Breaking News

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်ဖို့ သဘောတူခြင်း နောက်ကွယ်နဲ့ နောက်ဆက်

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၀ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၅


တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်ဖို့ သဘောတူခြင်း နောက်ကွယ်နဲ့ နောက်ဆက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းလို့ သိရှိထားခဲ့ကြတဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ဝန်းကျင်မှာ စစ်ကောင်စီ စခန်းတွေ၊ မြို့တွေနဲ့ နယ်မြေတွေကို မြောက်ပိုင်းညီနောင် လက်နက်ကိုင် အဖွဲ့  ၂ ဖွဲ့အနက် TNLA နဲ့ MNDAA တို့က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြရာက ယခုလ ၁၈ ရက်နေ့ ကူးပြောင်းချိန်ကစလို့ အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်အဖွဲ့တွေက သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ဒီသတင်းက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အဖို့ အံ့အားသင့်စရာ မဟုတ်ပေမယ့် NUG အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF လက်နက်ကိုင်အဖွဲ့တွေအဖို့ အံ့အားသင့်စရာ သတင်းဖြစ်လိမ့်မှာ သေချာပါတယ်။ ဘာကြောင့် အံ့အားသင့်ကြရသလဲ ဆိုရင် ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းမြောက်ဒေသရဲ့ စစ်တိုင်းဌာနချုပ် ဖြစ်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ဦးဆောင်မှုနဲ့  စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အခြားသော လက်နက်ကိုင်တပ်တွေပါ ပူးပေါင်းပါဝင်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အပြင်းထန်ဆုံး စစ်ဆင်ရေးတွေ ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ အထက်ပါ စစ်ပွဲဖြစ်ပွားမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ ၄င်းတို့ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဖိအားပေးလာခဲ့ရာက အခု ဇန်နဝါရီလလယ်မှာ အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးတဲ့ အခြေဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုလို အပစ်ရပ်ဖို့ သဘောတူညီမှု လက်မှတ်ထိုးအပြီး တရုတ်နိုင်ငံက ဝ၊ ကိုးကန့်နယ် တို့ဆက်သွယ်ထားတဲ့ ဖောင်းဆိပ်တံတားက တဆင့် ကိုးကန့်နယ်ထဲကို တရားဝင် ကုန်စည်ကူးသန်းခွင့် ပြုလိုက်ကြောင်း UWSA ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကြေညာလိုက်တယ်လို့ Wa News Land သတင်းပေ့ချ်က ထုတ်ပြန်ခဲ့ပါတယ်။  UWSA က စီမံခန့်ခွဲတယ်လို့ ယူဆရတဲ့ အဆိုပါ သတင်းပေ့ချ်က သတင်းခေါင်းစဥ်ကို ကနဦး ရေးသားထားရာမှာ “တရုတ်ပြည်အစိုးရရဲ့ ညွှန်ကြားချက်အရ “ဝ”ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြု” လို့ ရေးသားခဲ့ပြီး နာရီပိုင်းအကြာမှာ “တရုတ်ပြည်အစိုးရရဲ့ အကြောင်းကြားချက်အရ” လို့ သတင်းခေါင်းစဥ်ထဲက စကားလုံးအသုံးအနှုန်းကို အနည်းငယ် ပြန်လည်ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။ “တရုတ်ပြည်အစိုးရရဲ့ ညွှန်ကြားချက်အရ” လို့ဆိုတဲ့ ကနဦး အသုံးအနှုန်းက လက်ရှိ ဒီဒေသတွေမှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာဘယ်လောက်က သက်ရောက်သလဲဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာကို ထင်ဟပ်စေပါတယ်။ 

အခုလို အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက် သဘောတူလိုက်တာရဲ့ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံဘက်က ကိုးကန့်နဲ့ တရုတ်နိုင်ငံကြားက နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုလိုက်ပြီး ကုန်းတွင်းပိတ် ဒေသတွေ ဖြစ်တဲ့ ကိုးကန့်ဒေသ၊ ဝ ဒေသတို့အဖို့ တရုတ်ဘက်က ကုန်စည်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပါတယ်။ ချင်းရွှေဟော်၊ လောက်ကိုင်တွေက တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဟာ အခုလို စစ်ပွဲတွေ မဖြစ်ခင်ကာလတွေက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကုန်သွယ်ရေး ဂိတ်တွေ ဖြစ်ကြပြီး မူဆယ်နယ်စပ်ဂိတ် ပြီးရင် အစည်ကားဆုံး ကုန်သွယ်ရေးစခန်းတွေလည်း ဖြစ်ခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ ဖြစ်လာပြီးနောက်မှာတော့ ကုန်သွယ်ရေး လမ်းကြောင်းတွေပေါ်က လမ်းတွေကို လက်နက်ကိုင် အသီးသီးက ထိန်းချုပ်ထားကြသလို စစ်ဆင်ရေးကာလ တိုက်ပွဲတွေအတွင်း လမ်းတံတားတွေ ဖောက်ခွဲဖျက်ဆီးခံရတာ လက်နက်ကြီး ထိမှန်တာတွေနဲ့ ပြတ်တောက်နေပြီ ဖြစ်ပါတယ်။ ယခင်က ၁နာရီလောက်သာ ကားနဲ့ သွားရတဲ့ခရီးကို အခုလိုအခြေအနေမှာ ၄ နာရီ သို့မဟုတ် နေ့ဝက်လောက် အချိန်ပေးပြီး ကွေ့ပတ်သွားလာနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ ပြည်ထောင်စု ကားလမ်းမပေါ်က တံတားတချို့ကိုတော့ မကြာသေးခင်ကာလတွေက ပြန်လည်ပြင်ဆင်ဖို့ MNDAA၊ TNLA တို့က လုပ်ဆောင်နေကြပါတယ်။ ယာယီအသုံးပြုဖို့ ဘေလီတံတား ထိုးတာမျိုးတွေလုပ်ဆောင်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ပြန်ဖွင့်တယ် ဆိုပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကုန်စည်တင်ပို့မှု တင်သွင်းမှု လုပ်ဆောင်နိုင်တဲ့ အခြေအနေမဟုတ်ဘဲ ဒေသတွင်း စားသုံးမှုနဲ့ ဒေသတွင်းက ထွက်တဲ့ ကြံလို စိုက်ပျိုးရေးကုန်ကြမ်းတွေ အဓိကထား ရောင်းဝယ် တင်သွင်းကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနယ်စပ်နဲ့ နယ်စပ်ကုန်သွယ်ရေး အချက်အချာ မြို့ဖြစ်တဲ့ မန္တလေးမြို့တို့အကြား လက်နက်ကိုင် တဖွဲ့မက ထိန်းချုပ်ထားသလို နယ်မြေတည်ငြိမ်မှုရှိတဲ့ အနေအထားလည်း မဟုတ်ပါဘူး။ ရန်ကုန်၊ မန္တလေးမြို့တို့လိုကနေ နယ်စပ်ဒေသတွေကို ရိက္ခာနဲ့ အခြားကုန်စည်သယ်ဆောင်မှုတွေကို စစ်ကောင်စီက ကန့်သတ်တာတွေ လုပ်နေသလို ပုံမှန်အခြေအနေမျိုးမဟုတ်တဲ့ အခွန်အကောက်နှုန်းထားတွေ၊ လမ်းခရီးမှာ အချိန်လင့်တာတွေက ကုန်သွယ်မှုကို တားဆီးထားတဲ့အချက်တွေ ဖြစ်နေပါသေးတယ်။ 

နယ်စပ်ကုန်သွယ်ရေးက နိုင်ငံရဲ့ စီးပွားရေး ဆိုတာထက် ပိတ်ဆို့ခံထားရတဲ့ ဒေသမှာ နေထိုင်နေကြသူတွေအတွက် အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ သယ်ဆောင်ရရှိဖို့သာ အဓိက ဖြစ်နေသေးတဲ့ အနေအထား ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နယ်စပ်ပိတ်ဆို့မှု ဖိအားပေးမှုက အောင်မြင်တာလား သို့မဟုတ် အခြားသော အခြေအနေအကြောင်းအချက်တွေက အခုလို အပစ်ရပ်ဖို့ သဘောတူမှု ရစေတာလား ဆိုတာ အခုအချိန်မှာ ကောက်ချက်ချဖို့တော့ ခက်ခဲပါသေးတယ်။ 

လတ်တလော နိုင်ငံရေး စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲတွေက နွေဦးတော်လှန်ရေး လက်နက်ကိုင်နည်းလမ်းနဲ့ စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲ ဆိုတဲ့ မေးခွန်းက အဓိက ကျတဲ့မေးခွန်းတခု ဖြစ်လာပါတယ်။ မြောက်ပိုင်းလက်နက်ကိုင် ညီနောင် ၃ ဖွဲ့က စစ်ကောင်စီ ပြုတ်ကျရေး လက်နက်ကိုင် တိုက်ခိုက်မှုမှာ အဆုံးတိုင် တိုက်ခိုက်သွားမယ်ဆိုတဲ့ မျှော်လင့်ချကက်ကို ကြားက ရပ်တန့်အောင် ကြိုးစားမှုအဖြစ် NUG ၊ PDF လက်နက်ကိုင်အဖွဲ့တွေက မြင်ကြလိမ့်မှာ အသေအချာ ဖြစ်ပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ စူပါပါဝါ နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဖြစ်စေချင်တဲ့ အခင်းအကျင်းနဲ့ ဖိအားကို ဆန့်ကျင်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကို လက်တွေ့ တွေ့မြင်လိုက်ကြရတာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ပြီးဆုံးလုနီးဖြစ်သွားပြီလား ဒီဒေသမှာ နောက်ပိုင်း ပေါ်ထွက်လာမယ့် လက်နက်ကိုင်တိုက်ပွဲတွေမှာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေအကြား ဘယ်လို အင်အားစုစည်းကြမလဲဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar