေးကြပါရန် တာဝန်ရှိသူတို့အား တိုက်တွန်းပါသည်” လို့လည်း ဖော်ပြထားပါတယ်။
အခု ဖြစ်ရပ်ကို သတင်းမီဒီယာအများအပြားက ဖော်ပြနေကြပြီး ဒီဖြစ်ရပ်က မြန်မာနိုင်ငံတင်မကပဲ နိုင်ငံတကာ သတင်းမီဒီယာတွေမှာလည်း အများအပြားဖော်ပြလာကြမယ့် အနေအထားဖြစ်ပါတယ်။ ကက်သလစ် သာသနာက ဘုန်းတော်ကြီးတပါးကို လက်နက်ကိုင်လူတစုက သတ်ဖြတ်တယ်ဆိုတဲ့ အဖြစ်က မြန်မာနိုင်ငံတင်မက နိုင်ငံတကာ ပရိသတ်ရဲ့ စိတ်ဝင်စားမှု ခံရစေနိုင်တဲ့ သတင်းဖြစ်သလို PDF လက်နက်ကိုင် အဖွဲ့တွေရဲ့ ဂုဏ်သတင်းကို ထိပါးစေမှာ အမှန်ပင်ဖြစ်ပါတယ်။
အချို့သော ဆိုရှယ်မီဒီယာသုံးစွဲသူတွေကတော့ အခုလို ခရစ်ယာန်ဘုန်းတော်ကြီး အသက်သေဆုံးရတဲ့ ဖြစ်စဥ်လိုပဲ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ အများအပြားရှိခဲ့ပေမယ့် အခုလို အရေးထားမခံရတဲ့အကြောင်း ရေးသားနေကြတာလည်း တွေ့ရပါတယ်။ အခုလို ရှုထောင့်က ဆွေးနွေးပြောဆိုတာဟာ အချက်အလက်အားဖြင့် မှန်ကန်ပါတယ်။ မကြာခဏ သတ်ဖြတ်ခံရတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ သတ်ဖြတ်ခံရမှုက ဖြစ်နေကျ ဖြစ်စဥ်လို လူတွေရဲ့ အမြင်မှာ မှတ်ယူလာခြင်းကြောင့် အဆိုပါ ဖြစ်ရပ်တခုချင်းစီက မထင်မရှား သတင်းတပုဒ်အဖြစ် အချိန်တန် ကွယ်ပျောက်သွားခဲ့တဲ့ အနေအထားဖြစ်ပြီး အခုလို လူများစုမဟုတ်တဲ့ ခရစ်ယာန်ဘာသာဝင် ဘုန်းတော်ကြီး သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်က လူအများရဲ့ အာရုံစိုက်မှုကို ခံရတဲ့ သဘောလို့ မှတ်ယူနိုင်မယ် ထင်ပါတယ်။ ဒီဖြစ်ရပ်ကို အရင်းတည်ပြီး တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ အရပ်သားတွေကို သတ်ဖြတ်မှုတွေ နောက်ထပ်မဖြစ်ပွားအောင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိလာပြီ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ တာဝန်ခံမှုကတော့ မဝေးတော့တဲ့ နေ့ရက်မှာ တာဝန်ခံရမယ့် အချိန်ရောက်လာလိမ့်မှာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တာဝန်ခံမှုကိုတော့ နေ့ည မဆိုင်းပဲ ဖော်ဆောင်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar